ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေက ဝန်ထမ်းရွေးချယ်ခန့်ထားရေးမန်နေဂျာတွေနဲ့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာဌာနတွေဟာ သူတို့ရဲ့အလုပ်အကိုင်ကြော်ငြာတစ်ခုအတွက် အလုပ်လျှောက်လွှာပေါင်းရာနဲ့ချီပြီး လက်ခံရရှိလေ့ရှိပါတယ်။ ဒါဆို ဒီလိုများပြားလှတဲ့အလုပ်လျှောက်လွှာတွေထဲမှာ သူတို့ရဲ့လုပ်ငန်းနဲ့ကိုက်ညီနိုင်မယ့် ဘယ်လိုမျိုးအရည်အချင်းရှိတဲ့သူတွေကို အဓိကထားပြီးရှာဖွေလေ့ရှိသလဲ။ များသောအားဖြင့် အလုပ်ခေါ်စာမှာ အဓိကထားပြီးဖော်ပြထားတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့အလုပ်လျှောက်ထားသူတွေကို လူချင်းတွေ့ဆုံပြီးအင်တာဗျူးခေါ်ဖို့အတွက် ဦးစားပေးအနေနဲ့ စဉ်းစားလေ့ရှိပါတယ်။
ဒီလိုမျိုး ကနဦးသတ်မှတ်ထားတဲ့အရည်အချင်းတွေကိုပြည့်မီတဲ့ အလုပ်လျှောက်ထားသူတွေကို အလုပ်ရှင်တွေအနေနဲ့ အင်တာဗျူးမှာတွေ့ဆုံတဲ့အခါမှာ အချက်အလက်ပြည့်စုံတဲ့ရွေးချယ်မှုတစ်ခုဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေရှိတဲ့သူတွေကို ရွေးချယ်လေ့ရှိသလဲ။ JobNet.com.mm ကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ကျင်းပခဲ့တဲ့ JobNATION အလုပ်အကိုင်ပြပွဲရဲ့ အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးဟောပြောပွဲအစီအစဉ်မှာ နယ်ပယ်အသီးသီးကကျွမ်းကျင်ပညာရှင်တွေနဲ့ ကုမ္ပဏီကြီးတွေက HR ကျွမ်းကျင်သူတွေက ပါဝင်ဆွေးနွေးဟောပြောခဲ့ကြပါတယ်။ အဲဒီဆွေးနွေးမှုတွေထဲမှာ ကုမ္ပဏီကြီးတွေဟာ ဘယ်လိုအရည်အချင်းမျိုးရှိတဲ့ ဝန်ထမ်းတွေကိုအဓိကထားရှာဖွေနေသလဲဆိုတာနဲ့ အနာဂတ်ရဲ့အလုပ်အကိုင်ဈေးကွက်ထဲမှာ ဘယ်လိုလုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းမျိုးတွေကို ပိုမိုလိုအပ်နေသလဲဆိုတဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းအရာတွေကို အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် ပြန်လည်ထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆက်သွယ်ပြောဆိုနိုင်မှု (Communication Skills)
အဖွဲ့အစည်းတစ်ခုထဲကို ဝင်ရောက်လာပြီဆိုရင် ကိုယ့်ရဲ့အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖောက်သည်တွေ အစရှိတဲ့လူအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးကို စကားဖြင့်သော်လည်းကောင်း၊ စာရေးသား၍သော်လည်းကောင်း အစရှိတဲ့ပုံစံပေါင်းစုံနဲ့ဆက်သွယ်ပြောဆိုရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့အစည်းတွေအများကြီး