28th November, 2018

အလုပ်တွေပိုတွင်ကျယ်ဖို့ ကျင့်သုံးရမယ့် လုပ်ငန်းခွင်အလေ့အကျင့် (၄) ခု

ရုံးတက်ရက် မနက်ခင်းမှာ အလုပ်ကိုရောက်လို့ ကော်ဖီလေးဖျော်၊ အလုပ်စားပွဲမှာ ထိုင်လိုက်တာနဲ့ စိတ်လန်းဆန်းပြီး အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီခံစားချက်က ယာယီပဲတည်မြဲတာပါ။ တကယ်အလုပ်လုပ်တော့မယ်လည်းဆိုရော အနှောင့်အယှက်တွေ ရောက်လာပြီး ဖိအားတွေပြည့်လာတော့တာပါပဲ။ ဘယ်လိုပဲ အာရုံစိုက်ထားလည်း အာရုံမရတော့ဘဲ ဖြစ်နေတတ်တယ်။ ကော်ဖီခွက်ကလည်း မကယ်နိုင်တော့ဘူး။ နေ့စဉ်လုပ်နေကျ အလုပ်တွေကိုပဲ ဗျာများပြီး အလုပ်မတွင်ကျယ် ဖြစ်တာမျိုး ကြုံနေရပါသလား။ အခု ပြောပြမယ့် အကြံဉာဏ် လေးခုကိုသာ လုပ်ငန်းခွင်ထဲမှာ လိုက်လုပ်ကြည့်မယ်ဆို အလုပ်တွေတွင်ကျယ်သွားမှာပါ။

 

(၁) အလုပ်စောစောသွားပါ

လူတွေဟာ မနက်အစောပိုင်းမှာ အလုပ်ပိုတွင်ကျယ်စွာ ပြီးမြောက်နိုင်ကြတယ်လို့ လေ့လာသူတွေက သက်သေပြထားကြပါတယ်။ မနက်ခင်းပိုင်းမှာ အာရုံကလည်း ကြည်လင်နေပြီး နှောင့်ယှက်မယ့်ရန်တွေကလည်း ဝေးနေတာကြောင့် အလုပ်တွေကို ပိုလုပ်နိုင်ပါတယ်။ အလုပ်ကိုစောစောသွားရတဲ့ အကြောင်းရင်းက နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ လူတွေဟာ အခက်ခဲဆုံးအရာတွေကို မနက်ပိုင်းမှာလုပ်ရင် ပိုအဆင်ပြေသွားတာပါ။ ဒုတိယတစ်ချက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေ ရောက်မလာသေးတဲ့အတွက် တစ်ယောက်တည်း အေးအေးဆေးဆေး အလုပ်လုပ်နိုင်လို့ ဖြစ်ပါတယ်။ လူတွေလည်းနည်း၊ အီးမေးလ်တွေလည်းနည်းနေချိန်ဆိုတော့ ကိုယ်တစ်ယောက်တည်း အလုပ်အေးအေးဆေးဆေး လုပ်နိုင်ပါတယ်။ တကယ်လို့ မနက် ၉ နာရီလောက်မှ အလုပ်ကိုရောက်သွားရင် လူတွေစုံနေချိန်ဆိုတော့ အလုပ်လုပ်သံ၊ ဆူညံသံနဲ့ တခြားလူတွေကို စကားတွေပြောနေရမှာတွေ ရှိနေတော့ မိမိအလုပ်တွေဆီ အာရုံမရ ဖြစ်သွားပါလိမ့်မယ်။

 

