8th May, 2019

အလုပ်မှာ ရယ်ရယ်မောမောနဲ့ နေသင့်သလား

အပြုံးဆိုတာ လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးမှာ အရေးပါတဲ့ အမူအရာတစ်ခုဖြစ်ပါတယ်။ အဲဒီအပြုံးတစ်ခုနဲ့ပဲ ကိုယ့်ရဲ့လုပ်ငန်းခွင်ကို စည်းလုံးညီညွှတ်ပြီး ဖန်တီးနိုင်မှုစွမ်းအားကောင်းတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ဖန်တီးနိုင်ပါတယ်။ အခုခေတ်မှာ အလုပ်စားပွဲမှာပဲထိုင်ပြီး ကွန်ပျူတာနဲ့နပန်းလုံးနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အီးမေးလ် ဒါမှမဟုတ် Messager တွေပေါ်ကနေပဲ ပြောဆိုဆွေးနွေးလာကြတဲ့အတွက်ကြောင့် လက်တွေ့အပြင်မှာ ဝန်ထမ်းအချင်းချင်း စကားပြောဆိုဆက်ဆံမှုတွေဟာ သိပ်မရှိကြတော့ပါဘူး။ တစ်ခါတလေ ရုံးမှာရယ်မောပြီး နေနေတဲ့သူတွေကိုတွေ့ရင် လုပ်စရာအလုပ်မရှိလို့လား၊ အချိန်တွေအရမ်းပိုနေတာလား အစရှိသဖြင့် တစ်မျိုးမြင်တတ်ပါတယ်။ အလုပ်ထဲမှာ ရယ်ရယ်မောမောနဲ့အလုပ်လုပ်တတ်တဲ့သူတွေဟာ အလုပ်လုပ်စရာသိပ်မရှိလို့ အဲဒီလိုမျိုးပေါ့ပေါ့ပါးပါးရယ်မောနေနိုင်တာမဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ ရယ်မောပျော်ရွှင်ခြင်းအားဖြင့် ကိုယ့်ရဲ့လုပ်ငန်းကိုဘယ်လိုသက်ရောက်မှုတွေဖြစ်စေနိုင်မလဲဆိုတာကို လေ့လာကြည့်ရအောင်။

အလုပ်မှာရယ်ရယ်မောမောနေရမှာကို ဘာကြောင့်စိုးရိမ်နေရတာလဲ

တချို့လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းတွေဟာပိုပြီးအလေးအနက်ပြုမူခြင်းခံရအောင်လို့ သူတို့ရဲ့ဟာသဥာဏ်တွေကို ဖုံးကွယ်ပြီးနေလေ့ရှိပါတယ်။ တကယ်တော့ လုပ်ငန်းခွင်မှာအလေးအနက်ထားခံရအောင်လို့ အဲဒီလိုမျိုးရုပ်တည်ကြီးနဲ့နေတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေက ကိုယ့်ကိုပိုပြီးတော့တောင် ရှောင်သွားတတ်ပါတယ်။

နောက်တစ်ချက်ကတော့ ရုံးမှာဟာသတွေလုပ်ပြီး ရယ်ရယ်မောမောနေတဲ့အတွက်ကြောင့် တခြားသူကိုအနှောက်အယှက်ဖြစ်သွားမှာကို စိုးရိမ်တတ်ပါတယ်။ အဲဒါကြောင့်လည်း ဝန်ထမ်းအများစုက သူတို့ရဲ့ဟာသဉာဏ်တွေကို ပိုပြီးဖုံးကွယ်တတ်ပါတယ်။

ဟာသဉာဏ်တွေက ကိုယ့်ရဲ့အလုပ်ကို ဘယ်လိုမျိုးကူညီပေးနိုင်မလဲ

ရုံးမှာ ရယ်ရယ်မောမောနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေကို သာမန်စကားဝိုင်းတွေမှာတောင် တွေ့ရတတ်ပါတယ်။ အဲဒီလိုမျိုး ဟာသဉာဏ်ရှိတဲ့သူတွေ ရုံးမှာရှိပြီဆိုရင် တစ်ခါတလေမှာ သူတို့ရဲ့စကားတစ်ခွန်းကြောင့်ကို တစ်ရုံးပွဲကျသွားပြီး ရယ်မောပျော်ရွှင်စေရပါတယ်။ သူတို့ရဲ့ရယ်စရာကောင်းတဲ့ဟာသတွေကြောင့်လည်း အခြေအနေတင်းမာနေပြီး စိတ်ဖိစီးမှုဖြစ်နေတဲ့ လုပ်ငန်းခွင်ဟာ လှုပ်ရှားအသက်ဝင်သွားတတ်ပါတယ်။ အဲဒါကြောင့် ဟာသဉာဏ်ရှိပြီး ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်တတ်တဲ့သူတွေဟာ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်သက်တောင့်သက်သာဖြစ်စေပြီး အပျော်တွေကိုကူးစက်စေတတ်တဲ့လူမျိုးတွေပါ။

ဒီလိုမျိုး ရယ်မောခြင်းအားဖြင့် ကိုယ်နဲ့ ကိုယ့်ရဲ့အဖွဲ့သားအားလုံးကို ဘယ်အရာကမှ စိတ်အနှောက်အယှက်မဖြစ်စေဘူးလို့ ထင်ဟပ်စေပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အတူတူရယ်မောခြင်းအားဖြင့် အဖွဲ့အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်ဘာပြဿနာမှာမရှိဘဲ လုပ်ငန်းတွေကို အတူတူကြိုးစားလုပ်ကိုင်နေကြတဲ့ အဖွဲ့တစ်ခုကိုဖြစ်စေပါတယ်။ လေ့လာမှုတစ်ခုအရ လူတွေရဲ့စိတ်ကသက်တောင့်သက်သာနဲ့ စိတ်အေးလက်အေးဖြစ်နေမယ်ဆိုရင် မတူညီတဲ့အတွေးအခေါ်တွေနဲ့ ကောင်းမွန်တဲ့စိတ်ကူးအကြံဉာဏ်တွေကို ပိုပြီးတော့ရရှိစေပါတယ်။