ဝင်ရောက်လာတဲ့အတွက်ကြောင့် ပြည်တွင်းကုမ္ပဏီမှာအလုပ်လုပ်သည်ဖြစ်စေ နိုင်ငံတကာအခြေစိုက်ကုမ္ပဏီတွေမှာ အလုပ်လုပ်သည်ဖြစ်စေ အလုပ်လိုအပ်ချက်အမျိုးမျိုးကြောင့် ဘာသာစကားမတူညီတဲ့လူမျိုးပေါင်းစုံနဲ့ဆက်သွယ်ပြောဆိုရတဲ့အခါမှာ စီးပွားရေးနယ်ပယ်ရဲ့ Global Language တစ်ခုဖြစ်တဲ့ English စကားကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်တဲ့သူတွေကို ကုမ္ပဏီတွေကပိုလိုအပ်တယ်လို့ JTI Myanmar ရဲ့ Talent Management & Employer Branding Manager မဇင်နောင်အေးက ပြောကြားခဲ့ပါတယ်။ အလုပ်ခေါ်ယူသူတွေအနေနဲ့လည်း သူတို့ဆီကို လာရောက်အလုပ်လျှောက်ထားတဲ့သူတွေဆီမှာ Communication Skills ကောင်းကောင်းရှိလား မရှိဘူးလားဆိုတာကို အဓိကထားပြီးအလုပ်အင်တာဗျူးတွေမှာ စစ်ဆေးတယ်လို့ HR လုပ်ငန်းပိုင်းမှာ အလုပ်အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိတဲ့ MEGA ကုမ္ပဏီရဲ့ Recruitment & Employee Relation Manager ကိုသီဟအောင်ကနေ ပြောခဲ့ပါတယ်။
၂။ သင်ယူလိုစိတ်ပြင်းပြမှု (Willingness to Learn)
စဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ တစ်ခဏလောက်လေ့လာမှုတွေနဲ့ ကင်းကွာလိုက်တာနဲ့ ကွာဟမှုတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝန်ထမ်းတွေကို စတင်ခေါ်ယူရွေးချယ်တဲ့အခါမှာ လုပ်ငန်းနယ်ပယ်ပေါင်းစုံက လုပ်ငန်းအတွေ့အကြုံရှိသူတွေနဲ့ကြုံတွေ့ရသလို လုပ်ငန်းခွင်စတင်ဝင်ရောက်မယ့် လုပ်သက်အတွေ့အကြုံလုံးဝမရှိတဲ့သူတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံရှိတဲ့သူနဲ့တွေ့တဲ့အခါမှာလည်း သူတို့လာခဲ့တဲ့လုပ်ငန်းနယ်ပယ်က ကိုယ့်ကုမ္ပဏီရဲ့လုပ်ငန်းနယ်ပယ်နဲ့မတူတဲ့အခါမှာ ဒီလိုအပြောင်းအလဲတွေကို လိုက်လျောညီထွေဖြစ်ပြီး တက်တက်ကြွကြွနဲ့လေ့လာသင်ယူလိုစိတ်ရှိသူကို ဦးစားပေးရှာဖွေပါတယ်။ အခုမှလုပ်ငန်းခွင်စတင်ဝင်ရောက်မယ့်သူတွေအနေနဲ့လည်း ကိုယ့်မှာလုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံမရှိလို့ဆိုပြီး စိတ်အားငယ်နေစရာမလိုပါဘူး။ ဒီလိုမျိုးလုပ်သက်အတွေ့အကြုံမရှိတဲ့သူတွေဆီကနေ အလုပ်ခေါ်ယူနေသူတွေရှာဖွေနေတာတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ သူတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့သင်ယူလိုစိတ်ဘယ်လောက်တောင်ပြင်းပြသလဲ ဆိုတာပါပဲ။ အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေအများစုဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းဖွဲ့စည်းမှုတွေကို အချိန်တိုတိုအတွင်းမှာ လွယ်ကူလျင်မြန်စွာပြီးစီးဖို့ နည်းပညာတွေကိုအသုံးချလာတဲ့အတွက်ကြောင့် ကိုယ်သွားချင်တဲ့အလုပ်အကိုင်လမ်းကြောင်းမှာ လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာအရည်အသွေးတွေကို အဆက်မပြတ်လေ့လာနေဖို့ လိုအပ်ပါတယ်လို့ JTI Myanmar က မဇင်နောင်အေးရော MEGA က ကိုသီဟအောင်တို့က အဲဒီအချက်ကိုအဓိကအကြံပေးခဲ့ပါတယ်။
၃။ အကောင်းမြင်စိတ်ထားနဲ့ အသင်းအဖွဲ့စိတ်ဓာတ် (A Good Attitude and Team Spirit)
ဒီအရာနှစ်ခုဟာ အသင်းအဖွဲ့နဲ့အလုပ်လုပ်ရတဲ့ဘယ်နေရာမဆို အရမ်းကိုအရေးပါပါတယ်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေမှာ HR နဲ့ Talent Management အပိုင်းကို ၁၀ နှစ်ကျော် လုပ်သက်အတွေ့အကြုံရှိတဲ့ JTI Myanmar က မဇင်နောင်အေးက “ဝန်ထမ်းတစ်ယောက်မှာ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အရည်အသွေးတွေကိုလိုအပ်နေတယ်ဆိုရင် ဒါကိုပြည့်စုံလာအောင်က လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။ အဲဒီလိုလေ့ကျင်သင်ကြားတဲ့နေရာမှာ အကောင်းမြင်စိတ်ရှိတဲ့သူကို လေ့ကျင့်သင်ကြားပေးရတာက ပိုပြီးတော့လွယ်ကူပါတယ်။ အဲဒီလိုလူမျိုးတွေဟာ လုပ်ငန်းထဲမှာ အဖွဲ့ထဲမှာ အခက်အခဲတွေတွေ့ကြုံလာလျှင်လည်း ဒါတွေကို သူတို့ရဲ့တိုးတက်မှုအတွက်စိန်ခေါ်မှုတွေလို့ မှတ်ယူပြီး ကြိုးစားကြတဲ့အတွက်ကြောင့် အောင်မြင်မှုတွေကိုလည်းမကြာခဏရရှိတတ်ကြတယ်။ အဲဒါကြောင့် အလုပ်ခေါ်ယူနေသူတွေဟာ ဒီလိုစိတ်ဓာတ်ပိုင်းဆိုင်ရာအရည်အချင်းရှိတဲ့သူတွေကို ရှာဖွေကြပါတယ်” လို့ သူရဲ့အတွေ့အကြုံတွေကို ဝေမျှပေးခဲ့ပါတယ်။
၎။ ဆက်စပ်တွေးခေါ်နိုင်မှုနှင့် ပြဿများကိုဖြေရှင်းနိုင်စွမ်း (Critical Thinking and Problem Solving Skills)
လုပ်သက်အတွေ့အကြုံမရှိတဲ့သူဖြစ်စေ လုပ်ငန်းအတွေ့အကြုံတွေရှိသူဖြစ်စေ အဖွဲ့အစည်းတစ်ခုထဲကိုဝင်ရောက်လာပြီဆိုတာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကို ရာထူးအဆင့်အလိုက် သူ့ဟာနဲ့သူအထိုက်အလျောက်တော့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ယနေ့ခေတ်လိုမျိုး ပြိုင်ဆိုင်မှုပြင်းထန်ပြီး အပြောင်းအလဲများတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ အလုပ်ရှင်တွေဟာသူတို့ရဲ့စီးပွားလုပ်ငန်းတွေထဲမှာ ဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုတွေကို ဝေဖန်ပိုင်းခြားဆက်စပ်တွေးခေါ်ပြီး ဖန်တီးနိုင်မှုစွမ်းအားကောင်းကောင်းနဲ့ဖြေရှင်းပေးနိုင်မယ့်သူတွေကို အရမ်းလိုအပ်နေပါတယ်လို့ MEGA က Recruitment & Employee Relation Manager ကိုသီဟအောင်က ထပ်မံဖြည့်စွက်ခဲ့ပါတယ်။ ဒါဆိုရင် ကိုယ့်ဆီမှာ ဒီလိုအရည်အချင်းရှိတာကို အလုပ်ခေါ်ယူနေသူတွေသိအောင် ဘယ်လိုဖော်ပြမလဲ။ CV ပြင်ဆင်တဲ့အခါမှာ ကိုယ်ဟာဘယ်လိုမျိုးပရောဂျက်တွေကို ကိုင်တွယ်ခဲ့ဖူးသလဲဆိုတာနဲ့ အဲဒီမှာရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဘယ်လောက်အထိအောင်မြင်မှုရရှိခဲ့သလဲဆိုတာကို ဖော်ပြပေးပါ။ အလုပ်အင်တာဗျူးမှာလည်း ကိုယ်လုပ်ခဲ့တဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးမေးခဲ့ရင် ဒီအချက်တွေကိုထည့်ဖြေပေးပါ။ JobNet မှာပြုလုပ်ထားတဲ့ ကိုယ့်ရဲ့ Job Seeker Profile ကိုဖြည့်စွက်တဲ့အခါမှာလည်း ကိုယ့်ရဲ့အလုပ်လျှောက်ထားမှုတွေဟာ အလားအလာကောင်းတွေနဲ့ပိုမိုတွေ့ဆုံနိုင်အောင်လို့ ကိုယ့်ရဲ့လုပ်ငန်းခွင်အောင်မြင်မှုတွေကို ဖြည့်စွက်ဖို့မမေ့ပါနဲ့နော်။
၅။ လိုက်လျောညီထွေပြောင်းလဲနိုင်စွမ်း (Flexibility)
တိုးတက်လာတဲ့စီးပွားရေးလုပ်ငန်းတွေကြောင့် မြန်မာနိုင်ငံရဲ့အလုပ်အကိုင်ဈေးကွက်ဟာ နေ့စဉ်ဆိုသလို အချိန်တိုင်းပြောင်းလဲမှုတွေဖြစ်လာသလို ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့တည်ဆောက်ပုံတွေကလည်း ပြောင်းလဲလာပါတယ်။ အဲဒီလိုအရှိန်အဟုန်နဲ့ပြောင်းလဲလာတဲ့ရေစီးကြောင်းတွေနဲ့အတူ လိုက်လျောညီထွေဖြစ်နိုင်ဖို့လည်း အရမ်းကို အရေးကြီးလာပါတယ်လို့ ကိုသီဟအောင်က ပြောခဲ့ပါတယ်။ ယခင်ကလိုမျိုး ဝန်ထမ်းတွေအနေနဲ့ တစ်ခုတည်းကိုပဲအာရုံစိုက်လို့မရတော့ပါဘူး။ ဝန်ထမ်းတွေအနေနဲ့ ကနဦးအလုပ်ခန့်အပ်မှုစာချုပ်မှာသဘောတူညီထားတဲ့ အလုပ်တာဝန်တွေအပြင် ပြောင်းလဲလာတဲ့အလုပ်လိုအပ်ချက်တွေကို လိုက်လျောညီထွေဖြစ်ပြီး လုပ်ကိုင်နိုင်စွမ်းတွေရှိရပါမယ်။
အခုအထက်မှာ ဖော်ပြခဲ့တဲ့ ၅ ချက်ကတော့ အလုပ်ရှင်တွေအဓိကထားပြီးရှာဖွေနေတဲ့အချက်တွေကို ကောက်နုတ်ထားတာပဲဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေကို အလုပ်ခေါ်ယူနေသူတွေ မြင်အောင်ပြုလုပ်ဖို့ပါပဲ။ ဒါဆိုရင်တော့ JobNet.com.mm မှာ register ပြုလုပ်ပြီး မြန်မာ့ထိပ်တန်းကုမ္ပဏီတွေရဲ့ဝန်ထမ်းရှာဖွေမှာ ထိပ်ဆုံးကနေတွေ့မြင်နိုင်အောင် ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအချက်အလက်တွေကို ပြည့်စုံအောင်ဖြည့်စွက်လိုက်ပါ။