(၂) ဖုန်းကိုမကြည့်ပါနဲ့ဦး

အလုပ်စားပွဲမှာထိုင်ပြီး ဖုန်းက အလင်းရောင်ကို မြင်နေရရင် မျက်စိက ဖုန်းကို အာရုံရောက်သွားရောလေ။ ဖုန်းကိုအကြည့်ရောက်သွားတာနဲ့ ဖုန်းထဲက ဆိုရှယ်မီဒီယာအကောင့်တွေကို ကြည့်ဖို့ ခနအောင့်ထားလိုက်ပါ။ ဖေ့စ်ဘုတ်၊ အင်စတာဂရမ်တို့လို ဆိုရှယ်မီဒီယာတွေက ကြည့်နေရင်း မရပ်နိုင်တော့လို့ အလုပ်လုပ်ဖို့ နှောင့်နှေးသွားနိုင်ပါတယ်။ နောက်မှပဲ ဖုန်းကိုကြည့်ပါတော့။

 

(၃) နားကြပ်ဆောင်ထားပါ

နားကြပ်ဆောင်ထားခြင်းဟာ အလုပ်အတွက် ကောင်းကျိုးနှစ်မျိုး ဖြစ်စေပါတယ်။ ပထမတစ်ချက်ကတော့ ဘေးမှာ အနှောင့်အယှက်တွေ ရှိလာတဲ့အခါ အသံနဲ့ဖတ်ပြတဲ့ စာအုပ်တွေ၊ သီချင်းတွေကို နားကြပ်လေးတပ် နားထောင်ပြီး ဆူညံသံတွေကို လျစ်လျူရှုနိုင်တာပါ။ နားထောင်တဲ့ ဂီတအမျိုးအစားပေါ်မူတည်ပြီး စိတ်ခံစားချက်ကို ပြောင်းလဲပေးနိုင်တယ်လေ။ စာဖတ်ခြင်း အသံဖိုင်တွေကို နားထောင်ခြင်းကတော့ ဗဟုသုတတိုးပွားစေတာမို့လို့ ကိုယ့်ရဲ့အသိပညာတိုးပွားစေခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်ကိုစကားလာပြောနေသူတွေကို ရှောင်ကြဉ်နိုင်တာပါ။ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ကိုယ့်ဆီလာလာပြီး စကားတွေပြောတတ်သူတွေ ရှိတတ်တယ်လေ။ သူက စကားတွေလာပြောရင် အလုပ်တွေနှောင့်နှေးကုန်တော့ ကိုယ်က နားကြပ်တပ်ထားပြီဆို သူနဲ့စကားပြောစရာမလိုဘဲ အလုပ်ကိုကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။

 

(၄) အစည်းအဝေးတွေကို ညနေဘက်မှာလုပ်ပါ

ဖြစ်နိုင်မယ်ဆိုရင် အစည်းအဝေးတွေကို ရုံးတက်တက်ချင်း မနက်ပိုင်းမှာ မလုပ်ဘဲနဲ့ ညနေဘက်ကိုရွှေ့လိုက်ပါ။ ကော်ပိုရိတ်လုပ်ငန်းတွေမှာ အလုပ်လုပ်ရင်တောာ့ အစည်းအဝေးတွေကို ရှောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒီတော့ ကိုယ့်ကိုတကယ်လိုအပ်မယ့် အစည်းအဝေးကိုပဲတက်ပါ။ တကယ်လို့ အစည်းအဝေးမှာ နည်းဗျူဟာချမှတ်တာတွေ ဦးနှောက်ကို အလုပ်ပေးပြီး စဉ်းစားဖန်တီးရတာတွေ ပါဝင်နေတယ်ဆိုရင်တော့ မနက်ပိုင်းမှာလုပ်တာ ကောင်းပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ လုပ်ငန်းခွင်ထဲမှာ ကျင့်သုံးတဲ့ အလေ့အထကောင်းလေးတွေက သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။ အာရုံစိုက်မှုအားကောင်းအောင် ကော်ဖီတစ်ခွက်ပြီးတစ်ခွက် သောက်စရာမလိုတော့ပါဘူး။ အလုပ်တွေတွင်ကျယ်ချင်ရင်တော့ ကိုယ့်စိတ်စွမ်းရည်နဲ့ စည်းကမ်းလေးတွေ ချမှတ်ပြီး လိုက်လုပ်ဖို့ပဲ လိုပါတယ်။