မကြာခင် အလုပ်အင်တာဗျူး ဖြေဆိုရတော့မှာလား? တခြားသူတွေနဲ့ယှဉ်ရင် ကိုယ့်ကိုပိုပြီး သတိထားမိအောင်လုပ်ဖို့အတွက် အကြံအိုက်နေပြီလား? အလုပ်အင်တာဗျူးမှာ အဆင်ပြေစေမယ့် ကိုယ်ဟန်မူရာတွေအတွက် အကြံကောင်းလေးတွေ ရှိပါတယ်။ အကြည့်ချင်းဆက်သွယ်မှု၊ အပြုံး၊ လက်မောင်း သို့မဟုတ် လက်တွေရဲ့ အနေအထား စတာတွေပါ။ တစ်စုံတစ်ယောက်နဲ့တွေ့ဆုံတဲ့အခါ ကိုယ်ပြောချင်တဲ့အရာကို နှုတ်အားဖြင့်ပြောခြင်းက ၇ ရာခိုင်နှုန်း သက်ရောက်မှုရှိပြီး သံနေသံထား၊ အသံအနိမ့်အမြင့်ကြောင့် ၃၈ ရာခိုင်နှုန်းသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ ကိုယ်ဟန်မူရာကြောင့် လိုရင်းရောက် သဘောပေါက်နားလည်နိုင်စွမ်းမှာ ၇၇ ရာခိုင်နှုန်း ရှိပါတယ်။ အခုပြောပြမယ့် အချက်လေးတွေက သေးသေးမွှားမွှားလေးတွေ ဆိုပေမဲ့ အလုပ်အင်တာဗျူးမှာ သက်တောင့်သက်သာပိုရှိပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုလာစေမယ့် အချက်လေးတွေ ဖြစ်ပါတယ်။
လမ်းလျှောက်တဲ့ကိုယ်ဟန်
အင်တာဗျူးဖြေမယ့် အဆောက်အဦထဲကို ဝင်လိုက်တာနဲ့ ကိုယ့်ကို စပြီးအကဲဖြတ်ကြတော့မှာပါ။ ကိုယ့်ကိုမြင်တာနဲ့ အထင်ကြီးလေးစားသွားစေဖို့ အရေးကြီးပါတယ်။ သက်တောင့်သက်သာရှိတဲ့ ကိုယ်နေဟန်ထားနဲ့ ယုံကြည်မှုရှိရှိလမ်းလျှောက်ဝင်သွားပြီး အင်တာဗျူးဖြေဆိုရပါမယ်။
ခိုင်မြဲတဲ့လက်ဆွဲနှုတ်ဆက်မှု
လက်ဆွဲနှုတ်ဆက်တဲ့အခါ လျော့တိလျော့ရဲ ဆုပ်ကိုင်နှုတ်ဆက်မိရင် ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်းအပေါ် ပေါ့ပေါ့လျော့လျော့အထင်ခံရနိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်ပြီးရင်လည်း ထိုင်ဖို့မပြောသေးသ၍ မထိုင်လိုက်ပါနဲ့ဦး။ ထိုင်ဖို့မပြောသေးဘဲ ထိုင်လိုက်ရင် ရိုင်းသလို၊ ရဲတင်းလွန်းသလို ဖြစ်သွားတာတော့ သတိပြုပါ။
ကိုယ်နေဟန်ထားကောင်းရှိပါစေ
တခြားတွေ့ဆုံမှုတွေမှာတော့ ကုလားထိုင်ပေါ် ပစ်လှဲချလိုက်တာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အခုက အလုပ်အင်တာဗျူး ဖြေတာဆိုတော့ ကုလားထိုင်မှာ လျော့တိလျော့ရဲထိုင်ပြီး ဖြေရင် ကိုယ့်ကို ဘဝင်မြင့်တဲ့လူ၊ ပျင်းရိသူအဖြစ် မှတ်ချက်ပေးတာခံရမှာပါ။ အင်တာဗျုးမယ့်ပုဂ္ဂိုလ်နဲ့ မျက်နှာချင်းဆိုင်ထိုင်တဲ့အခါမှာလည်း အရမ်းနီးရင်လည်း မကောင်းပါဘူး။ နည်းနည်းလောက် ခွာပြီးထိုင်ပါ။ လက်ပြင်မကိုင်းစေဘဲ ကျောဆန့်ပြီး ခါးမတ်မတ်ထိုင်သင့်ပါတယ်။
