7th January, 2019

အလုပ်ထဲကသောကတွေကို နှစ်ဟောင်းနဲ့အတူထားခဲ့ဖို့ နည်းလမ်း ၄ သွယ်

ဒီနှစ်အတွက် နှစ်သစ်ကူးဆုံးဖြတ်ချက်တွေက အစားလျော့စားမယ်တို့၊ ပိုက်ဆံစုမယ်တို့၊ ၀ိတ်လျော့မယ်တို့၊ လေ့ကျင့်ခန်းလုပ်မယ်တို့ပဲလား။ နောက်ပြီး ဒီနှစ်သစ်ဆုံးချက်ဖြတ်ချက်တွေက ဖေဖော်ဝါရီလကုန်အထိ တောင်ခံပါ့မလား။ ဒီလိုဆုံးဖြတ်ချက်တွေအစား နှစ်သစ်မှာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို ပိုမိုတိုးတက်စေမယ့် အရာတွေကိုစဉ်းစားကြည့်ရအောင်။ မနှစ်ကကြုံခဲ့ရတဲ့လုပ်ငန်းခွင်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို နှစ်သစ်မှာဘယ်လိုကျော်လွှားကြမလဲဆိုတာ လေ့လာကြည့်ရအောင်။

တိုးတက်မှုမရှိဘဲ ပိတ်မိနေသလား

ကိုယ်မပျော်ရွှင်တဲ့အလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့အခါမှာ ဒါမှမဟုတ် ရာထူးမတိုးဘဲတစ်နေရာတည်းမှာအကြာကြီးနေရတဲ့အခါမှာ ကိုယ့်ဘ၀မှာတက်လမ်းမရှိသလို ခံစားရဖူးလား။ ဒီလိုခံစားချက်ကြောင့် အလုပ်လုပ်ချင်စိတ်တွေလျော့ကျမယ်၊ အလုပ်မှာမကျေမနပ်နဲ့ညည်းညူလာမယ်၊ နောက်ဆုံးမှာ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် အထက်လူကြီးနဲ့အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပြီး ရုတ်တရက်အလုပ်ထွက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုမျိုးစိုးရိမ်ပူပန်မှုကို ကျော်လွှားချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ပတ်သတ်ပြီး အလုပ်အသစ်လိုချင်တာပဲဖြစ်ဖြစ်၊ လုပ်ငန်းနယ်ပယ်ပြောင်းချင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ပိုကောင်းတဲ့အလုပ်ရချင်တာပဲဖြစ်ဖြစ် ရည်ရွယ်ထားတယ်ဆိုရင် အဲဒီရည်ရွယ်ထားတဲ့အစီအစဉ်အတိုင်း လုပ်ပါ။ ကိုယ့်ရဲ့အလုပ်အကိုင် လမ်းကြောင်းတိုးတက်ဖို့ လိုအပ်တဲ့လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်းတွေအတွက် သင်တန်းတွေတတ်တာပဲဖြစ်ဖြစ်၊ ကိုယ်ပြောင်းချင်တဲ့လုပ်ငန်းနယ်ပယ်မှာ ဘယ်ကုမ္ပဏီမျိုးတွေက အလုပ်ခေါ်ယူနေသလဲဆိုတာကိုသိရှိဖို့ အချိတ်အဆက်ကောင်းတဲ့ နေရာတွေနဲ့လည်း ချိတ်ဆက်ထားဖို့လိုပါတယ်။ JobNet.com.mm မှာဆိုရင် မြန်မာနိုင်ငံရဲ့ လုပ်ငန်းနယ်ပယ်ပေါင်းစုံက ထိပ်တန်းကုမ္ပဏီတွေရဲ့ ခေါ်ယူနေတဲ့အလုပ်အကိုင်တွေကို ရှာဖွေနိုင်တဲ့အပြင် အလုပ်အကိုင်နဲ့သက်ဆိုင်တဲ့ အကြံဉာဏ်တွေကိုလည်း လေ့လာနိုင်ပါတယ်။

ရည်ရွယ်ထားတဲ့ပန်းတိုင်ကို မရောက်ခဲ့ဘူးလား

တစ်ခါတလေမှာ လူတွေဟာ သူတို့အလုပ်နဲ့ပတ်သက်ပြီး အရမ်းပြီးပြည့်စုံချင်လွန်းလို့ ရည်ရွယ်ချက်ပန်းတိုင်တွေကို လက်တွေ့မဆန်ဘဲ အရမ်းအမြင့်ကြီးတွေ ချထားတတ်ပါတယ်။ အဲဒီလို လက်တွေ့မဆန်တဲ့ရည်ရွယ်ချက်တွေ အကောင်အထည်မပေါ်လာတဲ့အခါမှာ သူတို့ကိုအရည်အချင်းမမီတဲ့သူတွေအဖြစ် ထင်မြင်မှာကို စိုးရိမ်တတ်ကြပြန်ပါတယ်။

ဒီလိုမျိုး စိုးရိမ်မှုကိုကိုင်တွယ်ရမယ့်နည်းလမ်းကတော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို လက်တွေ့ကျကျချမှတ်ပြီး ကိုယ်လုပ်နိုင်တဲ့အလုပ်တွေကို အကောင်းဆုံးနဲ့ စနစ်တကျလုပ်ကိုင်တတ်ဖို့ပါပဲ။

