23rd April, 2019

သန့်ရှင်းသပ်ရပ်တဲ့အလုပ်စားပွဲကနေ ရနိုင်တဲ့အကျိုးကျေးဇူး ၅ ခု

ရုံးပိတ်ရက်အရှည်ကြီးပြီးတဲ့နောက် ရုံးပြန်ရတတ်ရတဲ့အခါမှာ Motivation တွေလိုနေပြီလား။ နောက်ပြီး ဒီနေ့မနက်ရုံးလည်းရောက်ရော ကိုယ့်ရဲ့အလုပ်စားပွဲမှာ ပိတ်ရက်မတိုင်ခင်ကစာရွက်စာတမ်းတွေ၊ ပစ္စည်းတွေနဲ့ ရှုပ်ပွနေတာကိုမြင်လိုက်ရတော့ ဘယ်ကနေစပြီး ဘာစလုပ်ရမလဲဖြစ်နေရင် ပိုဆိုးသွားတာပေါ့။ ဒါဆိုရင် “ရုံးတွင်းသန့်ရှင်းရေး”  လေးတစ်ခု မလုပ်ချင်ဘူးလား။ ရုံးတွင်းသန့်ရှင်းရေးဆိုတော့ အများကြီးသွားမထင်လိုက်ပါ။ တစ်ရုံးလုံးမဟုတ်ပါဘူး။ ကိုယ့်ရဲ့အလုပ်စားပွဲနဲ့ ကိုယ့်နေရာကိုပဲ သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ရှင်းလင်းလိုက်ရအောင်။

သန့်ရှင်းရေးလုပ်တယ်ဆိုလို့ မြန်မာတွေရဲ့အလေ့အထတစ်ခုကို သွားပြီးအမှတ်ရမိပါတယ်။ အဲဒါကတော့ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်တွေကျရင် ကိုယ့်ရဲ့အိမ်နေရာတွေကို နှစ်သစ်ကူးအမီသန့်ရှင်းရေးလုပ်ကြတဲ့ အလေ့အထတစ်ခုရှိပါတယ်။ ဒီလို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်တဲ့အတွက်ကြောင့် နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ ကောင်းမွန်တဲ့အရာတွေပဲဖြစ်လာတတ်တယ်လို့ ယုံကြည်ကြပါတယ်။ အနောက်နိုင်ငံတွေမှာလည်း ဒီလိုမျိုးသန့်ရှင်းရေးလုပ်တတ်တဲ့ အလေ့အထလည်းရှိပါတယ်။ သူတို့ဆီမှာတော့ နွေဦးရာသီမှာ လုပ်လေ့ရှိတဲ့အတွက်ကြောင့် “Spring Cleaning” လို့ခေါ်ပါတယ်။

ဒါဆို ရုံးပိတ်ရက်ရှည်ပြီးတဲ့နောက်မှာ စိတ်သစ်လူသစ်နဲ့ အလုပ်တွေကိုတက်တက်ကြွကြွလုပ်နိုင်အောင် ကိုယ့်ရဲ့အလုပ်နေရာစားပွဲကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာကို လေ့လာကြည့်လိုက်ကြရအောင်။

၁။ ကိုယ့်ရဲ့ပုံစံကို ပိုပြီး Professioanl ကျစေပါတယ်

ရုံးမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့အလုပ်စားပွဲဟာ သောက်ပြီးသားကော်ဖီခွက်တွေ၊ မုန့်ထုပ်တွေ၊ စာရွက်တွေစတာတွေ ရှုပ်ယှက်ခပ်ပလုံစီနေတာကို မြင်ဖူးကြပါလိမ့်မယ်။ အဲဒီလိုအခြေအနေမျိုးမှာ သူ့ရဲ့အလုပ်လုပ်တဲ့ပုံစံဟာ စမတ်ကျတယ်လို့ မမြင်တော့ပါဘူး။ ကိုယ့်ရဲ့အလုပ်လုပ်တဲ့စားပွဲဟာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ပုံစံက အလုပ်လုပ်တဲ့အခါမှာ စမတ်ကျကျနဲ့ ကျွမ်းကျင်မှုရှိတဲ့ ပုံစံကိုပေါ်စေပါတယ်လို့ Seana Turner လို့ခေါ်တဲ့ ကျွမ်းကျင်စီမံခန့်ခွဲသူတစ်ယောက်က ပြောဖူးပါတယ်။

Professional ကျတဲ့သူတစ်ယောက်ဟာ သူ့ရဲ့ပုံပန်းသွင်ပြင်ကို အလွန်ဂရုစိုက်တတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အလုပ်စားပွဲကို တခြားလူတစ်ယောက်ရဲ့အမြင်နဲ့ကြည့်ပါ။ ပြီးရင် အဲဒါကကိုယ့်ကို ဘယ်လိုဖော်ပြနေမလဲဆိုတာကို စဉ်းစားကြည့်ပါ။

၂။ အလုပ်တွင်ကျယ်စေပါတယ်

စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေကို ကိုယ်ဘယ်နေရာမှာ သိမ်းထားမိသလဲဆိုတာကို မှတ်မိတာက ကိုယ့်အတွက်အလုပ်တွင်ကျယ်စေပါတယ်။ တစ်ခါတလေ ရှုပ်ယှက်ခပ်နေတဲ့စားပွဲပေါ်က စာရွက်စာတမ်းတွေ ဖိုင်တွေ အထပ်လိုက်ကြီးတွေကြားထဲမှာ ကိုယ်ပျောက်နေတဲ့စာရွက်လေးတစ်ရွက်ကို လိုက်ရှာရတာဟာ စိတ်ပျက်ဖို့ကောင်းပြီး အချိန်တွေကို ဖြုန်းတီးရာကြပါတယ်။

