14th February, 2020

လုပ်ငန်းခွင်မှာဇာတ်လမ်းလေးတွေရှိခဲ့ရင်

ဖေဖော်ဝါရီလလို့ဆိုလိုက်ပြီဆိုရင် အများစုရဲ့စိတ်ထဲမှာ အချစ်သင်္ကေတတွေကို ပြေးမြင်မိပါလိမ့်မယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကိုနီးလာပြီဆိုရင်တော့ အချစ်တွေကလေထဲမှာပိုပြီးပျံဝဲနေပါပြီ။ လုပ်ငန်းခွင်ရောက်ဝင်ရောက်နေတဲ့သူတစ်ယောက်ဆိုရင် လုပ်ငန်းခွင်မှာစတင်ပွင့်လန်းတော့မယ့် ရုံးတွင်းအချစ်ဇာတ်လမ်းတွေကို မြင်တွေ့ကောင်းမြင်တွေ့ရပါလိမ့်မယ်။

အလုပ်မှာတစ်နေ့တစ်နေ့ကုန်ဆုံးရတဲ့အချိန်ပမာဏကြောင့် အတူတူထိုင်ရတဲ့ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝနဲ့ အသက်မွေးဝမ်းကြောင်းဘဝတွေဟာ တခါတလေမှာ ရောယှက်သွားတတ်ပါတယ်။ တချို့ဆက်ဆံရေးတွေဟာ အချစ်ဇာတ်လမ်းတွေမဟုတ်ပေမဲ့လည်း အရမ်းကိုနီးကပ်တဲ့ဆက်ဆံရေးတွေ ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုနီးကပ်တဲ့မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးကနေ အချစ်ဇာတ်လမ်းတွေအဖြစ် ကြီးထွားလာတော့မယ်ဆိုရင်တော့ သတိထားရပါတော့မယ်။

တကယ်လို့မြန်း ကိုယ့်အနေနဲ့လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့တွဲဖို့ဖြစ်လာတယ် ဒါမှမဟုတ် စပြီးတွဲဖို့စဉ်းစားနေတယ်ဆိုရင် ကိုယ်နဲ့ကိုယ်အလေးထားရတဲ့သူအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ၊ နာကျင်စရာတွေနဲ့ အရှက်ရစရာတွေကို ဖြစ်နိုင်တဲ့အရာတွေအားလုံးကိုကြိုတင်စဉ်းစားပြီး အဲဒါနဲ့ပတ်သက်လို့ တည်ငြိမ်ရင့်ကျက်ကာ တာဝန်ယူတတ်တဲ့အရာမျိုးတွေလုပ်ဆောင်သင့်ပါတယ်။ အဲဒါကြောင့် အချစ်ပိုးကောင်လေးအကိုက်ခံလိုက်ရလို့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတွေရှိကြတဲ့ ကျူးပစ်လေးတွေစောင့်ထိန်းသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ကုမ္ပဏီရဲ့ HR ပေါ်လစီတွေကိုကြည့်ပါ

အဖွဲ့အစည်းအများစုမှာ လုပ်ငန်းခွင်အလေ့အထဆက်ဆံရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့သီးသန့်ကိုယ်ပိုင်မူဝါဒတွေကို ချမှတ်ထားကြပါတယ်။ ဥပမာ ရုံးတွင်းချစ်ကြိုက်နေကြတဲ့နှစ်ယောက်မှာ တစ်ယောက်က အခြားတစ်ယောက်အထက်လူကြီးဖြစ်နေမယ်ဆိုရင် ကျန်တဲ့အဖွဲ့သားတွေရဲ့ကြားမှာ စောဒကတက်မှုတွေ၊ ပဋိပက္ခတွေနဲ့ မလိုလားအပ်တဲ့ပူးပေါင်းလိမ်လည်မှုတွေ ဖြစ်လာနိုင်တာကြောင့် တချို့ကုမ္ပဏီတွေမှာဒီလိုကိစ္စမျိုးတွေကို မျက်မှောင်ကြုံပြီး ခွင့်မပြုထားကြပါဘူး။ စိတ်အချရဆုံးအရာကတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို ကိုယ့်ရုံးက HR ဌာနမှာတိုက်ရိုက်သွားမေးလိုက်ပါ။ တကယ်လို့ HR ပေါ်လစီမှာ အဲဒါနဲ့ပတ်သက်လို့ သတ်သတ်မှတ်မှတ်ရှင်းရှင်းလင်းလင်း တရားဝင်ဖော်ပြထားတဲ့စာမရှိဘူးဆိုရင်တော့ လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကိုယ့်အလုပ်ရဲ့အလေ့အထတွေနဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်းဘယ်လိုမျိုး ပြုမူဆက်သွယ်ပြောဆိုကြသလဲဆိုတာကို သေချာနားလည်သိမြင်အောင် ပြုလုပ်ကြည့်ပါ။ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူ ဒါမှဟုတ် ကိုယ်မွေးဖွားကြီးပြင်းလာတဲ့နေရာကယဉ်ကျေးမှုနဲ့မတူညီတဲ့ အဖွဲ့အစည်းတစ်ခုမှာအလုပ်လုပ်နေတဲ့သူဆိုရင် လုပ်ငန်းခွင်အလေ့အထကို နားလည်အောင်ပြုလုပ်ဖို့က အထူးသဖြင့် အရေးပါတဲ့အလုပ်ဖြစ်ပါတယ်။

