8th June, 2018

အလုပ်ထဲမှာ ရှောင်ကြဉ်ရမယ့် အကျင့်ဆိုးတွေ

လုပ်ငန်းခွင်ထဲမှာ မလုပ်သင့်တဲ့ အမူအကျင့်တွေကတော့ အခြေခံ အလုပ်ကျင့်ဝတ်တွေအပြင် လုပ်ငန်းခွင်သဘောတရားပေါ် မူတည်ပြီးတော့လည်း ထပ်ရှိနိုင်ပါသေးတယ်။ လုပ်ငန်းခွင်ထဲမှာ အရာလုံးအဆင်ပြေချောမွေ့အောင် နေဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကိုပါ အဆုံးသတ်သွားစေမယ့် အကျင့်တွေဆိုရင်တော့ ရှောင်ကိုရှောင်ရမှာဖြစ်ပါတယ်။

 

(၁) ပြဿနာကိုတအုံ့နွေးနွေးထားပြီးရှောင်တယ်

တစ်ယောက်ယောက်က ကိုယ့်ကိုအထင်လွဲနေတာကို အာဃာတတွေ ထားပြီး ရှောင်နေစရာမလိုပါဘူး။ မျက်နှာချင်းဆိုင်ပြီး ရှင်းလိုက်ပါ။ ပြဿနာကိုရှောင်နေရင် အလုပ်လုပ်ရတာ အဆင်မပြေ ဖြစ်လာပါလိမ့်မယ်။

 

(၂) အထက်လူကြီးကိုမရှောင်ရဘူး

လုပ်ဖော်ကိုင်ဖက်တွေ၊ ရာထူးတူသူတွေနဲ့ပဲ ပြောဆိုဆက်ဆံပြီး အထက်လူကြီးနဲ့ စကားပြောဖို့အတွက်ကို တွန့်ဆုတ်နေတာ ကိုယ့်အတွက်မကောင်းပါဘူး။ ကိုယ့်ရဲ့အထက်လူကြီးကပဲ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်မှာဖြစ်ပြီး လစာတိုးမြှင့်ဖို့အတွက်ကိုလည်း သူကပဲဆုံးဖြတ်မှာမို့လို့ပါ။ ပြဿနာတွေ အခက်အခဲတွေရှိလာရင် အထက်လူကြီးကို ပြောပြတိုင်ပင်သင့်ပါတယ်။

 

(၃) အောက်ခြေလွတ်တဲ့အမူရာတွေ

ကိုယ့်ရဲ့နယ်ပယ်ထဲမှာ အကောင်းဆုံးဖြစ်နေပေမဲ့ ဘယ်သူကမှ ကိုယ်နဲ့တွဲပြီးအလုပ်မလုပ်ချင်ဘူးဆိုရင်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ကိုယ်က အရမ်းထူးချွန်နေလို့ သူများကို အထင်သေးသလို၊ ဘဝင်မြင့်တဲ့ အပြုအမူမျိုးတွေဟာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကိုပါ ပျက်စီးသွားစေနိုင်ပါတယ်။ ရန်လိုသူတွေလည်းများလာပြီး တိုးတက်ရမယ့်လမ်းကြောင်းတွေပါ ပိတ်သွားနိုင်ပါတယ်။

 

(၄) သင်းကွဲ

အဖွဲ့လိုက်လုပ်ဆောင်ရမယ့် ကိစ္စတွေကို ငြင်းဆန်တာမျိုးက အဆိုးရွားဆုံးပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာမျိုးမလုပ်ဘူး၊ တစ်ယောက်တည်း ကိုယ့်အလုပ်ကိုယ်လုပ်နေတာမျိုးက အဖွဲ့အစည်းတွေမှာ အတော်ကို အံမဝင်တဲ့ အကျင့်ဆိုးလို့တောင် ပြောရပါမယ်။

 

(၅) တာဝန်ကျေရုံပဲလုပ်တယ်

ကိုယ့်ကိုပေးထားတဲ့ လုပ်ခလစာနဲ့ တန်ရုံပဲ အလုပ်လုပ်တဲ့ တာဝန်ကျေဝန်ထမ်းမျိုးဟာ ရှေ့ဆက်တိုးတက်ဖို့အတွက် မဖြစ်နိုင်သလောက်ပါပဲ။ ကိုယ်ရွေးချယ်ထားတဲ့ အလုပ်အကိုင်လမ်းကြောင်း ဖြစ်တာနဲ့အညီ ကိုယ့်ရဲ့စွမ်းရည်တွေ တက်လာအောင် အလုပ်ကိုအာရုံစိုက်ဖို့လိုပါတယ်။ တာဝန်မကျေပွန်တဲ့ဝန်ထမ်းအဖြစ် သတ်မှတ်ခံရပြီဆိုရင်တော့ ကုမ္ပဏီပြောင်းလိုက်ရင်တောင်မှ ကိုယ့်ရဲ့အလုပ်အကိုင်သမိုင်းကြောင်းမှာ အမည်းစက်တွေဖြစ်သွားပါလိမ့်မယ်။