18th October, 2018

အောင်မြင်တဲ့ အလုပ်အကိုင်လမ်းကြောင်းအတွက် ထိရောက်တဲ့အစီအစဉ်

ဘဝရပ်တည်မှုအတွက် အလုပ်အကိုင်အလုပ်တစ်ခုကို ရွေးပြီးတဲ့နောက်မှာ အဲ့ဒီအလုပ်အကိုင်လမ်းကြောင်းတလျောက် ဆက်တိုက်အောင်မြင်ရေးအတွက် ကြိုးစားကြရပါတယ်။ ကိုယ့်ရဲ့ပန်းတိုင်က ဘာပဲဖြစ်ဖြစ် ကြိုးပမ်းအားထုတ်မှုတိုင်းကတော့ အောင်မြင်ဖို့လိုပါတယ်။ အလုပ်တစ်ခုတည်းကိုပဲ တစ်သက်လုံး စွဲစွဲမြဲမြဲလုပ်နေပေမဲ့ အောင်မြင်မှုတွေ မရဘူးဆိုတာ ခိုင်မာတဲ့ အစီအစဉ် မရေးဆွဲထားလို့ပါ။ အောင်မြင်တဲ့ အလုပ်အကိုင်လမ်းကြောင်းကို ချမှတ်ဖို့အတွက် အစီအစဉ်ရေးဆွဲနည်းတွေ မျှဝေလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ်လိုချင်တာ ဘာလဲဆိုတာ တိတိကျကျသိအောင်လုပ်ရပါမယ်။ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ပန်းတိုင်က ဘာလဲဆိုတာသိရင် ရိုးရှင်းတဲ့နည်းလမ်းနဲ့ စတင်နိုင်ပါတယ်။

အရင်ဆုံး အကြမ်းပုံဖော်ကြည့်ပါ။ ပြီးပြည့်စုံစရာ မလိုပါဘူး။ အလုပ်အကိုင်လမ်းကြောင်းအတွက် အစီအစဉ်ချတယ်ဆိုတာ ကြောက်စရာကောင်းတဲ့အရာ မဟုတ်တဲ့အတွက် မရေရာမှုတွေနဲ့ အတွေးမလွန်လိုက်ပါနဲ့။ လက်ရှိအလုပ် ဒါမှမဟုတ် အလုပ်အသစ်ပြောင်းဖို့အတွက် အကူးအပြောင်းကာလမှာ အောင်မြင်ရေးအတွက် လှုပ်ရှားမှုတစ်ခုလို့ သဘောထားလိုက်ပါ။

အလုပ်အကိုင်လမ်းကြောင်းအတွက် အစီအစဉ်ချမှတ်ခြင်းက အပြုသဘောဆန်တဲ့ အတွေ့အကြုံ၊ ဆုချီးမြှင့်ခြင်းမျိုးပဲ ဖြစ်သင့်ပါတယ်။ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းထဲမှာ ကိုယ်က ဘယ်အဆင့်ကိုပဲ ရောက်နေပါစေ အလုပ်အကိုင်လမ်းကြောင်း တိုးတက်ရေး အစီအစဉ် ချမှတ်ခြင်းက ဘယ်တော့မှလည်း နောက်မကျပါဘူး။ ဒီနှစ်ထဲမှာ မိသားစုကို အချိန်ပေးဖို့၊ ခရီးထွက်ဖို့၊ အသုံးအဆောင်ပစ္စည်းဝယ်ဖို့ စသဖြင့် စီစဉ်ထားရင် အလုပ်အကိုင်ကိုလည်း တိုးတက်ဖို့ စဉ်းစားစီစဉ်ရပါမယ်။

အလုပ်တစ်ခုမှာ မပျော်တော့ဘူးဆိုရင် အလုပ်ပြောင်းသင့်တာလား၊ ပိုတိုးတက်ရမှာလားဆိုတာကို အရင်ဆုံး စဉ်းစားပါ။ အဆင်မပြေတိုင်း အလုပ်ထွက်နေတာထက် ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင် လုပ်ရမှာပဲ ဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံလည်း ရအောင်ယူနေရင်းမှာ ကျွမ်းကျင်လာအောင်နဲ့ ပိုမိုတတ်ကျွမ်းလာဖို့က အရေးကြီးပါတယ်။ ထိရောက်တဲ့ အလုပ်အကိုင်လမ်းကြောင်း တိုးတက်ရေး အစီအစဉ်ကို ဘယ်ကနေ ချမှတ်ရမလဲဆိုတာ အောက်မှာဖော်ပြမယ့် အဆင့်အတိုင်း တစ်ဆင့်ချင်းစီ လုပ်ရမှာ ဖြစ်ပါတယ်။

