18th April, 2019

လုပ်ငန်းခွင်မှာအောင်မြင်စေတတ်တဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေ

လူတိုင်းဟာ အသက်အရွယ်တစ်ခုရောက်လာတိုင်း လောကရဲ့အလှည့်အပြောင်း စမ်းသပ်ချက်တွေကိုရင်ဆိုင်ပြီး ဘဝအတွက်အရေးကြီးတဲ့သင်ခန်းစာတွေကို လေ့လာခဲ့ကြရပါတယ်။ အဲဒီအရာတွေကို သေချာလေ့လာသုံးသပ်ခဲ့တဲ့သူကတော့ ပိုပြီးချင့်ချိန်ဆုံးဖြတ်တတ်လာပြီး ဥာဏ်အမြော်အမြင်ရှိရှိနဲ့ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ ကိုယ့်ရဲ့လုပ်ငန်းခွင်တိုးတက်ရေးမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ် အရမ်းကို အထောက်အကူပြုပါတယ်။

တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုတောင်မသိလိုက်မိဘဲ ကိုယ်ဟာရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်နေတတ်ပါတယ်။ နောက်ပြီး ဘယ်လိုအပြုအမူမျိုးတွေနဲ့ စိတ်နေစိတ်ထားရှိတဲ့သူတွေက လူမှုပတ်ဝန်းကျင်နယ်ပယ်မှာ ဥာဏ်အမြော်အမြင်ရှိပြီး ရင့်ကျက်တတ်တဲ့သူတစ်ယောက်ဖြစ်မလဲ။

၁။ ပြဿနာရဲ့ အရင်းအမြစ်ကိုရှာဖွေတတ်သူ

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ် ပြဿနာတစ်ခုဖြစ်တဲ့အခါမှာ ယာယီပြေလည်အောင်ဖြေရှင်းတာထက် ပြဿနာရဲ့အရင်းအမြစ်ကို သေချာရှာဖွေပြီး ဖြေရှင်းတတ်တာဟာ ကိုယ့်ရဲ့တွေးခေါ်စဉ်းစားနိုင်စွမ်းတွေ ရင့်ကျက်လာပြီဆိုတာကို ဖော်ပြနေပါတယ်။

၂။ အမှားကို လက်ခံတတ်သူ

ဘယ်သူမဆိုအမှားပြုလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ကိုယ့်ရဲ့အမှားကိုလက်ခံတတ်ဖို့နဲ့ ဝန်ခံတတ်ဖို့ပါပဲ။ နောက်ပြီး အဲဒီအမှားကနေ ဘယ်လိုသင်ခန်းစာယူပြီး ပြုပြင်မလဲဆိုတာပါပဲ။ ဒါဟာ ကိုယ့်ရဲ့တာဝန်ယူမှုနဲ့ တာဝန်ယူစိတ်ကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

၃။ မေးခွန်းတွေပိုပြီးထုတ်တတ်သူ

အရင်က အကြောင်းအရာတစ်ခုကို ကြားတဲ့အခါမှာ အပေါ်ယံနားထောင်ပြီး အပေါ်ယံပဲနားလည်ကောင်း နားလည်ခဲ့လိမ့်မယ်။ ဒါပေမဲ့ ပိုပြီးရင့်ကျက်လာတဲ့လူတစ်ယောက်ဟာ အကြောင်းအရာတစ်ခုခုကို ကြားတဲ့အခါမှာသေချာဂရုတစိုက်နားထောင်တတ်လာပြီး အဓိကကျပြီးအကျိုးရှိတဲ့ မေးခွန်းမျိုးတွေကို ထုတ်လာတတ်တယ်။ ဒါဟာ ကိုယ့်ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ တိုးတက်လာတာကို ပြောနေတာပဲဖြစ်ပါတယ်။

၎။ ကိုယ့်ရဲ့အချိန်တွေကိုအကျိုးရှိစေမယ့်သူတွေနဲ့ပဲ ရွေးချယ်ပေါင်းသင်းခြင်း

အရင်ကတော့ ကိုယ့်အတွက်အကျိုးမရှိတဲ့သူတွေနဲ့လည်း အချိန်တွေဖြုန်းမိကောင်းဖြုန်းမိပါလိမ့်မယ်။ ဒါပေမဲ့ အခုအချိန်မှာ ကိုယ့်ဘဝနဲ့ အလုပ်အကိုင်တိုးတက်ရေးအတွက် အကြံအဉာဏ်ကောင်းတွေနဲ့ ဗဟုသုတတွေကိုပေးနိုင်မယ့်သူတွေကိုသာ ရွေးချယ်ပေါင်းသင်းပြီး အချိန်တွေကိုအကျိုးရှိရှိ အသုံးချတတ်နေပြီဆိုရင် ကိုယ်ဟာရင့်ကျက်ပြီး အမှားနဲ့အမှန်ကိုခွဲခြားတတ်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ။

