“မိုးရာသီဆိုတာဟာ ချစ်ခြင်းနဲ့ လွမ်းဆွတ်ခြင်း၊ မျှော်လင့်ချက်နဲ့ ကြောက်ရွံ့မှု၊ ကြည်နူးမှုနဲ့ နာကျင်မှု၊ စွဲလမ်းမှုနဲ့ ပျော်ရွှင်မှု အစရှိတဲ့ခံစားချက်တွေကို မိုးစက်တွေနဲ့အတူဖော်ပြနေတဲ့ရာသီတစ်ခုပဲဖြစ်ပါတယ်” လို့ ဖော်ညွှန်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ရုံးဝန်ထမ်းတွေ အထူးသဖြင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အလုပ်လုပ်ကြတဲ့ဝန်ထမ်းတွေအတွက်ကတော့ မိုးရာသီဆိုတာဟာ သက်တောင့်သက်သာနဲ့ စမတ်ကျမှုကို မနက်ခင်းမိုးစက်တွေနဲ့အတူ ဖြတ်သန်းရုန်းကုန်ရတဲ့ရာသီတစ်ခုပဲ ဖြစ်ပါတယ်။
မိုးရာသီနဲ့ပတ်သက်ရင် အားလုံးလိုလိုကတော့ တဖြောက်ဖြောက်ရွာကျနေတဲ့မိုးစက်တွေ၊ မြေသင်းရနံ့တွေ၊ လတ်ဆတ်သန့်ရှင်းတဲ့လေနဲ့ စိမ်းလန်းနေတဲ့သစ်ပင်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့လည်း ရုံးတက်ရုံးဆင်းမှာ စိုစွတ်နေတဲ့လမ်းတွေ၊ လမ်းလျှောက်ရင်းခြေထောက်ညစ်ပေလာတာတွေ၊ ကြပ်ပိတ်သိပ်နေတဲ့ဘတ်စ်ကားတွေ အစရှိတာတွေဟာ ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကို ကြည့်ပျော်ရှုပျော်မရှိစေတဲ့အတွက်ကြောင့် မိုးရာသီဟာ နေ့စဉ်ရုံးတက်ရုံးဆင်းလုပ်ရတဲ့သူတွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ နောက်ပြီး မိုးရာသီမှာ သက်သောင့်သက်သာနဲ့ သင့်တော်ပြီး စမတ်ကျတဲ့ရုံးတတ်ဖက်ရှင်ကိုရွေးချယ်ပြီး ဝတ်ဆင်ရတာဟာလည်း တော်တော်လေးကိုခက်ခဲပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ရုံးမှာက ရုံးတတ်ဝတ်စုံနဲ့ပတ်သက်ပြီး အရမ်းကိုစနစ်တကျဝတ်ရတာ ဒါမှမဟုတ် စည်းကမ်းတင်းကြပ်တယ်ဆိုရင် ပိုလို့တောင်စဉ်းစားရခက်ပါသေးတယ်။ အဲဒါကြောင့် မိုးရာသီတိုင်းမှာ ဘယ်လိုသက်သောင့်သက်သာနဲ့ စမတ်ကျတဲ့ရုံးတတ်ဖက်ရှင်ကိုရွေးချယ်ပြီး ဝတ်ဆင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ဘယ်လိုအရောင်မျိုးတွေကိုရွေးချယ်မလဲ
ထိုင်းမှိုင်းနေတဲ့မိုးရာသီကို အပြာရောင်၊ အနီရောင်၊ လိမ္မော်ရောင်နဲ့ အဝါရောင်အစရှိတဲ့ အရောင်တွေနဲ့အနိုင်ယူလိုက်ပါ။ ဒါပေမဲ့ အဖြူရောင်ကိုတော့ ဖြစ်နိုင်မယ်ဆိုရင် မိုးတွင်းတစ်တွင်းလုံးမှာ ခဏလောက်တော့ရှောင်လိုက်ပါ။ မိုးတွင်းမှာ အဖြူရောင်ကိုဝတ်ဆင်ခြင်းက မိုးရေစိုတဲ့အခါမှာအတွင်းကိုဖောက်ပြီးမြင်ရတဲ့အပြင် စွန်းထင်းညစ်ပေလွယ်တဲ့အတွက်ကြောင့် မဝတ်ဆင်သင့်ပါဘူး။ အင်္ကျီင်္ီအရောင်ရွေးချယ်တဲ့အခါမှာ အပြာရောင်၊ ပန်းရောင်ကနေစပြီး အနီရောင်အထိရွေးဝတ်နိုင်ပါတယ်။
