27th December, 2018

အားလပ်ရက်လက်ဆောင်

နှစ်သစ်ကူးရုံးပိတ်မှာ ဘာအစီအစဉ်တွေရှိကြလဲ။ သူများတွေလိုမျိုး ခရီးလည်းမသွားဖြစ်ဘူးဆိုရင် အိမ်တွင်းပုန်း Facebook သုံးပြီး ခရီးသွားနေတဲ့သူတွေရဲ့ပိုစ့်တွေကို ထိုင်ကြည့်ရင်း အားကျနေမှာလား။ ဒါဆိုရင်တော့ အိမ်မှာနေရင်း အပျင်းလည်းပြေ ဘ၀တက်လမ်းအတွက် စိတ်ခွန်အားနဲ့ ပျော်ရွှင်တက်ကြွမှုကို ဖြစ်စေမယ့် ဇာတ်ကားကောင်းကောင်းလေးတွေကို ကြည့်ရှုကြမယ်လေ။

1. The Social Network (2010) - IMDb rating 7.7.

ဒီဇာတ်ကားက အရမ်းကိုလူကြိုက်များတဲ့ ဟောလိဝုဒ်ဇာတ်ကားတစ်ခုဖြစ်ပြီး ဖေ့ဘွတ်ခ်ကို စတင်တည်ထောင်ခဲ့တဲ့ Mark Zuckerberg ရဲ့ အံ့အားသင့်စရာ ဘ၀အလှည့်အပြောင်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ကျောင်းအဆောင်တစ်ခုမှာ စတင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုကို ဒီနေ့လိုမျိုးတစ်ကမ္ဘာလုံးမှာ အရမ်းအောင်မြင်တဲ့ လူမှုကွန်ယက်မီဒီယာတစ်ခုဖြစ်လာအောင် ဘယ်လိုမျိုးအခက်အခဲတွေကိုကျော်လွှားပြီး ရပ်တည်ခဲ့ရသလဲ ဆိုတာကို ဒီဇာတ်ကားမှာတွေ့ရမှာပါ။

ဒီဇာတ်ကားထဲမှာ မှတ်သားစရာကောင်းတဲ့စကာတွေထဲက Mark ရဲ့ ရည်းစားဟောင်းက သူ့ကို ပြောလိုက်တဲ့စကားလေးက အရမ်းကိုမှတ်သားစရာကောင်းပါတယ်။

“The internet’s not written in pencil, Mark, it’s written in ink.”

“အင်တာနက်ပေါ်ကစာတွေက ခဲတံနဲ့ရေးတာမဟုတ်ဘူး မင်နဲ့ရေးတာ” (ဆိုလိုတာကတော့ အင်တာနက်မှာ တစ်ခုခုတင်လိုက်ပြီဆိုရင် အချိန်တိုတိုအတွင်းမှာ လူအများကြီးသိသွားတဲ့အတွက် ခဲတံလိုမျိုးအလွယ်တကူဖျတ်လို့မရဘူး မင်လိုပဲစွဲသွားတယ်လို့ ပြောတာပါ။)

2. Pirates of Silicon Valley (1999) - IMDb rating 7.3

ဒီကားကတော့ ဟောင်းပေမဲ့ ကောင်းနေဆဲဇာတ်ကားလေးပါ။ Microsoft ကုမ္ပဏီရဲ့ Bill Gates နဲ့ Apple ကုမ္ပဏီရဲ့ Steve Jobs တို့ရဲ့ အောင်မြင်မှုတွေနောက်ကွယ်က အကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Steve Job နဲ့ Bill Gates တို့ရဲ့ လူငယ်ဘ၀က လုပ်ငန်းပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုအကြောင်းတွေနဲ့ နည်းပညာမူပိုင်ခွင့်တွေအကြောင်းကို အသေးစိတ်ရိုက်ကူးပုံဖော်ထားပါတယ်။ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ချင်တဲ့သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ခုပါ။ ဒီကားထဲမှာ မှတ်သားစရာကောင်းတဲ့ စကားလေးတစ်ခွန်းကတော့ “Success is a menace. It fools smart people into thinking they can’t lose.” (“အောင်မြင်မှုဆိုတာ ဥာဏ်ပြေးတဲ့သူတွေကိုတောင် ဘယ်တော့မှမရှုံးနိုင်ဘူးလို့ ထင်သွားလောက်အောင် ရှုးသွပ်နိုင်တဲ့ အရမ်းကိုကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ”)

