20th August, 2018

အလုပ်မှာနေပျော်ဖို့ ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေး

ကျွန်တော်တို့ရဲ့ အချိန်တော်တော်များများကို အလုပ်ခွင်မှာ ကုန်ဆုံးနေကြပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းသင်းဆက်ဆံရင်း လုပ်ငန်းခွင် ကို ပျော်စရာနေရာဖြစ်အောင် ဖန်တီးနေဖို့ လိုပါတယ်။။ ဒီလို တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးကောင်းမွန်မှုရှိမှသာ ကိုယ်လုပ်နေတဲ့အလုပ်ပေါ်ကိုကျေနပ်မှုရှိလာမယ်၊ အသစ်သစ်သောနည်းပညာ၊ အတွေ့အကြုံတွေကိုအလုပ်လုပ်ရင်းသင်ယူလာနိုင်ပါမယ်။

ဒီလိုအချိန်အများဆုံးကုန်ဆုံးနေရတဲ့အလုပ်ခွင်က လူတွေနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေထိုင်နေကြရတဲ့အခါမှာ အချက်သုံးချက်ကိုလိုက်နာဖို့အရေးကြီးပါတယ်။ ဒါတွေကတော့ အပြန်အလှန်ယုံကြည်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိမှု၊ တစ်ယောက်နဲ့ တစ်ယောက် လေးလေးစားစားနဲ့ဆက်ဆံရေးကောင်း တည်ဆောက်နိုင်မှုတွေက လုပ်ငန်းပြီးမြောက်အောင်မြင်ဖို့အတွက် အဓိကနေရာကနေပါဝင်နေပါတယ်။ ဒီလို အခြေခံအချက်တွေကောင်းမွန်နေမှလည်း ကိုယ့်အလုပ်မှာ ထုတ်လုပ်နိုင်စွမ်းမြင့်မားပြီိး ပျော်စရာကောင်းတဲ့ပတ်ဝန်းကျင်ဖြစ်လာမှာပါ။

ချီးကျူးတတ်ပါစေ

တစ်ယောက်ယောက်က ကိုယ့်အလုပ်ကိုဝိုင်းဝန်းကူညီတဲ့အခါ အသိအမှတ်ပြုကြောင်းပြသလိုက်ပါ။ အလုပ်ရှင်ကစလို့ အောက်ခြေသိမ်းအလုပ်လုပ်တဲ့သူတွေအထိသူတို့ရဲ့လုပ်နိုင်စွမ်းကို အသိအမှတ်ပြုခံချင်ကြပါတယ်။ ဒါကြောင့်မလို့ လုပ်ဖော်ကိုင်ဖက်တွေတစ်ခုခုကောင်းတာလုပ်ပြီ ဆိုရင်တော့ ချီးကျုးတာတွေပြုလုပ်လိုက်ပါ။ ဒီလိုတွေလုပ်ခြင်းကလုပ်ငန်းခွင်တွင်းဆက်ဆံရေးကို တည်ထောင်လိုက်သလိုပါပဲ။

အဆင်ပြေရဲ့လားလို့မေးကြည့်တက်ပါစေ

ကိုယ့်ကိုယ်ကို သေချာဂရုစိုက်သလိုပဲ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုဂရုစိုက်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်လိုက်ပါ။

အဆင်ပြေရဲ့လားဆိုတဲ့စကားတစ်ခွန်းက သူတို့ရဲ့တစ်နေ့တာကိုအများကြီးအားတက်စေလာမှာပါ။ ဒီလိုပြောလိုက်ခြင်းကလည်း သင်ဟာသူတို့အတွက် အမြဲအဆင်သင့်ရှိနေတယ် လို့ပြောလိုက်သလိုပါပဲ။ သူတို့ရဲ့စိတ်မပျော်ရွှင်မှုတွေ အဆင်မပြေမှုတွေကို သက်သောင့် သက်သာနဲ့ပြောပြလို့ရအောင်လုပ်ပေးခြင်းတစ်မျိုးပါပဲ။

နောက်တစ်ချက်အနေနဲ့ ဘ၀ရဲ့ခဏတာအချိန်တွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆင်နွှဲလိုက်ပါ။ ဥပမာအနေနဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် မွေးနေ့တွေနဲ့ အခြားသော ထူးထူးခြာခြားဖြစ်မယ့်ရက်တွေကိုပါ ကျင်းပပေးခြင်းဟာအလုပ်ခွင် ဆက်ဆံရေးကောင်းမွန်ဖို့ အတွက်အရေးပါပါတယ်။ ဘယ်လိုပွဲမျိုးတွေက သူတို့အတွက်အဓိပ္ပါယ်ရှိမလဲဆိုတာမေးမြန်းပြီး မမေ့နိုင်စရာအခိုက်အတန့်တွေကို ဖန်တီးပေးလိုက်ခြင်းကလုပ်ငန်းခွင်အတွင်း ဆက်ဆံရေး ကောင်းမွန်ဖို့အတွက် အရေးကြီးတဲ့အချက်တွေပါပဲ။

ခက်ခဲမှုတွေ ဖြေလျော့ကြည့်ပါ။

တစ်ခါတလေမှာဆိုရင် ကိုယ်အလုပ်တူတူမလုပ်ချင်တဲ့သူနဲ့အလုပ်လုပ်ရတဲ့အခါ သို့မဟုတ်  ဘာအကြောင်းပြချက်မှမရှိဘဲအလုပ်တွဲမလုပ်ချင်တဲ့သူတွေရှိပါတယ်။ ဒါပေမယ့် ကိုယ့်အလုပ်အောင်မြင်ဖို့အတွက် သူတို့တွေနဲ့ပရော်ဖက်ရှင်နယ်ကျကျ ဆက်ဆံရေး ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။

ဒီလိုတွေဖြစ်လာပြီဆိုရင် သူ့အကြောင်းကိုသေချာသိအောင်ကြိုးစားကြည့်ပါ။ ပထမဦးဆုံးအနေနဲ့ အလ္လာပသလ္လာပလေးပြောတာတွေ ဒါမှမဟုတ်နေ့လည်စာ အတူတူသွားစားကြတာလုပ်ကြည့် လိုက်ပါ။

စကားပြောနေတဲ့အချိန်မှာလည်း စကားကိုအေးဆေး သက်တောင့်သက်သာပြောပါ။ သူ့ရဲ့အကြောင်းတွေ၊ သူစိတ်ဝင်စားတဲ့အရာတွေ သူရရှိခဲ့တဲ့အောင်မြင်မှုအကြောင်းတွေကိုမေးမြန်းပြောဆိုကြည့်ပါ။ အရမ်းသိသိသာသာကြီးနဲ့ လုပ်ယူပြီးပြောနေတဲ့ပုံစံမပေါက်အောင်ပြောပြီး ပေါင်းသင်းဆက်ဆံကြည့်လိုက်ပါ။ ဆက်ဆံရေးတွေအကုန်လုံးကတော့ ချောမွေ့နေမှာမဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့အလုပ်ဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ ဆက်ဆံရေးကောင်းမွန်အောင်တည်ထောင်နိုင်ခြင်းက အလုပ်တွင်စေပြီးအောင်မြင်မှု ရရှိစေနိုင်တဲ့အပြင် သင့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကိုလည်း တစ်ဆင့်မြှင့်တက်စေပါလိမ့်မယ်။

ဒီအချက်တွေကိုအသုံးပြုပြီး ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ကြည့် လိုက်ပါ။