10th October, 2018

လူမှုကွန်ရက်ကြောင့် အလုပ်ကောင်းကောင်းတစ်ခုကို လက်လွှတ်မခံပါနဲ့

လူမှုကွန်ရက်အသုံးပြုခြင်းဟာ အလုပ်ရှာဖွေတဲ့နေရာမှာ အရေးကြီးတယ်ဆိုတာ သိနှင့်ပြီးဖြစ်မှာပါ။ အလုပ်ခေါ်စာတွေကို လူမှုကွန်ရက်တွေကနေ ရှာဖွေနိုင်တယ်လေ။ လူမှုကွန်ရက် အသုံးပြုခြင်းက အလုပ်ရှာတဲ့နေရာမှာ အသုံးဝင်ရုံမက အလုပ်ရဖို့အတွက်မှာပါ သက်ရောက်မှုရှိနိုင်တာကိုတော့ သတိထားသင့်ပါတယ်။

 

ယနေ့ခေတ်မှာ ကုမ္ပဏီတွေရဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာနကလူတွေ၊ ဒါရိုက်တာတွေအပါအဝင် အုပ်ချုပ်ရေးပိုင်းကလူတွေပါ လူမှုကွန်ရက်ကို အသုံးပြုနေကြပါပြီ။ အလုပ်လာလျှောက်တဲ့ လူတစ်ယောက်ကို အင်တာဗျူးကြည့်လို့ သဘောကျတယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ သူ့ရဲ့နောက်ကြောင်းကိုပါ စုံစမ်းတာမျိုး လုပ်ကြပါတယ်။ ယခင်လုပ်ခဲ့တဲ့ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကိုလည်း မေးမြန်းသလို လူမှုကွန်ရက်ပေါ်က အပြုအမူတွေကိုလည်း ကြည့်ရှုအကဲဖြတ်ကြဦးမှာ ဖြစ်ပါတယ်။

 

ကိုယ့်ရဲ့ လူမှုကွန်ရက်အကောင့်ပေါ်က အပြုအမူတွေဟာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတစ်ခုကို ရစေနိုင်သလို အခွင့်အလမ်းကောင်းတွေနဲ့လည်း လွဲချော်သွားရတာမျိုး ကြုံတတ်လို့ လူမှုကွန်ရက်အသုံးပြုမှုဟာ အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ့်ရဲ့ ဖေ့စ်ဘုတ်၊ အင်စတာဂရမ်ပေါ်က ပို့စ်တွေမှာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသနိုင်တဲ့ ပုံတွေ၊ စာတွေ၊ ဖန်တီးမှုတွေကို အလုပ်ခန့်မယ့်ကုမ္ပဏီဘက်က မြင်သွားရင် အလုပ်ရနိုင်ပါတယ်။ အကယ်၍များ ကိုယ့်ရဲ့ လူမှုကွန်ရက်အကောင့်တွေမှာ ပြီးစလွယ် တင်ထားမိတဲ့ အနုတ်သဘောဆန်ဆန် ပို့စ်တွေကို အလုပ်ရှင်ဘက်က မြင်သွားခဲ့ရင်တော့ ကိုယ့်ကို အလုပ်ခန့်ချင်တော့မှာ မဟုတ်ပါဘူး။

 

ဒါကြောင့်မို့လို့ လူမှုကွန်ရက်ရဲ့ အင်အားကို လျှော့မတွက်မိဖို့တော့ လိုပါတယ်။ လူမှုကွန်ရက် အသုံးပြုမှု အမူအကျင့်တွေက ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကိုပါ သက်ရောက်မှုရှိတာမို့ ဆင်ခြင်မဲ့ သုံးဖို့ မသင့်ပါဘူး။

 

လူမှုကွန်ရက်ကြောင့် မလုပ်ခန့်အပ်မခံရတာမျိုး မဖြစ်စေဖို့အတွက်ကိုလည်း JobNet ရဲ့ Vice President of Sales ဖြစ်တဲ့ မဇင်မာက “ လက်ရှိ ဒီမားကတ်မှာ ၃၀ ရာခိုင်နှုန်း အလုပ်မရတာက ဆိုရှယ်မီဒီယာကြောင့်ဖြစ်တယ်။ သိပ်ပြီးတော့မှ technology ကောင်းတဲ့ ကုမ္ပဏီမျိုး… ဒါမျိုးကိုမှ ကိုယ်ရွေးပြီးတော့လုပ်မယ်ဆိုရင် အရမ်းကို ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ ကိုယ့်ရဲ့အတွေးအခေါ်၊ ကိုယ့်ရဲ့အသွားအလာ၊ ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာအသုံး…” ဆိုပြီး အကြံပေးထားပါတယ်။

လူမှုကွန်ရက်အသုံးပြုနေတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလားအလာကောင်းတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတာမျိုးမဖြစ်အောင် Is social media helping or hindering people’s career prospects? ခေါင်းစဉ်နဲ့ Job Nation အလုပ်အကိုင်ခေါ်ယူပွဲကြီးမှာ သူမက ပါဝင်ရှင်းပြဆွေးနွေးပေးခဲ့တာပါ။

 

လူမှုကွန်ရက်ပေါ်ကနေ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေနိုင်သလို၊ ကိုယ့်ရဲ့ အလုပ်အကိုင်လမ်းကြောင်း တိုးတက်ရေးအတွက်လည်း လေ့လာဆည်းပူးစရာတွေ တွေ့ရှိနိုင်ပါတယ်။ တချို့ပညာရှင်တွေ၊ သင်တန်းကျောင်းတွေကလည်း အခမဲ့သင်ကြားပေးတာမို့ လူမှုကွန်ရက်ဆိုတာက သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး ဆိုတဲ့ စကားနဲ့လည်း အလားသဏ္ဍန်တူနေပါတယ်။ လူမှုကွန်ရက်ပေါ်ကနေ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေချင်ရင်တော့ JobNet Myanmar ဖေ့စ်ဘုတ်စာမျက်နှာမှာ အလုပ်ခေါ်စာတွေကို ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးတော့ အသေးစိတ်ကျကျ သိချင်ရင်တော့ www.jobnet.com.mm မှာ ဝင်ရောက်ဖတ်ရှုလို့ ရပါတယ်။ အဲ့ဒီနေရာ နှစ်ခုလုံးမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေ အပါအဝင် အလုပ်အကိုင်နေရာပေါင်း ထောင်နဲ့ချီ ခေါ်ယူနေတာမို့လို့ သင့်အတွက် ပိုမိုကောင်းမွန်တဲ့ အလုပ်တစ်ခုကို လှမ်းယူနိုင်မှာလည်း ဖြစ်ပါတယ်။