5th March, 2019

အလုပ်ထဲမှာ အဆိုးမြင်တတ်တဲ့သူတွေနဲ့ဆက်ဆံတဲ့အခါ

လုပ်ငန်းခွင်မှာ အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် အလုပ်နဲ့ပတ်သက်လို့ အမြဲမကျေမနပ်ဖြစ်တတ်ပြီး အဆိုးမြင်တတ်တဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်တွဲလုပ်ရတာဟာ တစ်ခါတလေမှာ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အဲဒီလိုလူမျိုးတွေကြောင့် ကိုယ့်အဖွဲ့ထဲမှာလည်း ပဋိပက္ခလေးတွေဖြစ်တတ်သလို တစ်ခါတလေမှာ ကိုယ့်ရဲ့ပုံရိပ်ကိုလည်းညစ်နွမ်းစေပါတယ်။ ဒါဆို အလုပ်ထဲမှာ အဆိုးမြင်သူတွေနဲ့မဖြစ်မနေဆက်ဆံရတဲ့အခါမှာ ကိုယ့်ဘက်ကနေဘယ်လိုမျိုး အကောင်းဆုံးပြုမူကြမလဲ။

တစ်ပါးသူရဲ့ခံစားချက်ကို နားလည်နိုင်ခြင်းအလေ့အထ

တခြားသူတစ်ယောက်ရဲ့ခံစားချက်ကို နားလည်နိုင်ခြင်းဟာ လူသားဆန်တဲ့လုပ်ငန်းခွင် ဆက်ဆံရေးနဲ့ ယုံကြည်မှုကို တည်ဆောက်တဲ့အခါမှာ အရမ်းကိုအရေးကြီးပါတယ်။ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကိုယ့်ဆီလာပြီး သူမကျေမနပ်ဖြစ်နေတဲ့ကြောင်းလာပြီးပြောနေရင် အကြောင်းအရင်းကိုမေးမြန်းကြည့်ပြီး ပြေရာပြေကြောင်းပြောကြည့်ပါ။ သူနဲ့လိုက်ပြီးအပြိုင်ပြောရင် မီးလောင်ရာလေပင့်ဖြစ်သွားတတ်ပြီး တချို့စကားတွေကကိုယ်ပြောတယ်ဖြစ်သွားပြီး ကိုယ့်အဆိုးဖြစ်ပါလိမ့်မယ်။ သူတို့တွေက ကိုယ့်ရဲ့အရှေ့မှာဒီလိုမျိုး ငြီးတွားပြီးစောဒကတတ်နေတယ်ဆိုတာ တကယ်တော့နှစ်သိမ့်မှုလိုချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ ကိုယ်ကမီးလောင်ရာလေပင့်ပြီး ပြောမယ့်အစား ပြောရာပြောကြောင်းပြောပြီး ကိုယ်တတ်နိုင်သလောက် ကောင်းမွန်တဲ့အကြံပေးပြီး ကူညီပေးလိုက်ပါ။

