14th September, 2018

အင်တာဗျုးမှာဘာတွေပြန်မေးကြမလဲ

ကုမ္ပဏီက ကိုယ့်ကို အင်တာဗျုးလုပ်လို့ပြီးခါနီးအချိန်မှာ ကိုယ့်အတွက်အခွင့်အရေးကောင်း တစ်ခုရောက်လာပါပြီ။ ဒါကတော့ ကိုယ်က ပြန်လည်ပြီးမေးခွန်းမေးနိုင်တဲ့အချိန်ပဲဖြစ်ပါတယ်။ အလုပ်ရှင်ကလည်း သင့်ဆီက  မေးခွန်းတွေကိုစောင့်ကြို မျှော်လင့်နေကြမှာပါ။ သင့်ကိုမေးခွင့်ပေးတဲ့အချိန်မှာ မေးမြန်းခြင်းမပြုတာက သင်က မေးဖို့အတွက်မပြင်ဆင်လာတာလား ဒါမှမဟုတ် အလုပ်အကြောင်းကို စိတ်မဝင်စားတာလို့ ထင်မြင်သွားနိုင်ပါတယ်။ ဒါကြောင့် အင်တာဗျုးမဖြေခင်မှာ အလုပ်ရှင်ကို မေးမြန်းမယ့် မေးခွန်းတွေကို အနည်းဆုံး နှစ်ခု သို့မဟုတ် သုံးခုလောက်ကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။ ဒါဆိုဘယ်လိုမေးခွန်းတွေကိုမေးကြမလဲ…

နောက်ထပ် အင်တာဗျုးရှိသေးလားဆိုတာသိချင်ပါတယ်။

ဒီလိုမေးတဲ့အတွက် ကိုယ်ဘက်က ဘယ်လောက်ထိမျှော်လင့်ချက်ထားကြောင်းနဲ့ ဘယ်အချိန်မှာအလုပ်ခန့်ထားမလဲဆိုတာတွေ စတဲ့အရေးကြီးတဲ့သတင်းအချက်အလက်တွေကို ရရှိနိုင်ပါတယ်။

ကျွန်တော့်ရဲ့အရည်အချင်းတွေကိုထောက်ခံပေးမယ့်သူကိုလိုအပ်ပါသေးလား။

ဒါကတော့ ကိုယ့်အတွက်လည်း အကျိုးရှိသလို ကုမ္ပဏီအတွက်လည်း အကျိုှးရှိပါတယ်။ ကိုယ်ရဲ့အရင်အလုပ်မှာအောင်မြင်မှုတွေ ကိုယ်အလုပ်ကြိုးစားတဲ့အချက်တွေကို ထောက်ခံပေးတဲ့သူကတဆင့် အလုပ်ရှင်သိရှိနိုင်တဲ့အပြင် ကိုယ့်ကိုရွေးချယ်ဖို့ အခွင့်အရေးကို ရရှိနိုင်ပါတယ်။

ကျွန်တော့်ကိုဘယ်အချိန်မှာစပြီး အလုပ်ဆင်းစေချင်ပါသလဲ။

ဒီလိုမေးလိုက်ခြင်းက သင့်အတွက်အလုပ်ဝင်ဖို့ ပြင်ဆင်ချိန်ရသလို အလုပ်ရှင်တွေကလည်း သင့်ကို အနှေးနဲ့အမြန် ကုမ္ပဏီမှာ အလုပ်ဝင်ရောက်လုပ်ကိုင်စေချင်မှာဖြစ်ပါတယ်။ 

ပထမဆုံးတစ်လအတွင်းမှာ ကျွန်တော့်ဆီကနေ ဘယ်အတိုင်းအတာထိ  အောင်မြင်မှုတွေမျှော်လင့်ထား သလဲဆိုတာကို သိချင်ပါတယ်။

ဒီမေးခွန်းက ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုကို ကုမ္ပဏီဘက်က ဘယ်လောက်ထိမျှော်လင့်ထားသလဲ ဆိုတာကိုသိနိုင်တဲ့အပြင် ကိုယ်က ကုမ္ပဏီအောင်မြင်မှုအတွက်ဘယ် လောက်အလေးထားတဲ့သူ တစ်ယောက်လဲဆိုတာကို မြင်သာစေပါတယ်။

