အားလပ်ရက်ဆိုတာ လူတွေရဲ့ဘဝအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အားလပ်ရက်လို့ပြောတဲ့အခါမှာ စနေ၊ တနင်္ဂနွေအားလပ်ရက်ကိုပြောချင်တာမဟုတ်ပါဘူး။ ရက်ရှည်အားလပ်ရက်တွေဖြစ်တဲ့သင်္ကြန်ပိတ်ရက်၊ သီတင်းကျွတ်ပိတ်ရက်၊ တန်ဆောင်တိုင်ပိတ်ရက်၊ ခရစ်စမတ်ပိတ်ရက်နဲ့ နှစ်သစ်ကူးအားလပ်ရက်တွေကို ပြောချင်တာပါ။ အားလပ်ရက်ဆိုတာ မိသားစု ဒါမှမဟုတ် ကိုယ့်အတွက်အချိန်ပေးပြီး ကုန်ဆုံးသင့်တဲ့အချိန်တစ်ခုပဲဖြစ်ပါတယ်။ ဒါဆိုရင် အားရက်အတွင်းမှာရုံးအလုပ်တွေကိုလုံးဝမေ့ပစ်ပြီး ဒီအတိုင်းလွှတ်ထားရမှာလား။ အဲဒီလိုလည်း မဟုတ်ပြန်ပါဘူး။
တစ်ခါတစ်ရံမှာ အားလပ်ရက်ရတာတောင်မှ ကိုယ့်ရဲ့ရုံးအလုပ်တွေကို ချန်ထားလို့မရနိုင်ကြပါဘူး။ အားလပ်ရက်မှာ အိမ်မှာပဲနေဖို့စီစဉ်ထားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်နေရာရာသွားဖို့စီစဉ်တာပဲဖြစ်ဖြစ် အဲဒီမတိုင်ခင်မှာပြင်ဆင်စရာတွေကအများကြီးပါပဲ။ အဲဒီအထဲမှာမှ ကိုယ့်ရဲ့ရုံးအလုပ်တွေကလည်း ဒီအတိုင်းလွှတ်ထားလို့မရခဲ့တဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်ရမယ့်စာရင်းထဲမှာ ထိပ်ဆုံးမှာပါပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အားလပ်ရက်ရှည်ကို ရုံးအလုပ်တွေနဲ့အနှောက်အယှက်မဖြစ်စေချင်ရင် အောက်မှာပေးထားတဲ့အချက်လေးတွေကို တစ်ချက်လောက်လေ့လာကြည့်လိုက်ပါ။
၁။ လုပ်ရမယ့်အရာတွေကိုစာရင်းလုပ်ပြီး ပြီးမပြီးစစ်ဆေးပါ
ပိတ်ရက်ရှည်အားလပ်ရက်မှာ မိမိရဲ့ရုံးအလုပ်တွေ၊ ကိုယ်ရေးကိုယ်တာအလုပ်တွေအပါအဝင် ကိုယ်လုပ်ချင်တဲ့အရာတွေ၊ လုပ်ရမယ့်အရာတွေက အရမ်းကိုများပါတယ်။ အဲဒီအချိန်မှာ မိမိကိုယ်ကိုယ်စိတ်ဖိစီးမှုဒဏ်ကနေကင်းဝေးစေဖို့ အကောင်းဆုံးအကြံတစ်ခုကတော့ ကိုယ်လုပ်ရမယ့်အရာတွေကို စာရင်းပြုစုလိုက်ပါ။ အဲဒီနည်းလမ်းဟာ လုပ်ရမယ့်အလုပ်တွေကို စနစ်တကျနဲ့စီမံခန့်ခွဲနိုင်စေရုံသာမက အချိန်မီပြီးနိုင်အောင်လည်းကူညီပေးနိုင်ပါတယ်။ အလုပ်တွေပြီးမြောက်နိုင်စေဖို့နဲ့ စိတ်ဖိစီးမှုတွေနည်းစေဖို့အတွက် အစီအစဉ်တစ်ခုကိုချမှတ်ထားခြင်းနည်းလမ်းထက် ပိုကောင်းတဲ့နည်းလမ်းမရှိပါဘူး။
၂။ ဦးစားပေးလုပ်ရမယ့်အရာတွေကို ဦးစားပေးပါ
ဘယ်လောက်ပဲအလုပ်တွေကိုပြီးချင်ပြီးချင် တစ်ချိန်တည်းမှာတော့ အရာအားလုံးကိုပြီးစီးအောင်လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပထမဆုံး မိမိလုပ်ရမယ့်အလုပ်တွေကိုစာရင်းပြုစုတဲ့အခါမှာ ဦးစားပေးနံပါတ်အစဉ်လိုက်ပြုလုပ်ပါ။ ဆိုလိုတာကတော့ စာရင်းလုပ်တဲ့အခါမှာ အရေးကြီးတဲ့အရာတွေကိုထိပ်ဆုံးမှာထားပြီး သူ့အချိန်နဲ့သူပြီးရမယ့်အရာတွေကို ကိုယ်တတ်နိုင်သလောက်လုပ်သွားရပါမယ်။