 

၁) ကိုယ့်ရဲ့တန်ဖိုးကိုသိပါ

ကိုယ့်မှာရှိနေတဲ့ အရည်အချင်းတွေက ဘာတွေလဲ။ အလုပ်အပြင် တခြား အရည်အချင်းတွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ ဥပမာ စကားပြောကောင်းတာ၊ presentation ကောင်းတာမျိုးက အလုပ်တိုးတက်စေမယ့် အရည်အချင်းတွေပါ။

 

၂) ကိုယ့်ကိုယ်ကိုယ်နဲ့ပတ်သက်ပြီးလေ့လာပါ

အားနည်းချက်တွေ၊ ပြင်ဖို့လိုတာတွေကို သုံးသပ်ပါ။ အင်္ဂလိပ်စာ အားနည်းနေတာလား၊ အလုပ်ကို အာရုံမစိုက်နိုင်တာလား။ တိုးတက်ဖို့လိုအပ်နေတာတွေကို ရှာဖွေရမှာဖြစ်ပါတယ်။

 

၃) ကိုယ့်ရဲ့ကျွမ်းကျင်မှုကို တိတိကျကျသတ်မှတ်ပါ

ဘယ်သူကမှ အရာအများကြီး ကျွမ်းကျင်နေမှာ မဟုတ်ပါဘူး။ တတ်မြောက်ထားတဲ့ အရာတွေထဲမှာ အကောင်းဆုံးနဲ့ ယုံကြည်မှုရှိရှိလုပ်နိုင်တဲ့ အရည်အချင်းတစ်ခုကို ကိုယ်တိုင်သိနေဖို့လိုပါတယ်။

 

၎) ပိုကောင်းတဲ့အလုပ်အကိုင်ကိုရှာဖွေခြင်း

ကိုယ့်ရဲ့လက်ရှိနေရာ ရာထူးထက် ပိုမြင့်တဲ့အဆင့်ကို သွားနိုင်ဖို့ဆိုရင် ကိုယ်ရွေးထားတဲ့ အလုပ်အကိုင်လမ်းကြောင်းပေါ်မှာ စိတ်ပါဝင်စားမှု ရှိရပါတယ်။ ပိုကောင်းတဲ့ အခွင့်အလမ်းတွေကိုလည်း စဉ်ဆက်မပြတ် ရှာဖွေနေပါ။ www.jobnet.com.mm မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီတွေနဲ့ ကုမ္ပဏီပေါင်းမြောက်များစွာရဲ့ အလုပ်ခေါ်စာတွေကို ၀င်ရောက်လေ့လာနိုင်ပါတယ်။ အဲ့ဒီမှာ ပိုကောင်းတဲ့ အလုပ်အကိုင်တစ်ခုကို လျှောက်ထားလို့ရပါတယ်။

 

၅)  ကိုယ်သင်ယူထားတဲ့ပညာရပ်နဲ့ စပ်ဆက်လုပ်ကိုင်ခြင်း

ရထားတဲ့ဘွဲ့က အလုပ်အတွက် အသုံးမတည့်ဘူးဆိုတာ မရှိပါဘူး။ သင်ယူတတ်မြောက်ထားတဲ့ ပညာရပ်နဲ့ စပ်ဆက်တဲ့အလုပ်ကို ရွေးချယ်မယ်ဆို ပိုအောင်မြင်နိုင်ပါတယ်။ တချို့ကတော့ ကျောင်းမှာ သင်ယူခဲ့တဲ့ ပညာရပ်တွေအပြင် အခြား တတ်မြောက်ထားတဲ့ ပညာရပ်တွေကို လုပ်ငန်းခွင်မှာ အသုံးချမယ်ဆို အောင်မြင်တဲ့ အလုပ်အကိုင်လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။