၅။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တတ်သူ

လူအများစုဟာ သူများအကြောင်းကိုအရမ်းစိတ်ဝင်စားနေရလို့ ကိုယ့်အကြောင်းကိုတောင် သတိမထားမိတော့ပါဘူး။ ဘဝမှာ တိုးတက်အောင်မြင်ဖို့အတွက် အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုနားလည်နိုင်ဖို့ပါပဲ။ အကယ်၍ ကိုယ့်ရဲ့အားနည်းချက်ကဘာလဲ၊ ကိုယ့်ရဲ့လိုအပ်ချက်ဘာလဲ စတဲ့မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးသုံးသပ်တတ်လာပြီး၊ နားလည်သဘောပေါက်လာပြီဆိုရင် ကိုယ်ရဲ့စိတ်ဟာတကယ်ကို ရင့်ကျက်လာပါပြီ။

၆။ မှန်ကန်ပြီး အကျိုးရှိစေမယ့်အရာကိုပဲပြောတတ်သူ

ရင့်ကျက်တည်ငြိမ်ပြီး အရာရာကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလာတဲ့သူတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်ကသူတွေကိုလည်း မှန်ကန်အကျိုးရှိစေမယ့်စကားတွေနဲ့ အကြံဉာဏ်တွေကိုပဲ မျှဝေတတ်ပါတယ်။

၇။ ကိုယ်၊ နှုတ်၊ အမူအယာကို ထိန်းချုပ်တတ်သူ

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် နေ့စဉ်လူမှုဘဝမှာပဲဖြစ်ဖြစ် လူများစွာနဲ့တွေ့ဆုံပြောဆိုရတဲ့အခါမှာ စိတ်သဘောထားခြင်းမတိုက်ဆိုင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုမျိုးအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်၊ စိတ်နဲ့ အမူအယာကို ထိန်းချုပ်နိုင်ပြီဆိုရင် ကိုယ်ဟာလူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ပြနေတာပဲဖြစ်ပါတယ်။

၈။ ကိုယ် မသိ၊ မတတ်တာတွေကို မေးမြန်းတတ်သူ

ဘယ်သူမဆိုမွေးကတည်းက အရာရာကိုသိတတ်လာကြတာ မဟုတ်ပါဘူး။ အတွေ့အကြုံတွေ လေ့လာမှုတွေကနေ သင်ယူခဲ့ရတာပါ။ လုပ်ငန်းခွင်မှာ ကိုယ် မသိ၊ မတတ်တာတွေကို မေးမြန်းဖို့ အကူအညီတောင်းဖို့ စိုးရွံ့မနေပါနဲ့။ ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားနဲ့ မေးမြန်းပြီး အကူအညီတောင်းတာဟာ အောက်ကျို့တာမဟုတ်ပါဘူး။

၉။ ကိုယ့်ရဲ့အားနည်းချက်တွေကို လက်ခံတတ်သူ

အရာရာမှာ ပြီးပြည့်စုံတဲ့သူဆိုတာလည်း မရှိပါဘူး။ အဲဒါကြောင့် သူများနဲ့နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုသိမ်ငယ်နေစရာလည်းမလိုပါဘူး။ ကိုယ့်ရဲ့အားနည်းချက်တွေကို သိအောင်လုပ်ပါ။ လက်ခံပါ။ ပြီးရင် အဲဒီအားနည်းချက်တွေကို ဘယ်လိုမျိုးဖြည့်ဆည်းပြီး ကောင်းမွန်တဲ့ရလဒ်တွေကိုဘယ်လိုဖန်တီးမလဲဆိုတာကို စဉ်းစားပါ။ ဒါဆိုရင် ကိုယ်ဟာအတွေးအခေါ်ပိုင်းနဲ့ စိတ်ခံစားချက်အပိုင်းမှာ ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြနေတာပဲဖြစ်ပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေထဲမှာ ဘယ်အချက်တွေက ကိုယ်နဲ့ကိုက်ညီနေလဲဆိုတာကို ပြန်လည်စဉ်းစားပြီးသုံးသပ်ကြည့်ပါ။ တကယ်လို့ မကိုက်ညီသေးဘူးဆိုရင်လည်း အဲဒီအချက်တွေနဲ့ကိုက်ညီအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ပျိုးထောင်ကြည့်ပြီး နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်မှာ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကို ဖန်တီးလိုက်ပါ။