17th October, 2018
လုပ်ဖော်ကိုင်ဖက်တွေ ချစ်ခင်တဲ့ လူတစ်ယောက်ဖြစ်ဖို့
Share
Blog Link Copied
ဝန်ထမ်းတစ်ဦးအတွက်တော့ လုပ်ငန်းခွင်ဆိုတာ အိမ်ထက်ပိုပြီးတော့ ရင်းနှီးကျွမ်းဝင်နေတဲ့နေရာပါ။ အိမ်က မိသားစုဝင်တွေ၊ မိတ်ဆွေတွေထက် ပိုပြီးတော့ အချိန်ပေး ဆက်ဆံနေရတာကလည်း အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေပါ။ သာယာပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်ဆိုတာ အချင်းချင်း ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှုရှိပြီး အလုပ်လည်း တွင်ကျယ်ပါတယ်။ အလုပ်ထဲမှာ အဆင်ပြေချင်ရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆက်ဆံမှုတိုးတက်လာအောင် လုပ်ရပါမယ်။ လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ကို သဘောကျနှစ်သက်လာအောင် ဒီအမူအကျင့်လေးတွေကို သတိထားပြီး လိုက်လုပ်ကြည့်ပါလား။
၁) နားထောင်ခြင်း
တစ်ဖက်လူပြောစကားကို အာရုံစိုက်ပြီး နားထောင်ပေးတတ်တဲ့ နားထောင်သူကောင်းတစ်ယောက်ဟာ အကောင်းဆုံး လူမှုဆက်ဆံရေးကို ပိုင်ဆိုင်ထားသူပါ။ ကိုယ်ပြောချင်တာတွေပဲ ပြောနေပြီး တစ်ဖက်လူပြောစကားကို နားမထောင်ပေးတတ်သူနဲ့ ဘယ်သူမှ အဆက်အဆံ မလုပ်ချင်ကြပါဘူး။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေမှာ အလုပ်ကိစ္စဖြစ်စေ လူမှုရေးကိစ္စဖြစ်စေ တိုင်ပင်ဆွေးနွေးစရာ၊ ရင်ဖွင့်စရာလေးတွေ ရှိနေတတ်ပါတယ်။ နားထောင်ပေးလိုက်ပါ။ သူတို့ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
၂) ကိုယ်ဟန်မူရာနဲ့ဆက်သွယ်ပါ
ပါးစပ်ကနေ ထုတ်ဖော်ပြောစရာမလိုတဲ့ ဆက်သွယ်နည်းတွေ ရှိပါတယ်။ အကြည့်ချင်းဆက်သွယ်တာမျိုး၊ လက်တွေနဲ့ အမူအရာပြဆက်သွယ်တာတွေ လုပ်လို့ရနိုင်ပါတယ်။ စကားပြောလို့မရတဲ့အခြေအနေမျိုးမှာတောင် ကိုယ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တသားတည်းရှိနေကြောင်း ဖော်ပြရာရောက်သွားမှာပါ။
၃) ခင်မင်ရင်းနှီးမှု
ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ကလွဲပြီး ဘယ်သူနဲ့မှ စကားမပြောတဲ့လူမျိုးအတွက် လုပ်ငန်းခွင်ဟာ ပျင်းစရာကောင်းနေပါလိမ့်မယ်။ ကိုယ့်ရဲ့ ဒုတိယမိသားစုလို ဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခင်မင်ရင်းနှီးဖို့ကို မကြောက်ပါနဲ့။ အလုပ်နဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်ရေးမေးခွန်းလေးတွေမေးတာမျိုး ၊ ဥပမာ - ပိတ်ရက်ဘယ်သွားမလဲဆိုတာမျိုး မေးကြည့်နိုင်ပါတယ်။ အလုပ်ထဲက ပြောဆိုဆက်ဆံမှုတွေဟာ အီးမေးလ်ထဲမှာတောင် ရိုင်းပျကြမ်းတမ်းဖို့ မသင့်လျော်ပါဘူး။ ယဉ်ကျေးဖော်ရွေသူဖြစ်အောင် ကိုယ့်ရဲ့ စကားလုံး အသုံးအနှုန်း၊ လေယူလေသိမ်းနဲ့ မျက်နှာအမူအရာတွေကပါ နှစ်လိုဖွယ်ဖြစ်ပါစေ။
၎) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်တိုင်ကလည်း တိုးတက်အောင် လုပ်နေဖို့ လိုပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းရှိပါစေ။ အရာရာကို မဝံ့မရဲဖြစ်နေပြီး ချောင်ကပ်နေတတ်သူက ခင်ချင်စရာမကောင်းလို့ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတစ်ဦးဟာ ရဲရင့်သွက်လက်နေတတ်လို့ ဘေးလူတွေအမြင်မှာတင် ခွန်အားတွေကူးစက်ရပါတယ်။ ဒါပေမဲ့ ယုံကြည်မှုလွန်ကဲပြီး ဘဝင်မြင့်တဲ့ အမူအရာမျိုးတွေတော့ မဖြစ်မိအောင် သတိလေးထားသင့်ပါတယ်။ လုပ်ဖော်ကိုင်ဖက်အားလုံးဟာ ဘယ်လိုရာထူး နေရာမျိုးပဲဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုတည်းမှာ အတူလုပ်နေရသူတွေမို့ ကြီးကြီးငယ်ငယ် လေးစားသမှုတော့ မဖြစ်မနေ ထားရှိရမှာပါ။
၅) ဝေဖန်ခံနိုင်သူဖြစ်ပါစေ
တခြားလူတွေရဲ့ အပြစ်တွေကိုပဲ လိုက်ကြည့်နေတတ်သူ၊ ပြစ်တင်ဝေဖန်သူအတွက် ဘာကောင်းကျိုးမှ မရှိပါဘူး။ လူတိုင်း အမှားလုပ်တတ်ကြတယ်။ ဒါကို စောင်းနင်းပြီး အပြစ်တွေပုံချနေတာက အကျင့်ဆိုးကြီးပါ။ ကိုယ်တိုင်လည်း အမှားတွေ လုပ်မိတာပဲမို့ ကိုယ်ချင်းစာစိတ် ထားရှိဖို့လိုပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ်အပေါ် အထက်လူကြီးအပါအဝင် လုပ်ဖော်ကိုင်ဖက်တွေက မှတ်ချက်ပေးတာကို လက်ခံနိုင်သူဖြစ်ပါစေ။ ဒါမှ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာရော ဘဝမှာပါ အမှားအယွင်းတွေ လျော့နည်းပြီး ပိုတိုးတက်လာမှာ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေဆီက မှတ်ချက်တွေကို တောင်းခံပြီး သူတို့ရဲ့စကားသံတွေနားထောင်တတ်ခြင်းဟာ ကိုယ့်ကို နှစ်လိုဖွယ်ကောင်းသူအဖြစ် မြင်စေနိုင်သလို ကိုယ့်အတွက်လည်း ရလဒ်ကောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။