ကိုယ့်ကိုကိုယ်သံသယဖြစ်နေသလား

ဒီလိုစိုးရိမ်ပူပန်မှုကတော့ ခေါင်းဆောင်မှုရာထူးအပိုင်းမှာ စတင်ပြီးတာဝန်ယူရမယ့်သူတွေ အဖြစ်များပါလိမ့်မယ်။ ပိုပြီးလေးလံတဲ့တာဝန်တွေကို စပြီးယူရတော့မယ်ဆိုတဲ့အခါမှာ ဒီအလုပ်တွေကို ပြီးစီးအောင်မြင်အောင်လုပ်နိုင်ပါ့မလား ဆိုပြီး ကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းတွေကို သံသယ၀င်လာ နိုင်ပါတယ်။ နောက်ပြီး တခြားသူတွေရဲ့အပြစ်ပြောခံရမှာတွေကိုလည်း တွေးပူပြီး စိုးရိမ်စိတ်တွေ ဖြစ်လာပါတယ်။

ဘယ်သူမဆို ရာထူးအသစ်၊ အလုပ်အသစ်ကို စပြီးတာဝန်ယူရတဲ့အချိန်မှာ အခက်အခဲတွေကတော့ ကြုံတွေ့ရတာပါပဲ။ အဲဒီအခါမှာ ကိုယ့်ကိုကိုယ်သံသယဖြစ်နေမယ့်အစား ကိုယ်တာဝန်ယူရမယ့်အလုပ်နဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်အသစ်တွေ၊ လုပ်ငန်းခွင်ဆိုင်ရာ အခြေခံသဘောတရားတွေနဲ့ အဖွဲ့သားအသစ်တွေအကြောင်းကို လေ့လာထားရပါမယ်။ အလုပ်အသစ်တစ်ခုမှာ စ၀င်ပြီဆိုတာနဲ့ မရင်းနှီးတဲ့အလုပ်ဆိုတာ ရှိစမြဲပါပဲ။ ဒါပေမဲ့ ဘယ်နေရာမှာမဆို လူမှုဆက်ဆံရေးကတော့ အဓိကကျပါတယ်။ ဒါကြောင့် ကိုယ်တစ်ခုခုသိချင်တာရှိရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ အထက်လူကြီးတွေကို မေးမြန်းရမှာကို စိုးရိမ်မနေပါနဲ့။

အလုပ်ထုတ်ခံရမှာကို စိုးရိမ်နေသလား

လူတွေဟာ အပြောင်းအလဲကို ကြောက်ကြပါတယ်။ အလုပ်တစ်ခုတည်းမှာ နှစ်အကြာကြီးလုပ်ခဲ့တဲ့ပြီး ဒီအလုပ်နဲ့လည်းအသားကျသွားတဲ့သူတွေဟာ နောက်အသစ်တစ်ခုပြောင်းရင် လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တစ်နေရာတည်းမှာပဲငြိမ်သက်နေကြပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်လို တိုးတက်ပြောင်းလဲလာတဲ့အချိန်မှာ ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းတွေဟာလည်း ဒီလိုပြောင်းလဲမှုကို အမီလိုက်နိုင်အောင်လို့ အရမ်းကြိုးစားနေရပါတယ်။ အဲဒါကြောင့်လည်း သူတို့ရဲ့လုပ်ငန်းမှာလည်း အပြောင်းအလဲကိုအမီလိုက်နိုင်တဲ့ အမြဲလေ့လာနေတဲ့သူတွေကိုပဲ ခန့်ထားချင်ပါတော့တယ်။

ကိုယ့်ရဲ့ကုမ္ပဏီမှာ အပြောင်းအလဲတွေစလုပ်နေပြီဆိုရင် စိုးရိမ်နေမယ့်အစား အရင်ဆုံး ပြောင်းလဲမှုတွေကိုအမီလိုက်ဖို့ လုပ်ငန်းအတွက်လိုအပ်တဲ့ အသိပညာတွေကိုလေ့လာပါ။ ပြီးရင် အရေးပေါ်အခြေအနေတွေအတွက် အလုပ်အကိုင်ဈေးကွက်ကို မျက်ခြေမပျက်လေ့လာထားပါ။ တကယ်လို့ ပိုကောင်းတဲ့အလုပ်အကိုင်အသစ်တွေကိုတွေ့ခဲ့ရင်လည်း ကိုယ့်ဘ၀တက်လမ်းအတွက် ပြောင်းသင့်ရင်ပြောင်းရပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ အပြောင်းအလဲတွေကို ကြောက်မနေပါနဲ့။ အဲဒီအပြောင်းအလဲတွေကြားမှာ ကိုယ့်ဘယ်လိုလိုက်လျောညီထွေဖြစ်အောင် လုပ်မလဲဆိုတာပဲ စဉ်းစားပါ။

ကိုယ့်ဘ၀တက်လမ်းအတွက် ပိုကောင်းတဲ့အလုပ်အကိုင်တွေကိုရှာဖွေချင်လို့ပဲဖြစ်ဖြစ် အလုပ်အကိုင်ဈေးကွက်မှာ ခေါ်ယူမှုများနေတဲ့အလုပ်အကိုင်တွေကို သိချင်ရင်ပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီတွေအကြောင်းကို သိချင်ရင်ပဲဖြစ်ဖြစ် JobNet.com.mm ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။