အလုပ်နဲ့ ကိုယ်ရေးကိုယ်တာခံစားချက်တွေကို ပိုင်းခြားထားပါ

နောက်တစ်ချက် မှတ်ထားရမှာက ဒီလိုမျိုးအဆိုးမြင်တတ်တဲ့လုပ်ဖော်ကိုင်ဖက်တွေကြောင့် ကိုယ် ကိုယ်တိုင်လည်း အလုပ်နဲ့ပတ်သက်ပြီး အဆိုးတွေမြင်လာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အလုပ်နဲ့ စိတ်ခံစားချက်တွေကို မရောယှက်အောင်ပြုလုပ်ပါ။ အဲဒီလိုပြုလုပ်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ အလုပ်မှာ အကောင်းမြင်စိတ်ရှိတဲ့ပတ်ဝန်းကျင်မှာပဲ တတ်နိုင်သလောက်နေပါ။ ကိုယ့်ရဲ့အပြုအမူနဲ့ ခံစားချက်တွေက ကိုယ့်ရဲ့အဆင့်အတန်းကိုပြောပြနေတယ်ဆိုတဲ့ စကားက ကိုယ်ပိုင်ဘဝအတွက်ရော လုပ်ငန်းခွင်အတွက်ရော မှန်ပါတယ်။ အဲဒါကြောင့် အလုပ်မှာလည်း ကောင်းမွန်တဲ့ခံစားချက်တွေဖြစ်အောင် အကောင်းမြင်တတ်တဲ့သူတွေနဲ့ပဲ တတ်နိုင်သလောက်ပေါင်းသင်းဆက်ဆံပါ။ ကိုယ့်ရဲ့အဖွဲ့ထဲကတစ်ယောက်က သူမကျေနပ်တဲ့အရာနဲ့ပတ်သက်ပြီး အဆက်မပြတ်ငြီးတွားနေပြီဆိုရင်တော့ ကိုယ့်ရဲ့အလုပ်ကိုသာအာရုံစိုက်ပြီးနေလိုက်ပါ။ ဒါဆိုရင်တော့ သူ့ရဲ့အပြုအမူတွေနဲ့ သဘောထားတွေက ကိုယ့်ဆီကိုသက်ရောက်မှုမရှိနိုင်တော့ပါဘူး။

အခြေအနေတွေကိုပြောင်းလဲလိုက်ပါ

တစ်ခါတလေမှာ အဆိုးမြင်စိတ်ရှိတဲ့သူတွေနဲ့ မဆက်ခံချင်သော်လည်း လုပ်ငန်းသဘောအရ ပြောဆိုဆက်ဆံရတာတွေရှိပါတယ်။ အဲဒီလိုအချိန်မျိုးမှာ သူ့ရဲ့မကျေမနပ်ချက်တွေကို ဖွင့်ဟနေတယ်ဆိုရင်တော့ စကားလမ်းကြောင်းလွှဲတာမျိုး ခေါင်းစဉ်ပြောင်းတာမျိုးလုပ်လိုက်ပါ။ ဒါမှမဟုတ်လည်း သူ့ပြဿနာရဲ့အကြောင်းအရင်းအမှန်ကို တိုက်ရိုက်ဖွင့်မေးပြီး ကိုယ်ကူညီပေးအကြံဉာဏ်ပေး ကူညီလို့ရရင်ကူညီလိုက်ပါ။ အဆင်ပြေသွားအောင် ကူညီလိုက်နိုင်ရင်လည်း အလုပ်ထဲမှာ ကိုယ့်ရဲ့ပုံရိပ်ကိုတိုးစေနိုင်တာပေါ့။

တကယ်တော့ အလုပ်ထဲမှာအဆိုးမြင်ဝါဒရှိတဲ့သူတွေ၊ ဂွတီးဂွကျနိုင်တဲ့သူတွေနဲ့ တည့်အောင်နေနိုင်တယ် ဆိုတာကလည်း ကိုယ့်ရဲ့လူမှုဆက်ဆံရေးကောင်းမွန်ရဲ့ပုံရိပ်ကို ဖော်ပြနေတာပါပဲ။ လက်တွေ့ဘဝမှာ ကိုယ်မနှစ်သက်တဲ့သူနဲ့ မဆက်ဆံချင်ပေမဲ့လည်း လုပ်ငန်းသဘောအရဆက်ဆံနေရမှာဖြစ်တဲ့အတွက် ကိုယ့်ဘက်ကနေတော့ အကောင်းဆုံးပြုမူပေးလိုက်ပါ။ သူ့ရဲ့စိတ်နေစိတ်ထားက သူ့ရဲ့ပုံရိပ်ကိုဖော်ပြနေမှာဖြစ်ပြီး ကိုယ့်ရဲ့စိတ်နေစိတ်ထားကလည်း ကိုယ့်ရဲ့ပုံရိပ်ကိုဖော်ပြပေးမှာပါ။