15th June, 2018

အလုပ်ထဲမှာ အရင်ကထက်ပိုပြီး ပျော်ရွှင်လာစေမယ့် လုပ်ဆောင်မှု (၄) ခု

တစ်ပတ်ကို ၅ ရက်ထက်မနည်း အလုပ်လုပ်နေရတဲ့အတွက် ဦးနှောက်တွေဟာ လုပ်ငန်းခွင်ကို ချစ်ခင်မြတ်နိုးမှု၊ တက်ကြွပျော်ရွှင်မှုနဲ့ စိတ်သက်တောင့်သက်သာရှိနေဖို့ လိုအပ်ပါတယ်။ စိတ်ခံစားချက်တွေ ကောင်းနေရင် အလုပ်တွေပိုလုပ်နိုင်ပြီး ကုမ္ပဏီအတွက်လည်း အကျိုးအမြတ် ရလဒ်ကောင်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့လို့ အလုပ်ထဲမှာ ဝန်ထမ်းတွေ ပျော်ရွှင်နေဖို့အတွက် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတွေ ရှိပါတယ်။

 

(၁) ကစားနည်း၊ ပြိုင်ပွဲလေးတွေ

နားနေခန်းထဲမှာ ဝန်ထမ်းတွေ စိတ်ပြေလက်ပျောက်ကစားရမယ့် ကစားနည်းတွေကို ဖန်တီးထားနိုင်ပါတယ်။ ကစားနည်းတွေကို အဖွဲ့လိုက်ယှဉ်ပြိုင်စေပြီး ဆုချီးမြှင့်ပေးရင် အကုန်လုံးက ကစားချင်ကြမှာပါ။ စိတ်ဖိစီးမှုတွေပျောက်ပြီး ဝန်ထမ်းတွေအချင်းချင်း ပိုရင်းနှီးလာနိုင်ပါတယ်။

 

(၂) ဆွေးနွေးမျှဝေတဲ့အစီအစဉ်

ဝန်ထမ်းအချင်းချင်း လုပ်ငန်းထဲက အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးတဲ့ အစီအစဉ်လေးတွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ အလုပ်ထဲက ပြဿနာတွေ၊ သဘောသဘာဝတွေကို ဂျူနီယာအဆင့် ဝန်ထမ်းတွေနဲ့ လုပ်ငန်းနယ်ပယ်ကို စိတ်ဝင်စားတဲ့ လုပ်ဖော်ကိုင်ဘက်တွေက နားထောင်ချင်ကြမှာပါ။ ကိုယ့်ထက်စီနီယာကျသူတွေ ပြောပြတဲ့ စကားတွေကို နားထောင်ပြီး အပြန်အလှန်ဆွေးနွေးတဲ့ ကဏ္ဍလေးနဲ့ဆို ကုမ္ပဏီအတွက်ရော ဝန်ထမ်းတွေအတွက်ပါ အကျိုးရှိစေပါတယ်။

 

(၃) မွေးနေ့နဲ့ အထိမ်းအမှတ်ပွဲလေးတွေ

လစဉ်လတိုင်းမှာ အနည်းဆုံး ရက်တစ်ရက် သတ်မှတ်ပြီးတော့ ဝန်ထမ်းတွေရဲ့ မွေးနေ့ပွဲ ကျင်းပတာမျိုးက ဝန်ထမ်းတွေအပေါ် ကုမ္ပဏီဘက်က အလေးထားဂရုစိုက်ကြောင်း ပြသရာရောက်ပါတယ်။ ဝန်ထမ်းတွေကလည်း ပျော်ပါတယ်။ ကုမ္ပဏီအထိမ်းအမှတ်နေ့တွေ၊ ဝန်ထမ်းတွေရဲ့ အထိမ်းအမှတ်နေ့တွေကိုလည်း ပျော်စရာပါတီလေးတွေ ကျင်းပပေးမယ်ဆို ပျော်စရာကောင်းတဲ့လုပ်ငန်းခွင်တစ်ခု ဖြစ်နေတော့မှာပါ။

 

(၄) ပင်ကိုယ်အရည်အချင်းမြှင့်တင်ပေးမှု

ဝန်ထမ်းရဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်တက်လာအောင် သင်တန်းလေးတွေ ပေးတာကလည်း အလုပ်ခွင်ကို ချစ်မြတ်နိုးလာစေပါလိမ့်မယ်။ ပင်ကိုယ်အရည်အချင်းတွေ တိုးတက်လာအောင်၊ အလုပ်အကိုင်လမ်းကြောင်းမှာ ပိုထူးချွန်လာအောင် အပြင်က ဆရာတွေငှားပြီး ရုံးထဲမှာ training လေးတွေ လုပ်ပေးမယ်ဆိုရင် ဝန်ထမ်းဘက်က အလုပ်ကြိုးစားချင်စိတ်တွေ ဖြစ်လာပါတယ်။ သူ့ရဲ့ အရည်အသွေးကို မြှင့်တင်ပေးတဲ့အလုပ် ဖြစ်တာမို့ နောက်အလုပ်တွေကိုလည်း တော်ရုံနဲ့ မပြောင်းချင်တောာ့ပါဘူး။

 

လုပ်ငန်းခွင်တစ်ခုမှာ ဝန်ထမ်းကောင်းတစ်ဦး မြဲနေဖို့ဆိုတာ အကြောင်းအရာ အများကြီးနဲ့ ဆက်နွှယ်နေပါတယ်။ အလုပ်လုပ်ရတဲ့ဝန်၊ လုပ်ငန်းခွင်အနေအထား၊ လစာ၊ အလုပ်သွား အလုပ်ပြန် လမ်းကြောင်း စတာတွေက ဝန်ထမ်းရဲ့ လုပ်ငန်းခွင်ပျော်ရွှင်မှုနဲ့ ဆက်စပ်နေပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ လှုပ်ရှားမှုတွေ ရှိနေရင်တော့ ဝန်ထမ်းဟာ သူ့ရဲ့လုပ်ငန်းခွင်မှာ အခြားအဆင်မပြေမှုတွေရှိနေသည့်တိုင်အောင် ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်ကို ထိထိရောက်ရောက် စွမ်းအောင်လုပ်ကိုင်နေမှာ ဖြစ်ပါတယ်။