14th February, 2019

အလုပ်ထဲမှာ ကြိတ်ကြွေနေရတဲ့သူ ရှိနေခဲ့ရင်

တစ်ရုံးတည်းမှာ အလုပ်အတူတူလုပ်တဲ့သူတစ်ယောက်ကို ကြိတ်ပြီးကြွေနေရတဲ့အခါ ဒါမှမဟုတ် တွဲဖို့စဉ်းစားရင် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲဆိုတာကို သိပြီးဖြစ်ပါလိမ့်မယ်။

အဲဒီလိုဆက်ဆံရေးမျိုးမှာ ပါဝင်ပတ်သက်နေခြင်းဟာ နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို မမျှတတဲ့ဆိုးကျိုး ဒါမှမဟုတ် ကောင်းကျိုးတွေကို ဖြစ်လာစေသလား။

နောက်ပြီး အဲဒီလိုဆက်ဆံရေးမျိုးကို ကိုယ့်ရဲ့အထက်အရာရှိနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုမြင်ကြမလဲ။

တစ်ရုံးတည်းအလုပ်လုပ်တဲ့သူနဲ့တွဲပြီးတော့မှ ကွဲသွားမယ်ဆိုရင်ရော သူနဲ့တစ်နေရာတည်းမှာ ဆက်ပြီးအတူတူအလုပ်လုပ်ဖို့ ဖြစ်နိုင်ပါ့မလား။

ဒါပေမဲ့လည်း အဲဒီစိုးရိမ်မှုတွေက အလုပ်မှာကိုယ်တကယ်ကြိတ်ကြိုက်တဲ့သူ ရှိသွားတဲ့အခါမှာတော့ အကုန်မြောင်းထဲရောက်သွားတော့တာပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့သူကို အမြဲလိုလိုတွေ့ရပြီး သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုနေ့တိုင်းမြင်နေရတဲ့အခါမှာတော့ ခံစားချက်တွေကို လျစ်လျှူထားဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။

ဒါဆိုရင် ကုမ္ပဏီက ဝန်ထမ်းတွေအတွက် ချမှတ်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြန်ဖတ်တာအပြင် ဘာတွေလုပ်သင့်သလဲ။

အကယ်၍ အဲဒီလိုအခြေအနေမျိုးမှာ ဘာဆက်လုပ်ရမလဲဆိုတာ မသိတော့ဘူးဆိုရင် ဒီမှာပေးထားတဲ့အချက် ၃ ချက်ကို သေချာဖတ်ကြည့်လိုက်ပါ။

၁။ ခံစားချက်တိုင်းကို အမြဲအသက်မသွင်းပါနဲ့။

ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ကြိုက်တယ်ဆိုတာ ပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလူကို ကြိုက်နှစ်သက်တယ်ဆိုတိုင်း ခံစားချက်တွေကိုအသက်သွင်းပြီး ရှုးသွပ်နေစရာမလိုပါဘူး။ ရှင်းရှင်းပြောရမယ်ဆိုရင် တချို့အရာတွေက ခံစားချက်သက်သက်ချည်းပဲ ပျော်စရာကောင်းပါတယ်။ မရေရာမသေချာတဲ့ခံစားချက်တွေနဲ့ မလိုလားအပ်တဲ့အပြုအမူတွေကြောင့် ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို အတိမ်းအစောင်းမခံပါနဲ့။ အဓိကကတော့ ကိုယ့်ရဲ့စဉ်းစားချင့်ချိန်နိုင်စွမ်းကို အသုံးချပြီး အခြေအနေနဲ့ အချိန်အခါဆိုတာကို ဆုံးဖြတ်ပါ။

၂။ ခံစားချက်တွေကို ထိန်းချုပ်ပါ။

ခံစားချက်တွေရဲ့လွှမ်းမိုးခြင်းကို မခံပါနဲ့။ ကိုယ်ကပဲ ခံစားချက်တွေကို ထိန်းချုပ်ပါ။

ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဒါမှမဟုတ် အထက်လူကြီးကို ကြိတ်ကြွေနေရတဲ့ ခံစားချက်တွေကို ထိန်းချုပ်နေရတာဟာ ဆူပွတ်နေတဲ့ရေနွေးအိုးထဲက ရေနွေးငွေ့တွေလိုပါပဲ။ အဲဒီလူရှေ့ရောက်ရင်အယောင်ယောင် အမှားမှားနဲ့ဖြစ်တတ်သလို တစ်ခါတလေကျရင်လည်း ဘာမှမအသံမှကို မထွက်တော့သလိုဖြစ်သွားတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေနဲ့ ကြုံဖူးကြပါလိမ့်မယ်။ အဲဒီလိုအချိန်မှာ ကိုယ့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ရင်တော့ ခံစားချက်တွေက ကိုယ့်ကိုမလွှမ်းမိုးနိုင်တော့ပါဘူး။

၃။ တချို့စိတ်လှုပ်ရှားစရာတွေက ပျော်စရာကောင်းပါတယ်။

တကယ်တမ်းတော့ အလုပ်ထဲမှာ ကြိတ်ကြွေနေရတဲ့သူတစ်ယောက်ရှိတာဟာ ပျော်စရာလည်းကောင်းသလို စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။ တစ်ခါတလေမှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုတောင် တိုးတက်စေပါတယ်။

ရုံးမှာ ကိုယ်ကြိတ်ကြွေနေရတဲ့သူရှိတဲ့အတွက်ကြောင့် သူအထင်ကြီးသဘောကျလာစေချင်လို့ သပ်သပ်ယပ်ယပ်ဝတ်စားလာတာတို့၊ အလုပ်ကြိုးစားလာတာတို့၊ လူမှုဆက်ဆံရေးတိုးတက်လာအောင် ပြုလုပ်လာတတ်ကြပါတယ်။

အဲဒါကြောင့် တချို့ခံစားချက်တွေကို ပေါ့ပေါ့ပါးပါးပဲထားပါ။ သိပ်ပြီးအလေးအနက်ကြီးထားလိုက်ရင် မလိုလားအပ်တဲ့အရာတွေဖြစ်လာပြီး ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ လုပ်ငန်းခွင်ကို အနှောက်အယှက် ဖြစ်စေပါတယ်။

တကယ်လို့ ရုံးမှာကိုယ်ကြိတ်ကြွေနေတဲ့သူတစ်ယောက်ရှိခဲ့တယ်ဆိုရင်လည်း အခြေအနေနဲ့ အချိန်အခါကိုကြည့်ပါ။ အရင်ဆုံး လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့နာမည်ကောင်းကို အရင်တည်ဆောက်လိုက်ပါ။ တခြားခံစားချက်တွေကို ဖယ်လိုက်ရင်တောင်မှ ကိုယ်ဟာအမြဲတမ်း လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်နေပါစေ။