20th December, 2018

လူသိပ်မသိသေးတဲ့ ခရစ်စမတ်ဘိုးဘိုးအကြောင်း

“ခရစ်စမတ်” လို့ပြောလိုက်ရင် နှင်းတွေ၊ ခရစ်စမတ်သစ်ပင်ကြီးတွေ၊ လက်ဆောင်တွေ၊ သီချင်းသံတွေ အစရှိတာတွေက ခေါင်းထဲကိုအစီအရီ ၀င်လာပါတယ်။ အထူးသဖြင့်တော့ ကလေးဘ၀ထဲက ယုံကြည်ခဲ့ရတဲ့ မုတ်ဆိတ်ဖွေးဖွားဖွားနဲ့ အနီရောင်ဝတ်စုံကြီးဝတ်ထားတဲ့ လူကြီးတစ်ယောက်က လက်ဆောင်တပွေ့တပိုက်ကို စွတ်ဖားလှည်းကြီးပေါ်ကိုတင်ပြီး ခရစ်စမတ်နေ့ညကျရင်ပေါ်လာမယ်ဆိုတဲ့ ဆန်တာကလော့ ခရစ်စမတ်ဘိုးဘိုးကြီးပါပဲ။ 

ခရစ်စမတ်မရောက်ခင်တစ်ညမှာ ဆန်တာကလော့ဟာ သမင်ကြီးတွေဆွဲထားတဲ့ စွတ်ဖားလှည်းကြီးပေါ်မှာ ကမ္ဘာအနှံ့ကကလေးတွေတောင်းဆိုထားတဲ့ လက်ဆောင်တွေအများကြီးကိုတင်ပြီး ခရစ်စမတ်နေ့အမီပေးဖို့ မြောက်ဝင်ရိုးစွန်းကနေ ထွက်လာပါတယ်တဲ့။ ဒါလေးကတော့ ငယ်ငယ်ကတည်းက ကြားနေကျ ခရစ်စမတ်ဘိုးဘိုးကြီးရဲ့ အကြောင်းလေးပေါ့။ ဒါနဲ့ ဒီလက်ဆောင်တွေကို တစ်ညတည်းနဲ့ ကမ္ဘာအနှံ့သွားပြီး သူဘယ်လိုများ အပြီးပေးသလဲ။ ဆန်တာရဲ့အလုပ်လုပ်နိုင်စွမ်းကတော့ ခေတ်စကားနဲ့ပြောရရင် ရေလည်ကြမ်းတာပဲ။ 

ဒါဆို ဆန်တာကလော့ဘိုးဘိုးကြီးရဲ့ အတုယူစရာကောင်းတဲ့ အလုပ်လုပ်ပုံတွေကို သေချာလေ့လာကြည့်ပြီး ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို တိုးတက်အောင်လုပ်ကြည့်ကြရအောင်။

စီမံခန့်ခွဲသူကောင်းတစ်ယောက်

ဆန်တာဟာ အချိန်တစ်ညတည်းနဲ့ ကမ္ဘာအနှံမှာရှိတဲ့ကလေးတွေကို လက်ဆောင်ပစ္စည်းပို့ပေးနိုင်ဖို့ မြောက်ဝင်ရိုးစွန်းမှာရှိတဲ့ သူ့ရဲ့အဖွဲ့ကို အတူတကွချိတ်ဆက်မိမိလုပ်ဆောင်နိုင်အောင် စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ တကယ်လို့များ ကိုယ်ဟာခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အဖွဲ့သားတွေကိုစနစ်စီမံခန့်ခွဲပြီး အလုပ်တစ်ခုကို အချိန်အနည်းငယ်အတွင်းမှာ စိတ်ဖိစီးစရာများတွေအများကြီးနဲ့ ပြီးအောင်လုပ်ရမယ်ဆိုရင် ဆန်တာရဲ့ခရစ်စမတ်အဖွဲ့သားတွေနဲ့ အလုပ်ရုံကို တစ်ချက်လောက် စဉ်းစားကြည့်လိုက်ပါနော်။ 

အလုပ်ကိုအာရုံစိုက်သူတစ်ယောက်

ဆန်တာဟာ နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်မတိုင်ခင်ညမှာ သူလုပ်ရမယ့်အလုပ်ကို ဘယ်တော့မှ လွဲချော်ဖူးတဲ့သူ မဟုတ်ပါဘူးတဲ့။ သူဟာလုပ်ရမယ့်အလုပ်ကို အာရုံစူးစိုက်ပြီး ပြီးမြောက်ရမယ့် ရည်ရွယ်ချက်ပန်းတိုင်ကို အဓိကထားလုပ်ဆောင်ပါတယ်တဲ့။ ဒါကြောင့် ကိုယ့်ရဲ့အလုပ်မှာ လုပ်ဆောင်ရမယ့်အလုပ်တိုင်းကို အာရုံစူးစိုက်လုပ်ဆောင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတွေဟာ အောင်မြင်မှုဆီပဲဦးတည်နေမှာပါ။ 

အလုပ်အပေါ်အကောင်းမြင်စိတ်ရှိသူ

ညလုံးပေါက် အရမ်းဆိုးရွားတဲ့ရာသီဥတုမှာ နေရာအနှံခရီးသွားပြီး အလုပ်တွေလုပ်နေရပေမဲ့လည်း ခရစ်စမတ်ဘိုးဘိုးကြီးကတော့ သီချင်းတကြော်ကြော်နဲ့ သူ့ရဲ့အဖွဲ့သားတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ တက်တက်ကြွကြွဖြစ်အောင် အမြဲစီမံနေပါတယ်။ ဒါကလည်း သူ့ရဲ့အလုပ်အပေါ်ချစ်မြတ်နိုးပြီး အကောင်းမြင်စိတ်ကို ထင်သာမြင်သာရှိစေပါတယ်။ ဒါကြောင့်လည်း အင်မတန်များပြားလှတဲ့ အလုပ်တွေတာဝန်တွေ အားလုံးကို အံ့အားသင့်စရာကောင်းအောင် အလုပ်တွေပြီးမြောက်ခဲ့တာပါပဲ။ 

ဒါတွေကတော့ ကလေးဘ၀ကတည်းကကြားဖူးခဲ့ရတဲ့ ဆန်တာကလော့ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်ကောင် ခရစ်စမတ်ဘိုးဘိုးကြီးဟာ ဘာဖြစ်လို့သူ့ရဲ့အလုပ်မှာပျော်ရွှင်ပြီး အောင်မြင်ရသလဲဆိုတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ခရစ်စမတ်ရဲ့ဇာတ်လိုက်ကျော် ဆန်တာကလော့ကို အတုယူပြီး စီမံခန့်ခွဲမှုကောင်းသူ၊ အလုပ်ကိုအာရုံစိုက်သူ၊ အလုပ်အပေါ်အကောင်းမြင်သူအဖြစ် နှစ်သစ်မှာကြိုးစားလိုက်ကြရအောင်။ Merry Christmas to you all!