ခန္ဓာကိုယ်ကို တွန့်လိမ်နေတဲ့ အနေရအထားမျိုးမဖြစ်အောင်၊ စားပွဲနဲ့ထိမနေအောင် သတိထားသင့်သလို လက်တွေခြေတွေက ဆော့ကစားနေတာမျိုးလည်း မဖြစ်ရပါဘူး။ အဲ့လိုတွေလုပ်နေတာက ဘာမှပြင်ဆင်မထားလို့ စိတ်လှုပ်ရှားနေပုံပေါ်နေပြီး အခန်းထဲက မြန်မြန်ထွက်ချင်နေသူအဖြစ် မြင်သွားစေပါတယ်။
မျက်လုံးချင်းဆုံပါစေ
ဒါက ယုံကြည်မှုရှိခြင်းရဲ့ လက္ခဏာတစ်ခုပါ။ အင်တာဗျူးသူရဲ့ မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံခြင်းက ပွင့်လင်းမှု၊ စိတ်ဝင်စားမှုနဲ့ ဆွေးနွေးလိုစိတ်ရှိပုံပေါ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ခြင်းလည်းဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အင်တာဗျူးမယ့်ပုဂ္ဂိုလ်နဲ့ ရှေ့တည့်တည့်မှာထိုင်ခြင်းက အကြည့်ချင်းဆက်သွယ်လို့ရသလို သူ့ကိုအားပေးထောက်ခံရာလည်းရောက်ပါတယ်။
ရင်ဖွင့်ထားပါ
လက်တွေကိုယှက်ထားရင် ခုခံကာကွယ်တဲ့အနေအထားနဲ့ တူနေပါလိမ့်မယ်။ အဲ့ဒီကိုယ်နေဟန်ထားက သက်တောင့်သက်သာမရှိပုံလည်းပေါ်ပါတယ်။ ရင်ကိုဖွင့်ထားပြီး ပခုံးတွေညွှတ်ကိုင်းမနေအောင် ထိုင်သင့်ပါတယ်။
လက်တွေရဲ့လှုပ်ရှားမှု
လူတွေဟာ စိတ်ထဲမှာ ပူပန်သောကတွေရှိနေရင် လက်တွေကို နောက်ပစ်ထားတာ ဒါမှမဟုတ် အိတ်ကပ်ထဲထည့်ထားပြီး ဖွက်ထားလေ့ရှိပါတယ်။ ဒီကိုယ်နေဟန်ထားက အဆင်မပြေကြောင်းပြသနေသလိုပါပဲ။ သဘာဝကျကျလေး ရှိနေပါစေ။
ပြုံးပါ
အင်တာဗျူးဖြေနေချိန်မှာ စိတ်ဖိစီးနေတော့ အချိန်တိုင်းပြုံးဖို့က မလွယ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အပြုံးဟာ အကောင်းမြင်စိတ်ရှိကြောင်း၊ ကုမ္ပဏီမှာ အလုပ်လုပ်ရမှာ နှစ်သက်ကြောင်း ပြသရာရောက်တာမို့ အင်တာဗျူးဖြေချိန်မှာ ပြုံးပြုံးလေးပဲဖြေပါ။
ခေါင်းညိတ်ခြင်း
အင်တာဗျူးဖြေချိန်အတွင်းမှာ အပြန်အလှန် ပြောဆိုတာတွေ ရှိပါတယ်။ တစ်ဖက်က ပြောနေတာကို ခေါင်းလေးညိတ်ပေးတာက သတိထားနားထောင်နေကြောင်း ပြသရာရောက်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင်တော့ အင်တာဗျူးနဲ့ ပတ်သတ်ပြီး အလွန်အကျွံတွေးနေတာမျိုး မလုပ်ပါနဲ့။ ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲတင်းတင်း မေး၊ ဖြေပါ။ ခန္ဓာကိုယ် အမူအရာ၊ ကိုယ်နေဟန်ထားကလည်း အပြုသဘောဆန်ပါစေ။ ကိုယ်မသိတဲ့လူရဲ့ ရှေ့တည့်တည့်မှာထိုင်ပြီး မေးသမျှဖြေနေရတာက စိတ်ဖိစီးမှုဖြစ်ပြီး သက်တောင့်သာတော့ မရှိပါဘူး။ ဒါပေမဲ့လည်း အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေကို မှတ်ထားလိုက်ပါ။ စိတ်လှုပ်ရှားနေတာလေးတွေကို ဖုံးဖိထားပြီး ကိုယ်ဟန်မူရာကောင်းတွေနဲ့ အင်တာဗျူးဖြေခဲ့မယ်ဆို အလုပ်ရဖို့အခွင့်အလမ်း ပိုများသွားမှာဖြစ်ပါတယ်။