24th June, 2022

ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်

ကိုယ်လျှောက်ထားတဲ့အလုပ်နေရာကို ရဖို့အတွက် အင်တာဗျူးဖြေတဲ့အချိန်ဟာ အရေးအပါဆုံးဖြစ်ပါတယ်။ အဲ့ဒီအတွက် အလုပ်အင်တာဗျူးဖြေတဲ့အခါ ကိုယ့်ကိုအလုပ်ခန့်ချင်သွားအောင် ဘယ်လိုပြုမူရမလဲဆိုတာ အရေးကြီးသွားပါပြီ။

 

၁) ၁၀ - ၁၅ မိနစ် စောပြီး ရောက်အောင်သွားပါ

အင်တာဗျူးထားတဲ့အချိန်ထက်နောက်ကျပြီးမှ ရောက်သွားလို့ လုံးဝမဖြစ်ပါဘူး။ ချိန်းထားတဲ့အချိန်ထက် အနည်းဆုံး ၁၀ မိနစ်လောက် စောစောရောက်သွားရင် ကိုယ့်အတွက် အမှတ်တိုးပါတယ်။

၂) ယဉ်ကျေးပျူငှာပါစေ

ဧည့်ကြိုကောင်တာက ဝန်ထမ်းတွေကိုကအစ ချိုချိုသာသာနှုတ်ဆက်လိုက်လို့ ကိုယ့်အတွက် နစ်နာသွားစရာမရှိပါဘူး။ပြီးတော့ ကိုယ့်ကိုစောင့်ကြည့်အကဲခတ်နေသူတွေထဲမှာ သူတို့တွေကလည်း အပါအဝင်ပါပဲ။ အင်တာဗျုးဖြေနေတုန်းမှာလည်း အလ္လာပ သလ္လာပစကားတွေ ပြောလာတဲ့အခါ ကိုယ့်အနေနဲ့ နားလည်မှုမလွဲဖို့ လိုပါတယ်။ အဖွဲ့အစည်းနဲ့ လုပ်ကိုင်တဲ့အခါ ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို အကဲခတ်လိုတဲ့အတွက် မေးတာလည်း ဖြစ်နိုင်ပါတယ်။

၃) မျက်လုံးချင်းဆက်သွယ်ပါ

ကိုယ့်ကို မေးကြမယ့်လူတွေက ကုမ္ပဏီပိုင်ရှင် အပါအဝင် အထက်လူကြီးတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပြောဆိုဆက်ဆံပုံတွေကိုပါ အကဲဖြတ်ကြမှာဆိုတော့ ကြောက်လန့်ပြီး မျက်လုံးချင်းမဆုံရဲဘူးဆိုရင် သူတို့က အထင်သေးသွားနိုင်တယ်။ ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ပြောပါ။

၄) CV အပို ယူသွားပါ

အလုပ်လျှောက်ကတည်းက ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ အလုပ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကို ပို့ပေးထားတာ မှန်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမယ့်လူတွေအတွက် အပိုတစ်စုံလောက် ထည့်သွားပေးလိုက်လို့လည်း အပန်းမကြီးဘူးထင်ပါတယ်။ သူတို့အမြင်မှာ ကိုယ့်ကိုပိုရင်းနှီးသွားစေတယ်။ ပိုပြီးစေ့စပ်တဲ့သူအဖြစ်လည်း အထင်ကြီးသွားစေတယ်။

၅) မေးခွန်းတွေမေးတတ်ပါစေ

အလုပ်အင်တာဗျူးတွေ ဝင်တဲ့အခါ အလုပ်ခန့်မယ့်သူဘက်က အရင်ဆုံး မေးမြန်းလေ့ရှိတယ်။ သူတို့သိချင်တဲ့အချက်အလက်တွေကို မေးပြီးတဲ့အခါ ကိုယ့်ဘက်က မေးစရာရှိမရှိကိုလည်း ထပ်မေးပါသေးတယ်။ အဲ့ဒီလိုပြောလာခဲ့ရင် ကိုယ်သိချင်တာတွေကို မေးခဲ့ပါ။ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်တွေ တာဝန်ခံရမယ့်ကိစ္စတွေနဲ့ အပြန်အလှန်အကျိုးခံစားခွင့်တွေကအစ မေးနိုင်ပါတယ်။ အလုပ်တာဝန်နဲ့ပတ်သက်တဲ့ကဏ္ဍတွေကို မေးဖို့အတွက်တော့ သူတို့ဘက်က စကားကမ်းလှမ်းတဲ့အထိ မစောင့်ပါနဲ့။ ကိုယ်က အရင်ဆုံးဦးအောင် မေးလိုက်တာ ပိုကောင်းပါတယ်။ စကားစကို ပိုဆွဲထားနိုင်လေလေ ကိုယ့်အတွက် အခွင့်အလမ်း ပိုများလေလေပါပဲ။

၆) သေသေချာချာလက်ဆွဲနှုတ်ဆက်ခဲ့ပါ

အင်တာဗျူးတစ်လျှောက်လုံး ချောမွေ့အဆင်ပြေနေတာမျိုးက ဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမဲ့ အပြုံးမပျက် ဖြေခဲ့ဖို့ အရေးကြီးသလို ပြီးသွားရင်လည်း လက်ဆွဲနှုတ်ဆက်ခဲ့ပါဦး။ ဖြစ်ကတတ်ဆန်း နှုတ်ဆက်တာမျိုးမဟုတ်ဘဲ လက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး နှုတ်ဆက်ခဲ့ပါ။ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောခဲ့ဖို့ မမေ့ပါနဲ့။