ဘောင်းဘီအရှည်နဲ့ စကပ်အရှည်တွေကိုရှောင်ပါ
မိုးရေစိုစွတ်နေတဲ့ရုံးအလာလမ်းမှာ ဘောင်းဘီအရှည်တွေနဲ့ စကပ်အရှည်တွေဟာ မိုးစင်၊ ရွှံ့စင်နဲ့ အလွယ်တကူညစ်ပတ်လွယ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေအနေနဲ့ အဲဒါတွေကို မိုးတွင်းမှာမဝတ်သင့်ပါဘူး။ အဲဒီလိုအရှည်တွေဝတ်မယ့်အစား ဒူးဖုံးရုံးဝတ်စကပ်အတို ဒါမှမဟုတ် ခြေသလုံးအလယ်လောက်အထိရှည်တဲ့ စတိုင်ဘောင်းဘီလိုမျိုးတွေကို ဝတ်ဆင်သင့်ပါတယ်။ အမျိုးသားတွေအတွက်ကတော့ ဘောင်းဘီအတိုဟာ ရုံးဝတ်ဖို့အတွက်မသင့်တော်ပါဘူး။ ဒါဆိုရင် ဘောင်းဘီအရှည်နဲ့ တစ်လမ်းလုံးမိုးတွေစို ရွှံ့တွေစင်ပြီးလာရမှာကိုသဘောမကျဘူးဆိုရင်တော့ ခြေမျက်စီအထက်ပိုင်းအထိခေါက်ထားတဲ့စတိုင်ဘောင်းဘီမျိုးတွေဖြစ်တဲ့ Cropped Trousers တို့ angle-length pants မျိုးတွေဟာ ရုံးလုပ်ငန်းခွင်နဲ့လည်းအဆင်ပြေစေပြီး သက်သောင့်သက်သာစမတ်ကျစေပါတယ်။
ဂျင်းဘောင်းဘီကိုရှောင်ပါ
မိုးတွင်းမှာဂျင်းအသားအထည်တွေကိုဝတ်ဆင်တာဟာ ယေဘူယျအားဖြင့်တော့ ကောင်းမွန်တဲ့အရာတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျင်းဘောင်းဘီဝတ်လာပြီး မိုးမိသွားမယ်ဆိုရင်တော့ တစ်နေ့လုံးစိုစိုစိစိကြီးဖြစ်ပြီးနေရပါလိမ့်မယ်။ ဂျင်းအသားလိုမျိုးပဲ ဂွမ်းသားတွေနဲ့ တခြားအသားထူတဲ့အထည်တွေကို မဝတ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုအသားထူတဲ့အဝတ်အထည်တွေက မိုးရေစိုသွားရင် မြန်မြန်မခြောက်လွယ်တော့ပါဘူး။ အဲဒါကြောင့် မြန်မြန်ခြောက်လွယ်တဲ့ ပေါ့ပေါ့ပါးပါးအထည်တွေနဲ့ အသားတွေကို ရွေးချယ်ပြီးဝတ်ဆင်သင့်ပါတယ်။
မိုးကာအက်ႌနဲ႔ အေပၚထပ္ကုတ္အက်ႌ
မိုးကာအင်္ကျီတွေနဲ့ အပေါ်ထပ်ကုတ်အင်္ကျီတွေကလည်း ကိုယ့်ရဲ့မိုးတွင်းရုံးတက်ဖက်ရှင်ကို ပိုပြီးပြည့်စုံအောင် ပြုလုပ်ပေးနိုင်ပါတယ်။ မိုးအရမ်းသည်းတဲ့နေ့တွေမှာဆိုရင် ထီးတစ်ခုတည်းက ကိုယ့်ကိုမိုးလုံအောင် မလုပ်ပေးနိုင်တော့ပါဘူး။ ဒါဆိုရင် အပေါ်ပိုင်းမိုးကာအင်္ကျီတွေ ဒါမှမဟုတ် ကုတ်အင်္ကျီအရှည်တွေက ကိုယ့်ကိုမိုးပိုပြီးလုံစေသလို အအေးဒဏ်ကနေလည်း ကာကွယ်ပေးပါလိမ့်မယ်။
ဘာဖိနပ်ဝတ်ရင်ပိုကောင်းမလဲ
