13th February, 2019

သူတို့တွေ ဘယ်လိုအောင်မြင်ခဲ့သလဲ

အောင်မြင်တဲ့အလုပ်အကိုင်လမ်းကြောင်းပေါ်ရောက်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ အခက်အခဲတွေအများကြီးကို ရင်ဆိုင်ဖြတ်ကျော်ရမှာပါ။ အဲဒီလိုအချိန်မှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကိုကျော်ဖြတ်ခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်နေသူတွေရဲ့ အကြံပေးစကားတွေဟာ ကိုယ့်အတွက် စိတ်ဓာတ်ခွန်အားတက်ကြွစေပြီး တစ်ခါတလေမှာ ကိုယ်ရှာဖွေနေတဲ့အဖြေကိုတောင် ရသွားစေပါတယ်။

အဲဒါကြောင့် အောင်မြင်ကျော်ကြားသူတို့ရဲ့အတွေ့အကြုံနဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေကို အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးမှာ အထောက်အကူဖြစ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ အောင်မြင်မှုကြီးကြီးရဖို့ အဆင့်တစ်ဆင့်ချင်းဆီသွားပါ

အမေရိကန်နိုင်ငံရဲ့ လူကြိုက်များဆုံးရုပ်မြင်သံကြားအစီအစဉ်တွေထဲက နာမည်ကြီး The Oprah Winfrey Talk Show ရဲ့ အစီအစဉ်တင်ဆက်သူ Oprah Winfrey က တောင်အာဖရိကမှာပထမဆုံးပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားများပွဲတော်မှာ မျှဝေထားတဲ့ စကားလေးတစ်ခွန်းက အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးအတွက် အရမ်းကိုမှတ်သားစရာကောင်းပါတယ်။

“ဘ၀မှာ ဘယ်လောက်ပဲစိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေနဲ့ပဲတွေ့တွေ့ ကိုယ့်ထက်ကံဆိုးတဲ့သူတွေ အများကြီး ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။ နေ့တိုင်း ကိုယ်တတ်နိုင်သလောက် စွမ်းနိုင်သလောက် လုပ်သွားမယ်ဆိုရင် ဖြစ်ချင်တဲ့အရာတွေနဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ပုံဖော်နိုင်ပါလိမ့်မယ်။ ကိုယ့်ဖန်တီးချင်တဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုဆိုတာတွေက သူ့အလိုလိုဖြစ်လာမယ့်အရာ မဟုတ်ပါဘူး။ နေ့တိုင်း ပုံဖော်ခဲ့တဲ့အရာတွေကနေ ဖြစ်လာတာပါ” လို့ သူရဲ့အကြံဥာဏ်ကို မျှဝေထားပါတယ်။

၂။ ကျရှုံးမှာကိုစိုးထိတ်နေတဲ့အကြောက်တရားတွေကို ဖယ်ရှားလိုက်ပါ

အလုပ်အကိုင်လမ်းကြောင်းတစ်ခုမှာ အတွေ့အကြုံများတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လာတဲ့အခါမှာတော့ အဲဒီနယ်ပယ်နဲ့ပတ်သက်ပြီး အကောင်းအဆိုး၊ အနိမ့်အမြင့်အားလုံးကို ကြုံတွေ့ပြီးသား ဖြစ်နေပါလိမ့်မယ်။ ဥပမာ အလုပ်ထုတ်ခံရတွေ ရာထူးတိုးမခံရတာတွေ စတာတွေပေါ့။ ဒီလိုမျိုးတွေ တွေ့ကြုံလာခဲ့ရင် နာမည်ကြီး Crazy Rich Asians ဇာတ်ကားရဲ့ ဒါရိုက်တာ Jon M. Chu ပြောပြတဲ့ သူ့ရဲ့အတွေ့အကြုံကို သတိရလိုက်ပါ။