အဲဒါကြောင့် ကိုယ့်ရဲ့စားပွဲပေါ်မှာ ပြန့်ကြဲနေတဲ့ ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေကို သူ့နေရာနဲ့သူ သေချာသိမ်းပြီး သပ်သပ်ရပ်ရပ်ထားမယ်ဆိုရင် ကိုယ်ပစ္စည်းတစ်ခုကိုပြန်လိုချင်တဲ့အခါမှာ အချိန်မကုန်စေဘဲ အလွယ်တကူရှာတွေ့စေပါတယ်။ ပြီးတော့ အလုပ်လည်းတွင်ကျယ်စေပါတယ်။

၃။ အရေးကြီးတဲ့ အချက်အလက်တွေကို သေချာထိန်းသိမ်းပြီးသားဖြစ်စေပါတယ်

တကယ်လို့ ကိုယ်ဟာမန်နေဂျာတစ်ယောက် ဒါမှမဟုတ် အကြီးတန်းစီမံခန့်ခွဲသူတစ်ယောက် ဒါမှမဟုတ် ကုမ္ပဏီရဲ့အရေးကြီးတဲ့အချက်အလက်တွေနဲ့စာရွက်စာတမ်းတွေကို ကိုင်တွယ်နေရတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အလုပ်စားပွဲမှာ အဲဒီစာရွက်စာတမ်းတွေကို သေသေချာချာသိမ်းမထားဘဲ ပြန့်ကျဲနေမယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ်ရော ကုမ္ပဏီကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။ အဲဒီလိုမျိုး အရေးကြီးစာရွက်စာတမ်းတွေကို သေသေချာချာမသိမ်းထားမိတဲ့အတွက်ကြောင့် စီးပွားရေးဆိုင်ရာ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ပေါက်ကြားမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါကြောင့် သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျရှင်းလင်းထားတဲ့အလုပ်စားပွဲဟာ ဒီလိုကိစ္စမျိုးတွေမဖြစ်စေအောင် ကာကွယ်ပေးနိုင်ပါတယ်။

၎။ လုပ်ရမယ့်အလုပ်တွေကို သိသာမြင်သာစေတယ်

ကိုယ်ဟာ စနစ်တကျစီမံခန့်ခွဲတတ်တဲ့သူဆိုရင်မဟုတ်ဘူးဆိုရင် ဘယ်အလုပ်ကိုဦးစားပေးလုပ်ရမလဲဆိုတာကို မစဉ်းစားတတ်ပါဘူး။ ရှုပ်ယှက်ခက်နေတဲ့အလုပ်စားပွဲဟာ ကြက်ဥအစပျောက်သလို ဘယ်နေရာကနေစပြီး အလုပ်လုပ်ရမလဲဆိုတာကို မသိလောက်အောင်ဖြစ်စေပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အလုပ်စားပွဲကိုရှင်းလင်းတဲ့အခါမှာ ဘယ်အလုပ်တွေကိုဦးစားပေးလုပ်သင့်သလဲဆိုတဲ့ အမှတ်အသားလေးတွေပါ သတ်မှတ်ထားပါ။

၅။ လိုအပ်တဲ့ပစ္စည်းတွေကို တစ်နေရာတည်းမှာထားပါ

အလုပ်လုပ်နေတုန်းမှာ ခဏခဏကြားဖြတ်တွေဝင်လာရင် အလုပ်မတွင်ကျယ်တော့ပါဘူး။ ပစ္စည်းတစ်ခုခုလိုတိုင်း ထရှာနေရတယ် သူများဆီကသွားယူနေရတယ်ဆိုရင် ကိုယ့်အလုပ်မှာအာရုံစိုက်ပြီးအလုပ်မလုပ်နိုင်တော့ပါဘူး။ ကိုယ်လိုအပ်တဲ့ ရုံးသုံးပစ္စည်းတွေ စာရေးကိရိယာပစ္စည်းတွေကို တစ်နေရာတည်းမှာတစုတစည်းတည်းထားပြီး လွယ်လွယ်ကူကူယူသုံးနိုင်အောင်လည်း ပြင်ဆင်ထားသင့်ပါတယ်။

ဒါဆိုရင်တော့ ဒီမြန်မာနှစ်သစ်မှာ ကိုယ့်ရဲ့အလုပ်စားပွဲကို သပ်ရပ်သန့်ရှင်းအောင်စနစ်တကျထားပြီး စိတ်သစ်လူသစ်နဲ့ အလုပ်တွေတွင်ကျယ်အောင် ပြုလုပ်ကြရအောင်။ ဒါနဲ့ ဒီနှစ်သစ်မှာ အလုပ်သစ်၊ အလုပ်ကောင်းကောင်းတွေနဲ့ တွေ့ဆုံချင်တယ်ဆိုရင်တော့ www.jobnet.com.mm မှာဝင်ရောက်ကြည့်ရှုပြီး ကိုယ်နဲ့သင့်တော်မယ့်အလုပ်တွေကို ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ အဲဒီအပြင် အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးမှာ အထောက်အကူပြုစေမယ့် အကြောင်းအရာတွေကိုလည်း ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။