သုတေသနပြုလုပ်သူအများအပြားရဲ့ လေ့လာတွေ့ရှိချက်တွေအရ ရုံးချိန်အတွင်းမှာ စိတ်သက်သက်သာသာနဲ့ စိတ်အေးလက်အေးအလုပ်လုပ်ခြင်းဟာ စိတ်ကူးအကြံဉာဏ်ပေါင်းစုံကို လွတ်လပ်စွာကွန့်မြူးနိုင်ပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းအားတွေကို တိုးတက်စေပါတယ်။ တစ်ခုတည်းကိုပဲ အရမ်းအပြင်းအထန်ကြီးအာရုံစိုက်ထားရင်တော့ တစ်ခါတလေမှာ ကိုယ်လိုချင်တဲ့အဖြေကိုမရတာတွေ ဖြစ်တတ်ပါတယ်။ 

ပြောရမယ်ဆိုရင်တော့ ရယ်မောခြင်းဟာ ရုံးတွင်းစိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ အဖွဲ့သားအချင်းချင်း အပေါင်းလက္ခဏာဆောင်တဲ့ပတ်ဝန်းကျင်ဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ပတ်ဝန်းကျင်ထက်ကို ပိုပြီးရိုင်းပင်းကူညီတတ်ပြီး ဖန်တီးနိုင်မှုစွမ်းအားကောင်းစေပါတယ်။ စိတ်ဖိစီးမှုဆိုတာ တီထွင်ဖန်တီးနိုင်မှုရဲ့ ရန်သူတစ်ယောက်ဆိုတာကို မမေ့ပါနဲ့။

ဘာကြောင့်လုပ်ငန်းခွင်မှာ ရယ်မောပျော်ရွှင်အောင်နေသင့်တာလဲ

ရုံးမှာပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်ခြင်းအားဖြင့်

၁။ လူတိုင်းဟာကိုယ်နဲ့အတူတူအလုပ်တွဲလုပ်ချင်ကြပါတယ်။

လူတွေဟာ သူတို့နှစ်သက်တဲ့သူနဲ့ပဲ အလုပ်လုပ်ချင်ကြပါတယ်။ ဟာသဉာဏ်ရှိခြင်းဟာ မိတ်ဆွေဖွဲ့ဖို့နဲ့ လူတွေကိုလွှမ်းမိုးဖို့အတွက် အရေးပါဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။ အရေးကြီးဆုံးတစ်ခုကတော့ ဟာသဉာဏ်ရှိပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တာဟာကောင်းပေမဲ့ ကိုယ့်ရဲ့ဟာသကသူတစ်ပါးကို လှောင်ပြောင်သရော်တာတော့ မဖြစ်ပါစေနဲ့။

၂။ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ပါတယ်။

ဟာသဉာဏ်ကြောင့် အတူတူရယ်မောခြင်းဟာ ဝန်ထမ်းတွေနဲ့ အထက်လူကြီးတွေကို ပိုမိုရင်းနှီးစေပြီး သူတို့မှာဘယ်လိုတူညီတဲ့အချက်တွေရှိလဲဆိုတာကို နားလည်သဘောပေါက်စေပါတယ်။

၃။ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ကူညီပေးပါတယ်။

ဟာသဉာဏ်ကိုကောင်းကောင်းအသုံးချခြင်းအားဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားမှာ ယုံကြည်မှုတွေကို တည်ဆောက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ဟာသဟာ အဲဒီလူရဲ့သရုပ်မှန်ကိုပေါ်စေပြီး သူ့ကိုဘယ်လောက်အထိယုံကြည်လို့ရနိုင်မလဲဆိုတာကို မှန်းဆနိုင်ပါတယ်။

၎။ ဟာသဉာဏ်ရှိတဲ့သူတွေဟာ ပိုပြီးတော့မိတ်ဆွေဖွဲ့ချင်ကြပါတယ်။

ကိုယ်ဟာ အလုပ်မှာခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အဖွဲ့သားတွေကို ပိုပြီးတော့ချဉ်းကပ်ချင်ပြီး မိတ်တွေဖွဲ့ချင်လေလေ အဲဒီလူတွေအပေါ်မှာပိုပြီးတော့ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းဖြစ်ရပါ့မယ်။ ရိုးသားပြီးပွင့်လင်းတဲ့သူဟာ ပိုပြီးတော့အောင်မြင်တတ်သလို ပိုပြီးတော့ဖန်တီးနိုင်မှုစွမ်းအားကောင်းတဲ့ အဖွဲ့ဖြစ်အောင် ပြုလုပ်တတ်ပါတယ်။

အဲဒါကြောင့် လုပ်ငန်းခွင်မှာပျော်ပျော်ရွှင်ရွှင်နေရမှာကို မစိုးရိမ်ပါနဲ့။ ရုံးမှာ ကိုယ့်ရဲ့လုပ်ဖောက်ကိုင်ဖက်တွေနဲ့အတူ ရယ်ရယ်မောမောနဲ့ မျက်နှာချင်းဆုံပြီး စကားပြောလေလေ လုပ်ငန်းခွင်အောင်မြင်မှုတွေကိုပိုမိုရရှိစေပြီး အလုပ်လည်းပိုပြီးစေပါတယ်။