သားရေရှုးဖိနပ်တွေ၊ ကတ္တီပါဖိနပ်တွေ၊ ရိုးရိုးခြေညှပ်ဖိနပ်တွေဟာ မိုးတွင်းနဲ့လုံးဝမလိုက်ဖက်တဲ့အရာတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ မိုးရေစိုရင်လွယ်လွယ်နဲ့ ခြောက်လွယ်တဲ့ဖိနပ်တွေမဟုတ်တဲ့အပြင် မြန်မြန်ပျက်စီးလွယ်ပါတယ်။ အဲဒါတွေအစား ဂျယ်လီရှုးဖိနပ်တွေ၊ ရှုးဖိနပ်အပါးတွေနဲ့ တခြားမိုးရေအစိုခံပြီးအကြမ်းခံပြီး ချော်မထွက်စေမယ့် ဖိနပ်မျိုးတွေကိုဝတ်ဆင်ပါ။ ကိုယ့်အနေနဲ့က ဖိနပ်အမြင့်ကိုမှစီးချင်တယ်ဆိုရင်တော့ စိုစွတ်နေတဲ့လမ်းပေါ်မှာမချော်ထွက်သွားအောင် ပြုလုပ်ပေးနိုင်တဲ့ဒေါက်အမြင့်လိုမျိုးကိုဝတ်ဆင်ပါ။ လျော့တိလျော့ရဲခြေညှပ်ဖိနပ်တွေနဲ့ ကြိုးသိုင်းဖိနပ်တွေက လမ်းလျှောက်ရင် ရွှံ့ပြန်စင်တတ်လို့ အဲဒီဖိနပ်တွေကိုလည်းသတိထားသင့်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ရုံးမှာက ရုံးတွင်းဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး အရမ်းစည်းကမ်းတွေတင်းကြပ်တယ်ဆိုရင် ရုံးမှာစီးခွင့်ပေးထားတဲ့ဖိနပ်တစ်ရံ ဥပမာ ရှုးဖိနပ်တစ်ရံကို ရုံးမှာအပိုဆောင်ထားလိုက်ပါ။ ဒါဆိုရင် ရုံးချိန်မှာလိုအပ်လာရင် လွယ်လွယ်ကူကူထုတ်စီးလို့ရပါတယ်။
မိတ်ကပ်နဲ့ ဆံပင်
မိုးတွင်းရဲ့အစိုဓာတ်တွေဟာ ကိုယ့်ရဲ့ဆံပင်ကိုရှုပ်ယှက်ခပ်အောင်ဖြစ်စေမယ်ဆိုရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ ဆံပင်ကိုစည်းထားတာပဲဖြစ်ဖြစ်၊ ကျစ်ဆံမြီးကျစ်ထားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးဆံထုံးလေးတွေကို ထုံးထားပဲဖြစ်ဖြစ် လုပ်ထားတာဟာ ကိုယ့်ရဲ့ပုံစံကိုသပ်သပ်ရပ်ရပ်နဲ့ကြည့်လို့ကောင်းစေပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း ရေစိုခံတဲ့အောက်ခံမိတ်ကပ်၊ မျက်တောင်ကော့ဆေးနဲ့ eye-liner တွေကို အသုံးပြုပေးသင့်ပါတယ်။ အရေးကြီးတာကတော့ မျက်နှာမှာမိတ်ကပ်တွေကွက်မနေအောင် တစ်သားတည်းကျအောင်လိမ်းတတ်ဖို့ပါပဲ။
တချို့ရုံးတွေကတော့ မြန်မာဝတ်စုံပဲဝတ်ခွင့်ရှိပါတယ်။ အဲဒီအခါမှာဆိုရင်တော့ လုံချည်တွေ၊ ပုဆိုးတွေက မိုးတွင်းမှာသွားလာရခက်ခဲပြီး မိုးရေစိုသွားရင်လည်းမြန်မြန်ပြန်ခြောက်ဖို့ခက်ခဲတယ်ဆိုရင် အင်္ကျီအပိုတစ်စုံကို ကိုယ့်ရဲ့ရုံးမှာဖြစ်ဖြစ် အိတ်ထဲမှာပဲဖြစ်ဖြစ် ဆောင်ထားဖို့မမေ့ပါနဲ့။ တကယ်တော့ မိုးရာသီဟာထိုင်းမှိုင်းစိုစွတ်နေတဲ့ရာသီဖြစ်ပေမဲ့လည်း အရောင်တောက်တောက်လွင်လွင်နဲ့ ကိုယ့်ရဲ့ရုံးတက်ဖက်ရှင်ကို ပြီးပြည့်စုံအောင်ပြုလုပ်နိုင်တဲ့ရာသီမျိုးဖြစ်လို့ စမတ်ကျကျသက်သောင့်သက်သာနဲ့ မိုးရာသီကိုဖြတ်သန်းလိုက်ကြရအောင်။