3. Office Space (1999) - IMDb rating 7.8

ဒီဇာတ်ကားအကြောင်းပြောဖို့ မေးခွန်းတစ်ခုမေးစရာရှိပါတယ်။ ကိုယ့်ရဲ့အလုပ်ကို အရမ်းမုန်းတဲ့သူရှိလား? တကယ်လို့များ ကိုယ့်ရဲ့အဖြေက “Yes” ဖြစ်ခဲ့ရင် ဒီကားလေးကို ကြည့်လိုက်ပါ။ ဇာတ်ကားဟောင်းလေးဆိုပေမဲ့ တကယ့်လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့အကြောင်းတွေကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဒီကားမှာ အလုပ်ကိုအရမ်းကို စိတ်ပျက်ပြီး အလုပ်မလာချင်လာအောင်ကို ဖြစ်နေတဲ့သူတစ်ယောက်ဟာ အလုပ်ပြုတ်ရမယ့်အစား ရာထူးတိုးသွားတဲ့အခါမှာ သူဘာတွေဆက်ဖြစ်လာမလဲ။ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပြီး ရယ်စရာကောင်းတဲ့ ဇာတ်ကားလေးတစ်ခုပါ။ ဒီဇာတ်ကားထဲက အရမ်းကိုထိရှသွားတဲ့ စကားလေးတစ်ခွန်းကတော့ “The thing is, Bob, it’s not that I’m lazy, it’s that I just don’t care.” (ငါပျင်းနေတာမဟုတ်ဘူး… ငါဘာမှကိုမလုပ်ချင်တာကွ)

4. The Secret Life of Walter Mitty (2013) - IMDb rating 7.2

ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားစရာစွန့်စားမှုတွေကို အမြဲစိတ်ကူးယဉ်နေတတ်တဲ့ မဂ္ဂဇင်းပုံနှိပ်တိုက်တစ်ခုက ၀န်ထမ်းတစ်ယောက်အကြောင်းပါ။ သူ့ရဲ့အလုပ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို တစ်ဖက်သတ်ကြိုက်နေရပြီး ဖွင့်မပြောရဲတဲ့သူတစ်ယောက်။ ဒီလိုနဲ့ သူ့ဘ၀အချိုးအပြောင်းဖြစ်တဲ့ မဂ္ဂဇင်းတိုက်ရဲ့ ပိုင်ရှင်အသစ်ပြောင်းပြီး မဂ္ဂဇင်းမှာသုံးဖို့ သူ့ကိုဒီထက်ပိုကောင်းတဲ့ ဓာတ်ပုံတွေရအောင် တကယ့်စွန့်စားမှုတစ်ခုလုပ်ခိုင်းတဲ့အခါမှာ သူဘာတွေဆက်ဖြစ်မလဲ။

ကိုယ်တကယ်ရူးသွပ်ပြီး ၀ါသနာပါတဲ့ အလုပ်ကိုလုပ်ဖို့ အခွင့်အလမ်းအသစ်တွေကို ဆုပ်ကိုင်နိုင်ဖို့ဆိုရင် စိတ်ကူးယဉ်နေတာတွေကို လတ်စသတ်ပြီး အခုချက်ချင်းစတင်သင့်တယ်ဆိုတာကို ဒီဇာတ်ကားမှာ သရုပ်ဖော်ထားပါတယ်။

5. In Good Company (2004) - IMDb rating 6.5

နောက်ထပ် ဒီဇာတ်ကားလေးကတော့ လက်ရှိလုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့အရာကို မိသားစုကိစ္စလေးတွေကို ရောနှောပြီး ဟာသဆန်ဆန် ရိုက်ထားပါတယ်။ အားကစားမဂ္ဂဇင်းပုံနှိပ်တိုက်တစ်ခုမှာ နှစ်အကြာကြီး လုပ်လာခဲ့တဲ့သူတစ်ယောက်ဟာ ရာထူးအတိုးခံရမယ့်အစား ရာထူးချခံရတဲ့အပြင် သူ့နေရာမှာ ငယ်ငယ်ချောချောဘွဲ့တွေအများကြီးရထားတဲ့ လူငယ်စီးပွားရေးသမားတစ်ယောက်ကို ခန့်ထားလိုက်တဲ့အခါမှာ အဲဒီနှစ်ယောက်အလုပ်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ ကိုယ့်သမီးနဲ့မှ ရွယ်တူလောက်ရှိတဲ့ လူငယ်တစ်ယောက်က ကိုယ့်ရဲ့အထက်လူကြီးဖြစ်သွားတဲ့အခါမှာ သူဘာတွေဆက်လုပ်မလဲ။ ဒီနေ့ခေတ် လုပ်ငန်းခွင်မှာ လူငယ်တွေကနေရာဝင်ယူလာတဲ့အတွက်ကြောင့် လက်တွေ့မှာဖြစ်ပျက်နေတဲ့ပုံလေးကို ဟာသဆန်ဆန်ရိုက်ထားတာ ဖြစ်ပါတယ်။

ဇာတ်ကားတွေကြည့်ရင်း စိတ်ဓာတ်ခွန်အားတွေ ရလာပြီး လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ရှာဖွေချင်တယ်ဆိုရင်တော့ www.jobnet.com.mm ကို ကလစ်နှိပ်လိုက်ပြီး အလုပ်အကိုင်ကောင်းနဲ့ အကြံဉာဏ်တွေကို ရှာဖွေကြည့်လိုက်ပါ။