Chu ဟာ Crazy Rich Asians ဇာတ်ကားကိုမရိုက်ကူးခင်မှာ Jem and the Holograms ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ အဲဒီကားဟာ လူကြိုက်များမှုသိပ်မရခဲ့တဲ့အပြင် ရုံအစောကြီးအချခံခဲ့ရပါတယ်။ ဒါပေမဲ့ Chu ဟာ စိတ်ဓာတ်မကျဘဲနဲ့ ဒီထက်ပိုကောင်းမယ့် ဇာတ်ကားကိုဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Kevin Kwan ရေးသားထားတဲ့ Crazy Rich Asians ၀တ္ထုကိုတွေ့ပြီး ပိုကောင်းတဲ့နောက်ထပ်ဇာတ်ကားတစ်ခုကို စတင်ဖန်တီးခဲ့တယ်။ အဲဒီမှာ Chu ပြောခဲ့တဲ့စကားလေးက “ပထမဇာတ်ကားတုန်းက ရခဲ့တဲ့ဆုံးရှုံးကို ကျွန်တော်အရမ်းကြောက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီကြောက်ရွံ့မှုက ကျွန်တော့်ရဲ့နောက်ထပ်ရွေးချယ်မှုကို ပြောင်းလဲအောင်လုပ်လို့မရစေရဘူးလို့ ကျွန်တော့်ကို ကျွန်တော်အမြဲသတိပေးနေခဲ့တယ်။ ကြောက်လန့်မှုဆိုတာ တီထွင်ဖန်တီးနိုင်စွမ်းကို ဖျတ်ဆီးနိုင်တယ်။”

၃။ လမ်းကြောင်းပြောင်းဖို့လိုအပ်လာရင် ပြောင်းလိုက်ပါ

အမေရိကန်နိုင်ငံရဲ့ သမ္မတကတော်တစ်ဦးဖြစ်ခဲ့တဲ့ မီရှဲအိုဘားမားဟာဆိုရင် ပရင့်စတန်တက္ကသိုလ်ဘွဲ့ရ ဟားဗတ်ဥပဒေကျောင်းထွက်တစ်ဦး၊ ဥပဒေဆိုင်ရာဝန်ဆောင်မှုပေးတဲ့ ကော်ပိုရေးရှင်းတစ်ခုမှာ လုပ်ကိုင်ခဲ့ပြီး၊ အခုတော့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေမှာ လုပ်ကိုင်ရင်း စာတွေရေးနေတဲ့ တကယ့်ကိုအားကျအတုယူစရာကောင်းပြီး အောင်မြင်စမတ်ကျတဲ့ ဇနီးမယားတစ်ယောက် မိခင်တစ်ယောက်  ဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာ သူ့ဘ၀နဲ့ပတ်သက်ပြီးပြောပြသွားတာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့…

“ကျွန်မ ငယ်ငယ်က အတန်းထဲမှာ အမှတ်ကောင်းကောင်းရခဲ့တယ်။ အကောင်းဆုံးကျောင်းကို လျှောက်ခဲ့တယ်။ ပရင့်စတန်မှာရခဲ့တယ်။ ကုမ္ပဏီကောင်းကောင်းမှာ အလုပ်ဝင်လုပ်ခဲ့တယ်။ ကျွန်မက အပြောင်းအလဲလုပ်တတ်တဲ့သူမျိုး မဟုတ်ခဲ့ဘူး။ ပြောရမယ်ဆိုရင် ကျွန်မကစွန့်စားရဲတဲ့သူမျိုးမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီတစ်လျှောက်လုံးမှာ ကျွန်မပျော်ရွှင်ခဲ့ရဲ့လားဆိုရင် မပျော်ခဲ့ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကို ပြန်စဉ်းစားပြီး ဒါတွေက ဖြစ်သင့်လား၊ ဒါတွေက ငါလိုချင်တဲ့အရာလားဆိုပြီး ကိုယ့်ကိုကိုယ်ပြန်ပြီး မေးခွန်းထုတ်လိုက်တဲ့အခါမှာတော့ ၄၇ လွှာမှာရှိတဲ့ရုံးခန်းမှာထိုင်ပြီး စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေမယ့်အလုပ်ကို တစ်ဘ၀လုံးမလုပ်နိုင်ဘူးဆိုတာ သဘောပေါက်လာတယ်။ အဲဒီမှာတင် ကျွန်မ၀ါသနာပါတဲ့အလုပ်ကို ပြောင်းဖို့စတင်ခဲ့တော့တာပါပဲ။”

၎။ ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံပါ

အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Berkshire Hathaway ရဲ့ စီအီးအို Warren Buffet က အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးနဲ့ပတ်သက်ပြီး မျှဝေထားတဲ့အကြံဥာဏ်ကတော့ “ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးကိုသာ မြှင့်တင်လိုက်စမ်းပါ။ ကိုယ့်ရဲ့အရည်အချင်းက သုညကနေ ၁၀၀ အထိ ချက်ချင်းတက်လာလိမ့်မယ်။”

ဒါဆိုရင် သက်ဆိုင်ရာအလုပ်အကိုင်နယ်ပယ်တွေမှာ အတွေ့အကြုံရှိကြတဲ့ ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်တွေကိုလေ့လာပြီး ကိုယ့်ရဲ့မနက်ဖြန်တိုင်းကို ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော်လိုက်ပါ။