လာမယ့်နှစ်အတွက် ကုမ္ပဏီရဲ့ ရည်မှန်းချက် target က ဘာတွေဖြစ်မလဲဆိုတာသိချင်ပါတယ်။

ကုမ္ပဏီတိုင်းမှာ သူတို့ရဲ့တစ်နှစ်အတွင်း ဘယ်လောက်ထိအောင်မြင်မှုရရမယ်ဆိုပြီး ရည်မှန်းချက်ထားတာ ရှိပါတယ်။ ဒီလိုမေးခြင်းဖြင့် သူတို့တွေအောင်မြင်မှုအတွက် ဘယ်လောက်ကြိုးစားတယ်၊ ဘယ်လောက်ထိရည်မှန်းချက်ကြီးကြီးထားသလဲ သိနိုင်သလို ကိုယ်ကိုယ်တိုင်လည်း  တစ်ထောင့်တစ်နေရာကနေ ကြိုးပမ်းပေးနိုင်ဖို့ ပြင်ဆင်ထားနိုင်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်။

ကုမ္ပဏီရဲ့အဓိကပြိုင်ဘက်ကဘယ်သူတွေရှိပါသလဲ။

ကုမ္ပဏီရဲ့ပြိုင်ဘက်အနေနဲ့ ဘယ်ကုမ္ပဏီတွေရှိသလဲဆိုတာကိုမေးမြန်းလိုက်တဲ့အတွက် ကိုယ့်ရဲ့စိတ်ဝင်စားမှုကို ပြသနိုင်တဲ့အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါတယ်။ အလုပ်ရှင်အနေနဲ့လည်း ကိုယ်မသိတဲ့အချက်တွေ ပြိုင်ဘက်ကုမ္ပဏီတွေအကြောင်းကို ယေဘုယျပြောပြပေးနိုင်ပါလိမ့်မယ်။ ကိုယ်တိုင်ကလည်း တဖက်ကုမ္ပဏီတွေထက် သာလွန်ကောင်းမွန်အောင် ဘယ်လောက်ထိကြိုးစားရမလဲ ဆိုတာကိုပါ သိရှိနိုင်ပါတယ်။

တစ်ပတ်ကိုပုံမှန်အလုပ်ချိန်ပဲဆင်းရတာလား၊ အချိန်ပိုဆင်းရသေးလား။

ဒါကတော့ ကိုယ်ရဲ့အလုပ်ချိန်တွေနဲ့ နားချိန်တွေကိုချင့်ချိန်လို့ရတဲ့အတွက် မေးသင့်တဲ့မေးခွန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါမှ ကိုယ့်ဘဝတိုးတက်ဖို့အတွက် ပညာသင်ယူချိန်နဲ့ မိသားစုအတွက်အချိန်တွေကို စီမံခန့်ခွဲလို့ရနိုင်ပါတယ်။

အလုပ်နဲ့ပတ်သတ်တဲ့ ခရီးတွေသွားရမှာလား။

သင်က ခရီးတွေထွက်ရတာ ဝါသနာပါတဲ့သူတစ်ယောက် ဖြစ်ခဲ့ရင်တော့ ခရီးသွားခြင်းက အဆင်ပြေမှာဖြစ်ပေမယ့် ခရီးအရမ်းမသွားနိုင်တဲ့သူတွေအတွက်တော့ ကြိုတင်ညှိုနှိုင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုတွေမေးမြန်းတာက တခြားသူတွေနဲ့မတူ ကိုယ်က ကုမ္ပဏီအကြောင်းနဲ့ ပတ်သတ်ပြီး ကိုယ့်ရဲ့စိတ်အားထက်သန်မှုဘယ်လောက်ရှိတယ်၊ ကုမ္ပဏီအတွက် အဆင်သင့်ဖြစ်ဖို့ ကိုယ်ဘယ်လိုတွေပြင်ဆင်နေလဲဆိုတာကို မေးမြန်းသူတွေက သတိထားမိသွားနိုင်ပါတယ်။ ဒီမေးခွန်းတွေကို လေ့လာပြီး ကိုယ့်ရဲ့အင်တာဗျုးကို အကောင်းဆုံးဖြေဆိုပြီး ကျော်ဖြတ်လိုက်ကြရအောင်။