19th August, 2022

အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်

ကျွန်တော်တို့ဘဝရဲ့အချိန်တော်တော်များများကို အလုပ်ခွင်မှာပဲဖြတ်သန်းဖြစ်ကြပါတယ်။ အလုပ်မှာရော ပြင်ပလူနေမှုဘဝမှာပါ စိတ်ဖိစီးမှုကင်းကင်းနဲ့စိတ်ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေကိုခံစားချင်ကြပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ဘဝနဲ့လုပ်ငန်းခွင်ကိုပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိမိအချိန်တွေအများဆုံးအသုံးပြုမိတဲ့အရာတွေကိုပြန်ဆန်းစစ်ကြည့်ပါ

ကိုယ့်ဘဝရဲ့အချိန်တွေစွမ်းအင်တွေ တော်တော်များများကိုဘယ်နေရာမှာအများဆုံးအသုံးပြုနေသလဲ ဆိုတာ မိမိကိုယ်ကိုပြန်လည်မေးမြန်းကြည့်ပါ။ ကိုယ်အများဆုံးကုန်ဆုံးနေတဲ့အရာတွေက ကိုယ့်ဘဝအတွက်  တကယ်အရေးပါသလားဆိုတာကိုပြန်လည်သုံးသပ်ပြီး မိမိဘဝအတွက်တကယ်အရေးကြီးတဲ့အရာကို ဦးစားပေးလုပ်ဆောင်ပါ။ ဒီလိုပြန်သုံးသပ်တဲ့အထဲမှာတစ်နေ့တာ ကိုယ်အိပ်စက်အနားယူတဲ့အချိန်တွေကစလို့ ဂိမ်းဆော့တာ နှင့် TV ကြည့်တဲ့အချိန်တွေကိုပါထည့်တွက်ပြီး ကိုယ့်ရဲ့တစ်နေ့တာအချိန်အသုံးပြုတာတွေကို မျှတမှုရှိအောင် သေချာစီမံခန့်ခွဲထားနိုင်ရမှာဖြစ်ပါတယ်။

နားရမယ့်အချိန်ကိုအစီစဉ်တကျလုပ်ဆောင်ပါ

ကိုယ်ကအလုပ်တွေနဲ့အရမ်းကိုရှုပ်နေပြီဆိုရင် ကိုယ့်အတွက်အနားယူချိန်ကိုမျှော်လင့်မိမှာအမှန်ပါ။ ဒါကြောင့် အရုပ်ကြိုးပြတ်ရောက်တဲ့အချိန်ထိ ရွှေ့ဆိုင်းမနေဘဲ မိမိဘယ်အချိန်မှာအနားယူမယ်ဆိုတာကို ကြိုတင်အစီစဉ်ဆွဲထားပါ။ ဥပမာအနေနဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့ဘယ်အချိန်မှာတွေ့မယ်၊ ဘယ်ရက်မျိုးမှာခရီးထွက်ကြမယ်ဆိုပြီး ကြိုတင်အစီစဉ်ဆွဲထားခြင်းက ကိုယ့်မှာလွတ်လွတ်လပ်လပ်နဲ့ နေနိုင်မယ့်အချိန်တွေရှိသေးတယ်ဆိုတဲ့ စိတ်နဲ့ အလုပ်တွေကိုသေချာ ပြီးစီးအောင်လုပ်နိုင်ပါလိမ့်မယ်။

မိမိအတွက်ကိုယ်ပိုင်အချိန်တွေကိုလည်းဖန်တီးပါ

ကိုယ်ချစ်တဲ့သူတွေနဲ့ရှိနေတာက အချိန်အတိုင်းအတာတစ်ခုထိပဲရှိနေသင့်ပါတယ်။ ကိုယ့်တစ်ယောက်ထဲအတွက် အချိန်ကိုဖယ်ထားပြီးမိမိဘဝတိုးတက်ဖို့အတွက် စာလေ့လာတာအပြင်ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်ဆောင်နေတာကလည်းဘဝတိုးတက်စေနိုင်သလိုစိတ်ပျော်ရွှင်မှုရနိုင်ပါတယ်။

တက်တက်ကြွကြွနေပါ

အလုပ်တွေအပြင်လေ့ကျင့်ခန်းတွေလုပ်မယ့်အချိန်ကိုလည်း ဖယ်ထားသင့်ပါတယ်။ ဒီလို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်သလိုကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ပိုပြီးလန်းဆန်းစေပါတယ်။ အနည်းဆုံးလမ်းလျှောက်တာဖြစ်ဖြစ်၊ စက်ဘီးစီးတာဖြစ်ဖြစ်ကို တစ်ပတ်မှာ ၂ ကြိမ်သို့ ၄ ကြိမ်ကို မိနစ် ၃၀ လောက်လုပ်နိုင်အောင်ကြိုးစားကြည့်ပါ။