၃။ အလုပ်တွေအားလုံးကို အချိန်ဇယားဆွဲပြီးစီစဉ်ပါ
အချိန်ဇယားဆွဲတယ်ဆိုတာ ပြီးစီးအောင်လုပ်ရမယ့်အလုပ်စာရင်းထဲက အလုပ်တစ်ခုချင်းစီအတွက် ပြီးစီးရမယ့်အချိန်ကိုသတ်မှတ်ပေးတာပဲဖြစ်ပါတယ်။ အလုပ်ကိစ္စအမျိုးအစားပေါ်မူတည်ပြီး အချိန်ဇယားဆွဲပြီးစနစ်တကျစီမံခန့်ခွဲပါ။ ဥပမာ - အစည်းအဝေးလား၊ ချိန်းဆိုထားမှုလား၊ ဒါမှမဟုတ် ပြီးအောင်လုပ်ပေးရမယ့်အလုပ်လားဆိုတာကိုပေါ့။ လုပ်ရမယ့်အလုပ်တွေအားလုံးကို ကိုယ့်ရဲ့ပြက္ခဒိန်မှာသတ်မှတ်ထားပြီး အလုပ်တစ်ခုပြီးစီးသွားတိုင်း ပြီးစီးသွားတယ်ဆိုတာကို သိသာအောင်မှတ်သားလိုက်ပါ။
၎။ အလုပ်တာဝန်တွေကို လွှဲပြောင်းပေးအပ်ပါ
အားလပ်ရက်နဲ့အတူလုပ်သက်ခွင့်တို့ဘာတို့ယူဖို့ စီစဉ်ထားတယ်ဆိုရင် ပထမဆုံးလုပ်ဖို့လိုအပ်တာကတော့ ကိုယ့်ရဲ့အလုပ်တွေကို ကိုယ့်ကိုယ်စားခဏတာဝန်ယူပေးနိုင်မယ့်သူကိုရှာပါ။ ကိုယ်မရှိတဲ့အချိန်မှာ ကိုယ့်တာဝန်တွေကိုလုပ်နိုင်မယ့်သူ မိမိရဲ့ Clients တွေနဲ့စကားပြောနိုင်မယ့်သူ အလုပ်နဲ့ပတ်သက်တဲ့အစီရင်ခံစာတွေကို ပို့ပေးနိုင်မယ့်သူကိုရှာပါ။ သင့်တော်ပြီး ယုံကြည်စိတ်ချရတဲ့သူဆီကို အကူအညီတောင်းတာမျိုး ဒါမှမဟုတ် အလုပ်တာဝန်တွေခဏပေးအပ်တာမျိုးလုပ်ပါ။
၅။ အားလပ်ရက်မတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေစတင်ထားပါ
ကြိုတင်ပြင်ဆင်မှုမရှိဘဲ မိမိရဲ့အားလပ်ရက်ကို အေးအေးဆေးဆေးစီမံခန့်ခွဲနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အားလပ်ရက်ယူတော့မယ်ဆိုရင် အဲဒီရက်မှာလုပ်ရမယ့်အရာတွေကို တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်မတိုင်ခင် ကြိုတင်ပြီးစတင်ပြင်ဆင်ပါ။ ဥပမာ - ကိုယ်ကကုမ္ပဏီရဲ့ Blog တွေ Social Media Pages တွေကို ကိုယ်တွယ်ရတဲ့သူဆိုရင် ကိုယ်အားလပ်ရက်မှာတင်မယ့် post တွေ၊ ဆောင်းပါးတွေကို သူ့ရက်နဲ့သူအချိန်ဇယားဆွဲပြီး ပြင်ဆင်ထားပါ။
ကဲ… အခုဆိုရင် ပိတ်ရက်ရှည်အားလပ်ရက်ကို ရုံးအလုပ်ကိစ္စတွေကြောင့်ဖြစ်စေတတ်တဲ့စိတ်ဖိစီးမှုတွေမရှိဘဲ ဘယ်လိုမျိုးဖြတ်သန်းရမလဲဆိုတာကို လေ့လာလိုက်ရပြီး အသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာအားလပ်ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ…
ဆက်လက်ဖတ်ရှုရန် >>> နှစ်သစ်အတွက် CV ရေးနည်းအချက် ၄ ချက်