၂။ လုပ်ငန်းခွင်မှာဘယ်လိုပြုမူနေထိုင်မလဲဆိုတာကို သဘောတူညီမှုထားပါ

ကိုယ်နဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်ရဲ့ဆက်ဆံရေးဟာ ချစ်သူရည်းစားဆက်ဆံရေးဖြစ်သွားပြီဆိုတာကို  အခြားသူတွေကိုအသိမပေးခင်မှာပဲ ကိုယ့်ရဲ့တခြားလုပ်ဖော်ကိုင်ဖက်တွေက အချိန်မရွေးသိရှိပြီး သံသယဖြစ်သွားနိုင်တဲ့အခွင့်အရေးတွေအများကြီး ရှိပါတယ်။ အဲဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ်နဲ့ ကိုယ့်ပါတနာတို့ဟာ အလုပ်မှာဘယ်လိုမျိုးပြုမူဆက်ဆံမလဲဆိုတာကို ပထမဆုံးသေချာညှိနှိုင်းရမယ့်ကိစ္စတွေထဲက တစ်ခုအဖြစ်သတ်မှတ်ပြီး အသိဉာဏ်ရှိရှိဆုံးဖြတ်သင့်ပါတယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ကိုယ်နဲ့ကိုယ့်ပါတနာရဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြမှာလား။ ဒါမှမဟုတ် ဘန်နီဖြိုးရဲ့ “လေထဲကအိမ်” သီချင်းထဲကလို “ဘယ်သူမှမသိခင် တို့တွေအဆင်ပြေခဲ့ဘူးတယ်… အားလုံးသိမှပြဿနာများစွာ” ဆိုသလိုမျိုးပဲ ရုံးကကျန်တဲ့သူတွေသိရင် ပြဿနာတတ်မှာစိုးလို့ နှစ်ဦးသဘောတူ Secret Love ပဲလုပ်မလား။ ဘယ်လိုပဲဆုံးဖြတ် အရေးအကြီးဆုံးကတော့ လုပ်ငန်းခွင်ပြုမူနေထိုင်မှုပုံစံနဲ့ပတ်သက်ပြီိး ကန့်သတ်ချက်တွေထားသင့်ပါတယ်။ ဥပမာ - အလုပ်ထဲမှာ တပူးပူးတတွဲတွဲနဲ့ အချိန်တွေအများကြီးဖြုန်းတာ၊ မလိုအပ်ဘဲအဲဒီတစ်ယောက်ရဲ့ခုံမှာ အကြာကြီးစကားသွားပြောတာ ဒါမှမဟုတ် နာမည်ပြောင်တွေခေါ်တာမျိုးတွေကို သတိထားသင့်ပါတယ်။

