5th July, 2022

အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ

အလုပ်ခန့်အပ်ဖို့အတွက် အင်တာဗျူးကြတဲ့အခါ လစာနဲ့ပတ်သက်ပြီး မေးမြန်းခံရပါလိမ့်မယ်။ မိမိလျှောက်ထားတဲ့ ရာထူးနေရာအတွက် လစာဘယ်လောက်လိုချင်လဲဆိုတာကို မေးတာ အလုပ်အင်တာဗျူးတွေရဲ့ ထုံးစံပါပဲ။

လုပ်ငန်းရှင်တွေဘက်က ဒီမေးခွန်းကို မေးရတာ အကြောင်းရင်းတွေရှိပါတယ်။ ကုမ္ပဏီအများစုကတော့ အလုပ်ခန့်အပ်ဖို့ ရာထူးနေရာတွေကို ခေါ်တဲ့အခါ လစာသတ်မှတ်ချက်ကတော့ ရှိထားနှင့်ပြီးသားပါ။ ကိုယ့်ရဲ့မျှော်မှန်းလစာက သူတို့ပေးဖို့မှန်းထားတဲ့ပမာဏနဲ့ နီးစပ်မှုရှိမရှိဆိုတာကို သိချင်လို့ မေးကြတာဖြစ်ပြီး နီးစပ်ရင်တော့ အလုပ်ခန့်ဖို့ ဆက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ အလုပ်အင်တာဗျူးမှာ လစာကိစ္စကို အဆင်ပြေအောင် ဖြေနိုင်မယ်ဆို ကိုယ့်အတွက် အလုပ်ရနိုင်မယ့် အခွင့်အလမ်းအပြင် အလုပ်ရပြီးနောက် ထပ်မံရလာမယ့် အကျိုးကျေးဇူးတွေကိုပါ ရဦးမှာဖြစ်လို့ JobNet က အကြံအချို့ ပေးလိုက်ပါတယ်။

(၁) ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်သိပါ

အလုပ်တိုင်းဟာ သူ့တန်ဖိုးနဲ့သူ ကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ရာထူးနေရာနဲ့ သင့်လျော်တဲ့ တကယ့်ထိုက်တန်တဲ့လစာကို သိထားဖို့လိုပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်ထဲမှာ ဒီရာထူးနေရာကို ဘယ်လိုမျိုး ပေးအပ်ကြသလဲဆိုတာ အင်တာဗျူးမတိုင်ခင် ကြိုတင်လေ့လာထားပါ။ လေ့လာပြီးမှ လစာ၊ ဆုကြေးနဲ့ အကျိုးခံစားခွင့်တွေကို ညှိနှိုင်းသင့်ပါတယ်။ ဒါမှ ကိုယ့်ဘက်က မနစ်နာမှာပါ။ ကိုယ်လိုချင်တဲ့ အခြေခံလစာ၊ လိုလားတဲ့ အကျိုးခံစားခွင့်၊ လစာအပြင် အခြားခံစားခွင့်တွေကို ကိုယ့်ဘက်ကလည်း တိတိကျကျဆုံးဖြတ်ထားပြီးမှ ဖြေသင့်ပါတယ်။

(၂) လစာမေးခွန်းအတွက်ဘယ်လိုဖြေသင့်သလဲ

လူတစ်ယောက်ကို အလုပ်ခန့်အပ်တော့မယ်ဆိုရင် လုပ်ငန်းရှင်ဘက်ကလည်း ပေးအပ်ရမယ့် အကျိုးခံစားခွင့်၊ တန်းတူညီမျှမှု၊ ဆုကြေးတို့လို ကမ်းလှမ်းချက်တွေက ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတဲ့အရာတွေဖြစ်ပါတယ်။ “မျှော်မှန်းလစာ ဘယ်လောက်မှန်းထားလဲ”လို့ အင်တာဗျူးမှာ မေးမြန်းခံရတဲ့အခါ ချက်ခြင်းမဖြေနိုင်တာကို မေးမြန်းသူတွေဘက်က နားလည်ပေးကြပါတယ်။ ကိုယ့်ဘက်က အဖြေအဆင်သင့်မရှိဘူးဆိုရင်

_ အလုပ်အတွက်လိုအပ်ချက်ကို လစာနဲ့အကျိုးခံစားခွင့်တွေထက် ပိုပြီး တိတိကျကျ သိလိုပါတယ်။

_ မိမိအနေနဲ့ ဒီလုပ်ငန်းနယ်ပယ်ထဲမှာ ကျင်လည်နေသူဖြစ်တဲ့အတွက် အကျိုးခံစားခွင့်တွေ မတူတာကို နားလည်ပါတယ်။ ကုမ္ပဏီဘက်က ဘယ်လို အကျိုးခံစားခွင့်တွေ ပေးမလဲဆိုတာ သိချင်ပါတယ်လို့ ပြန်လည်ပြောကြားနိုင်ပါတယ်။ ဒါကတော့ မတူညီတဲ့ လုပ်ငန်းနယ်ပယ်ကို ပြောင်းတဲ့အခါ ဖြေသင့်တဲ့ အဖြေမျိုးပါ။

(၃) လစာနှုန်းထား

မျှော်မှန်းလစာနဲ့ ပတ်သက်ပြီး ဘယ်လောက်ဖြေရမယ်ဆိုတာ ဝေခွဲမရဖြစ်နေတုန်း ထပ်အမေးခံရရင်တော့ မေးခွန်းကိုတုံ့ပြန်ချိန်ရောက်လာပါပြီ။ ပမာဏတစ်ခုကို အတိအကျ ပြောလိုက်တာမျိုးကို ရှောင်ကြဉ်ပါ။ အဲ့ဒီအစား မတူညီတဲ့ လစာနှုန်းထား (အနည်းဆုံးမှ အများဆုံးထိ) ပြောကြည့်ပါ။ ကိုယ်လိုချင်တဲ့ လစာပမာဏထက် မျှတတဲ့နှုန်းထားမျိုးပဲ ပြောသင့်ပါတယ်။

ဝန်ထမ်းတစ်ယောက်ရဲ့လစာဟာ သူ့ရဲ့စွမ်းဆောင်ရည်အပေါ်လိုက်ပြီး ရရှိတဲ့ လုပ်အားခတန်ဖိုးပါပဲ။ ဒါကြောင့်မို့လို့ ရသင့်ရထိုက်သလောက် ရဖို့လိုအပ်သလို ကိုယ့်ရဲ့တန်ဖိုးကို လျှော့တွက်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ လက်ရှိ ကိုယ့်ရဲ့ရာထူးနေရာမျိုးကို အခြားကုမ္ပဏီတွေမှာ လစာဘယ်လောက်ပေးနေသလဲဆိုတာ သိထားဖို့အရေးကြီးပါတယ်။ ကိုယ့်အတွက် တိကျတဲ့ ရာထူး၊ လုပ်ငန်းတာဝန်တွေကို မသိရသေးမချင်း လစာကို ညှိနှိုင်းတာမျိုးလည်း မလုပ်သင့်ပါဘူး။