20th November, 2018

လွယ်ကူအဆင်ပြေတဲ့ ရုံးတက်ရက်လေးဖြစ်စေဖို့

မိမိလုပ်ကိုင်နေတဲ့အလုပ်ကို ချစ်မြတ်နိုးပါတယ်ဆိုရင်တောင်မှ အလုပ်မှာ အမြဲတမ်းအဆင်ပြေ ပျော်ရွှင်နေဖို့ကတော့ မလွယ်လှပါဘူး။ ဘဝအတွက် အလုပ်လုပ်နေရတယ်ဆိုတော့ အလုပ်ထဲမှာပင်ပန်းရတာတွေကို နည်းနည်းလေးဖြစ်ဖြစ် အများကြီးဖြစ်ဖြစ် ပိုပြီးတော့ လွယ်ကူချောမွေ့ချင်ကြတယ်လေ။ အလုပ်တွေမြန်မြန်ပြီးချင်တယ်၊ အလုပ်တွေပိပြီး စိတ်ပင်ပန်းတာမျိုး မဖြစ်ချင်သလို ကိုယ်တကယ်ချစ်မြတ်နိုးတဲ့ အရာတွေအတွက် အချိန်ပိုပေးချင်ကြပါတယ်။ ဒီလိုမျိုး အဆင်ပြေတဲ့နေ့ရက်တွေဖြစ်ဖို့အတွက် နည်းလမ်းလေးတွေ ရှိပါတယ်။ လုပ်ရမယ့်အလုပ်တွေ ပိုပြီးမြောက်ဖို့၊ လုပ်စရာမလိုတာတွေကို စာရင်းထဲကဖယ်ထုတ်ဖို့နဲ့ အလုပ်တွေကို စိတ်ပျော်ရွှင်စွာနဲ့ လုပ်နိုင်မယ့် လျှို့ဝှက်ချက်တွေကို ဖတ်ကြည့်ပါဦး။

 

၁။ အများကြီးလုပ်ဖို့မကြံစည်ပါနဲ့

လုပ်ရမယ့်စာရင်း အများစုက အရမ်းကိုရှည်လျားထွေပြားလွန်းပါတာကြောင့် အားလုံးမပြီးမြောက်နိုင်တဲ့အခါ အလုပ်ပိပြီး စိတ်ဖိစီးရပါတယ်။ အဲ့ဒီ့အစား တစ်နေ့တာအတွင်း လုံးဝပြီးမြောက်နိုင်မယ့် ကိစ္စကြီး ၁ ခု၊ အလယ်အလတ်ကိစ္စ ၃ ခု နဲ့ ကိစ္စအသေး ၅ ခု ကိုပဲ စာရင်းလုပ်ထားပါ။

 

၂။ အခက်ဆုံးအလုပ်နဲ့စတင်ပါ

တစ်နေ့တာ လုပ်ရမယ့်အလုပ်ထဲက အခက်ခဲဆုံးအလုပ်ကို မနက်ပိုင်းမှာ လုပ်ဆောင်ပါ။ အဲ့ဒီအလုပ်သာ ပြီးသွားရင် တစ်နေ့လုံး ဘာလုပ်လုပ် အေးဆေးပဲလို့ စိတ်ကခံစားနေရမှာဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ရမယ့်အလုပ်တွေရဲ့ စိန်ခေါ်မှုတွေကို တွေးနေရင်းနဲ့ စိတ်ခွန်အားတွေလည်း အလဟဿမဖြစ်တော့ဘူးပေါ့။

 

၃။ ခွန်အားကိုကောင်းကောင်းအသုံးချတတ်ပါစေ

လူတိုင်းမှာ တစ်နေ့တာအတွင်း အလုပ်လုပ်ဆုံးအချိန်နဲ့ အလုပ်မလုပ်ချင်ဆုံးအချိန်ဆိုတာ ရှိကြပါတယ်။ လုပ်ရမယ့် လုပ်ငန်းကြီးတွေကို ခွန်အားတွေကုန်ဆုံးနေချိန်မှာ လုပ်ဖို့ စီစဉ်ထားမိရင် ကိုယ့်ကိုယ်ကိုယ်ဒုက္ခရောက်အောင် လုပ်လိုက်သလိုပါပဲ။ အဲ့ဒီအစား ကိုယ့်ခွန်အားတွေ ဖြစ်ပေါ်ပုံကို မူတည်ပြီး လုပ်ရမယ့်ပလန်ကို ချမျှတ်ထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

 

၎။ ဖြစ်နိုင်သမျှ ပုံစံကိုသုံး

နိစ္စဓူဝလုပ်နေရတဲ့ ကိစ္စတိုင်းကို အသစ်အဆန်းဖြစ်အောင် ကွန့်ညွှန့်နေစရာမလိုပါဘူး။ မကြာခဏပို့နေရမယ့် အီးမေးလ်တွေကို ပုံစံတစ်ခု သတ်မှတ်ထားလိုက်ပါ။ Presentation လုပ်ဖို့၊ ကိုယ့်ရဲ့ Resume ကို ဒီဇိုင်းပြန်ပြင်ဖို့ စတာတွေကို ပုံစံသတ်မှတ်ထားပြီး အဲ့ဒီအတိုင်း သုံးလိုက်မယ်ဆို ခေါင်းမခြောက်ဘဲ အလုပ်မြန်မြန်ပြီးမှာဖြစ်ပါတယ်။

 

၅။ စကားပြောပါ

အီးမေးလ်အရှည်ကြီးတွေနဲ့ အပြန်အလှန်ပို့နေရတာ စိတ်ပင်ပန်းနေပြီလား။ လူချင်းစကားပြောလိုက်ရင် မြန်မြန်ပြီးသွားမယ့် ကိစ္စတွေမှာ ဖုန်းဆက်ပြီးပြောလိုက်တာဖြစ်ဖြစ် အစည်းအဝေးခေါ်လိုက်တာမျိုးဖြစ်ဖြစ် လုပ်လိုက်ပါ။ တစ်ခါတစ်လေမှာ ၁၀ မိနစ်လောက် စကားပြောလိုက်ရုံနဲ့ နာရီပေါင်းများစွာ အီးမေးလ်ပို့၊ မက်ဆေ့ပို့နေရတာထက် ပိုပြီးအဆင်ပြေသွားပါတယ်။

 

၆။ တပြိုင်တည်းအများကြီးမလုပ်ပါနဲ့

ဒီအကျင့်က ကိုယ့်ကိုယ်ကိုယ် အလုပ်အများကြီးပြီးသွားလိမ့်မယ်လို့ အထင်ရောက်စေပါတယ်။ တကယ်တမ်းတော့ အလုပ်တွေကို ပိုနှေးကွေးသွားစေပြီး အရှိထက်ပိုခက်ခဲသွားစေပါလိမ့်မယ်။ ကိုယ်လုပ်နိုင်တဲ့အကောင်းဆုံးအလုပ်မှာ မပြီးမချင်း အာရုံစိုက်ထားပါ။ နောက်တော့မှ တခြားတစ်ခုကို ဆက်လုပ်ပါ။ စိတ်လည်းကြည်လင်ရှင်းလင်းပြီး အလုပ်ကို ပိုကောင်းအောင်လုပ်နိုင်လို့ စိတ်ထဲမှာ လွယ်တယ်လို့တောင် ခံစားမိပါတယ်။