၃။ လုပ်ငန်းခွင်မှာ Professional ဖြစ်အောင်နေပါ

ရုံးတွင်းအချစ်ဇာတ်လမ်းရှိတယ်ဆိုရင်တောင်မှ ကိုယ်နဲ့ကိုယ့်ပါတနာဟာ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုခွဲခြားပြီး အလုပ်ကိုဂရုတစိုက်သေချာစီမံခန့်ခွဲပြီးပြုမူနေထိုင်မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက အဲဒီရုံးတွင်းအချစ်ဇာတ်လမ်းကို ပိုပြီးအသိအမှတ်ပြုပေးပြီး ကိုယ့်နဲ့ကိုယ့်ပါတနာကို အလိုက်ဖက်ဆုံးအတွဲတွေလို့ မြင်ပေးကောင်းမြင်ကြပါလိမ့်မယ်။ ရုံးထဲကိုဝင်လာပြီဆိုတာနဲ့ ကိုယ့်ရဲ့ပါတနာဟာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ထက်မပိုဘူးဆိုတာမျိုး ဖြစ်သင့်ပါတယ်။ အလုပ်ထဲမှာကအစ အတွဲတွေလိုမျိုးသိသာအောင်နေနေမယ်ဆိုရင် ကျန်တဲ့လုပ်ဖော်ကိုင်ဖက်တွေကို စိတ်အနှောက်အယှက်ဖြစ်စေတာကြောင့် အဲဒီလိုအပြုအမူတွေကို မပြုမူဖို့သတိထားသင့်ပါတယ်။ တကယ်လို့မြန်း ကိုယ်နဲ့တွဲနေတဲ့သူက ရုံးနားကထမင်းဆိုင် ဒါမှမဟုတ် ထမင်းစားတဲ့နေရာမှာ အတူတူနေ့လည်စာစားနေတဲ့အချိန် ကျန်တဲ့လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်တွေကိုမြင်တဲ့အခါမှာ သူတို့အတူတူလာစားရင်ကြိုက်ပါ့မလားဆိုပြီး စိတ်ထဲထင့်နေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ သူတို့ဘက်ကမမြင်ရင်တောင် ကိုယ့်ဘက်အရင်သူတို့ကို အတူတူလာစားဖို့ဖိတ်ခေါ်လိုက်ပါ။ သူတို့မလာခဲ့ရင်တောင်မှ ကိုယ့်တွေဘက်က ကောင်းကောင်းမွန်မွန်ပြုမူတယ်ဆိုတာကို ပြနေပါတယ်။ ကိုယ်နဲ့တွဲနေတဲ့သူရဲ့အဖွဲ့ကို စီမံခန့်ခွဲရတဲ့သူတစ်ယောက်ဖြစ်နေတယ် ဒါမှမဟုတ် မတူညီတဲ့ရာထူးပဲဖြစ်ဖြစ် ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာ ဆက်သွယ်ပြောဆိုတဲ့အပြုအမူတွေကို သတိထားပြီးပြောဆိုပါ။ နောက်ပြီး ရုံးကအဖွဲ့သားအားလုံးကိုလည်း တန်းတူညီမျှ ပြောဆိုဆက်ဆံဖို့အထူးဂရုစိုက်ပါ။

၎။ အတင်းပြောသံတွေကို ခံနိုင်ရှိအောင်ကြိုတင်ပြင်ဆင်ထားပါ

လူဆိုတဲ့အမျိုးက သဘာဝအရကိုတစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ကိုယ်တွေ့ကြုံရတဲ့အကြောင်းမျိုးစုံကို စီကာပတ်ကုံးပြောတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာ ဒါမှမဟုတ် အံ့သြစရာအကြောင်းတွေဆိုရင် ပိုပြီးတော့စကားစမြည်ပြောဆိုဆွေးနွေးချင်ကြတဲ့သူတွေပါ။ ကိုယ့်အနေနဲ့ အပြုအမူတိုင်းကိုသေသေချာချာဂရုတစိုက်နဲ့ နေထိုင်တယ်ဆိုရင်တောင်မှ တချို့အပြစ်ပြောချင်တဲ့သူတွေကတော့ ကြံဖန်ပြီးဟာကွက်တွေကိုလိုက်ကြည့်ပြီး အတင်းတွေပြောနေကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ကိုယ့်ရဲ့အကြောင်းတွေကို ရုံးတွင်းကအခြားဌာနတွေမှာအတင်းပြောဆိုမှုတွေ ကြုံတွေ့လာရင်လည်း ဘာမှရန်မူတုံ့ပြန်ခြင်းမျိုး မပြုလုပ်ဘဲနဲ့ Professional ဆန်ဆန်ပြုမူပြောဆိုပါ၊၊

၅။ အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ

တကယ်လို့မြန်း အဲဒီလိုမျိုးဆက်ဆံရေးတစ်ခုက အဆုံးသတ်ထားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ကိုယ်ပတ်သက်ထားမိတဲ့ရုံးတွင်းအချစ်ဇာတ်လမ်းတစ်ခုက ဘာအကြောင်းအရင်းကြောင့်ပဲဖြစ်ဖြစ် အဆုံးသတ်သွားခဲ့တယ်ဆိုရင်တောင် ကိုယ်ဘက်က Professional ဖြစ်အောင်ပြုမူသင့်ပါတယ်။ တကယ်တော့ အဲဒီလိုမျိုးအခြေအနေဟာ ကိုယ်နဲ့ တွဲခဲ့တဲ့လုပ်ဖော်ကိုင်ဖက်ရည်းစားဟောင်းအတွက် အရမ်းကိုခက်ခဲတဲ့အချိန်ပါပဲ။ အထူးသဖြင့် နီးနီးကပ်ကပ်အတူတူအလုပ်လုပ်နေရတယ်ဆိုရင်ပေါ့။ မပြေမလည်ဖြစ်နေတဲ့အရာတစ်ခုကြောင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ဟာ အဆိပ်ဖြစ်သွားစေပြီးတော့ အလုပ်လုပ်ကိုင်နိုင်စွမ်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ထိခိုက်မှုတွေရှိလာနိုင်ပြီး စိတ်ဓာတ်မကျသွားအောင်နေဖို့လိုပါတယ်။ တကယ်လို့မြန်း ကိုယ်ကရုံးတွင်းရည်းစားဟောင်းရဲ့ အထက်လူကြီးဆိုရင် ခွဲခြားဆက်ဆံတာမျိုးတွေ မလုပ်ပါနဲ့။ နောက်ပြီး အဲဒီရည်းစားဟောင်းက ကိုယ့်ရဲ့မကောင်းသတင်းတွေကိုပြောဆိုဖြန့်ဝေနေတယ်ဆိုရင်တောင် ကိုယ်ကအဲဒီထဲမှာမပါဝင်ပါစေနဲ့။ တကယ်လို့ ပြဿနာတွေကမအေးချမ်းနိုင်ဘဲ ပိုပြီးဆိုးရွားလာတယ်ဆိုရင် HR ဌာနရဲ့အကူအညီကိုတောင်းပြီး ဌာနပြောင်းတာမျိုးဒါမှမဟုတ် ရုံးမှာသိပ်မနေရတဲ့နေရာမျိုးကိုတောင်းဆိုပါ။

အနည်းဆုံးတော့ ရုံးတွင်းအချစ်ရေးတွေဟာ နည်းနည်းတော့ရှုပ်ထွေးပါတယ်။ ဒါပေမဲ့လည်း အချစ်ဆိုတာမျိုးက ဘယ်လိုအခက်အခဲမျိုးပဲရှိရှိ အလုပ်အကိုင်အခြေအနေနဲ့ပတ်သက်ပြီးဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်မြတ်နိုးကျရင် နည်းလမ်းကောင်းတစ်ခုရှာတွေ့နိုင်အောင် သတ္တိတွေပေးနိုင်ပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်း၊ ဘဝလက်တွဲဖော်နဲ့ ကိုယ်ပိုင်စိတ်ပျော်ရွှင်မှုကို အပြည့်အဝရရှိနိုင်ဖို့ အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေကို သေချာစဉ်းစားကြည့်ကြပါ။

မြန်မာနိုင်ငံမှာရှိတဲ့ပြည်တွင်းနဲ့နိုင်ငံတကာကကုမ္ပဏီတွေရဲ့ လုပ်ငန်းခွင်အလေ့အထတွေကို လေ့လာကြည့်ပြီးအလုပ်အကိုင်ကောင်းတွေကို ရရှိချင်တယ်ဆိုရင်လည်း www.jobnet.com.mm မှာဝင်ရောက်ကြည့်ဖို့ မမေ့ပါနဲ့နော်။

အားလုံးပဲ ပျော်စရာ Valentine နေ့လေးဖြစ်ပါစေ… ချစ်ခြင်းမေတ္တာများစွာဖြင့်…