အခြားသူများနှင့်ပူးပေါင်းလုပ်ဆောင်ပါ

တခါတလေကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတစ်ခုကတော့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့အဆင်မပြေတာပါပဲ။ ဒါကြောင့်ကိုယ့်အလုပ်အတွက်အဆင်မပြေတာတွေရှိလာတဲ့အခါ ကိုယ့်ရဲ့အထက်ကလူကြီးနဲ့တိုင်ပင်ပြီး ကိုယ်နဲ့အဆင်ပြေမယ့်သူတို့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ဆွေးနွေးကြည့်ပါ။ ဒီလိုပြောင်းပြီလုပ်တဲ့အခါမှာ ကိုယ့်အတွက်အကြံဉာဏ်ကောင်းတွေရနိုင်တဲ့အပြင် အလုပ်ပေါ်မြင်တဲ့ကိုယ့်ရဲ့အမြင်ကလည်း ပြောင်းလဲလာပါလိမ့်မယ်။

ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အပေါ်ယုံကြည်မှုရှိပါ

လုပ်ငန်းခွင်အတွင်း ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခြင်းကကိုယ့်အတွက် ဆုလာဒ်တစ်ခုလိုပါပဲ။ တစ်ယောက်ခြင်းစီတိုင်းနဲ့ခင်မင်ရင်းနှီးမှုတွေရယူပြီး ယုံကြည်မှုရှိရှိနဲ့ဆက်ဆံပါ။ သူတို့တွေက ကိုယ်တွေ့ကြုံနေရတဲ့ အလုပ်ခွင်ကအခက်အခဲတွေ၊ စိန်ခေါ်မှုတွေကိုပိုပြီးနားလည်နိုင်မယ့်သူတွေဖြစ်တဲ့အပြင် ကိုယ့်ဘက်ကလည်း သူတို့အပေါ်မှာစိတ်ဝင်တစားနဲ့ မေးမြန်းပြောဆိုတာတွေလုပ်ခြင်းက နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိစေပါတယ်။

ကောင်းမွန်စွာတွေးတောနိုင်ပါစေ

တခါတလေအမှားလုပ်မိတဲ့အခါ မိမိကိုယ်ကိုချည်းပဲအပြစ်တင်မနေပါနဲ့။  ဒီလိုမှားတဲ့အမှားတွေကနေကိုယ်ဘာတွေ သင်ယူလိုက်ရသလဲ၊ ဘယ်လိုတွေကိုကြိုတင်ပြီးလုပ်ခဲ့သင့်သလဲဆိုတာကို ပြန်လည်သုံးသပ်တာတွေလုပ်ခြင်းက ကိုယ့်ကိုတိုးတက်မှုရစေပါတယ်။

အသစ်အဆန်းတွေကိုလေ့လာကြည့်ပါ

အသစ်အဆန်းတွေကိုရှာဖွေကြည့်တာကဘဝအတွက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာတွေရရှိမှာအမှန်ပါ။ ဥပမာအနေနဲ့အသစ်သစ်သောပညာရပ်တွေကိုလေ့လာတာ၊ နိုင်ငံခြားကိုသွားရောက်လည်ပတ်တာတွေအပြင် ကိုယ်စိတ်ဝင်စားလောက်မယ့် လှုပ်ရှားမှုတစ်ခုခုကိုလုပ်ကြည့်လိုက်ပါ။ ကိုယ့်ရဲ့နေ့စဉ်ဘဝလုပ်ဆောင်မှုတွေကနေ ခွဲထွက်ပြီးအသစ်အဆန်းတွေလုပ်ဆောင်ကြည့်တာကသင့်ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကို အကျိုးသက်ရောက်မှုရှိနိုင်မှာပါ။

ဒီအချက်တွေကို လေ့လာကြည့်ရင်းသင့်တစ်ဘဝလုံးမှာ သင့်ရဲ့ကိုယ်ပိုင်ဘဝနဲ့ အလုပ်တွေကို ဘယ်လိုအကျိုးရှိ ပြီး မျှတအောင် အသုံးပြုရမလဲဆိုတာနဲ့ပက်သက်ပြီးကောင်းကောင်း နားလည်လာမှာဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေလေ့လာချင်လို့ပဲဖြစ်ဖြစ်၊ ဗဟုသုတ တွေရနိုင်မည့်ဆောင်းပါးတွေဖတ်ချင်လို့ပဲဖြစ်ဖြစ် jobnet.com.mm ကိုဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။