2nd October, 2020

အင်တာဗျူးမှာ ကိုယ့်ရဲ့အကြောင်းကိုပြောပြဖို့မေးလာခဲ့လျှင်

လူတစ်ယောက်နဲ့ပထမဆုံးတွေ့ဆုံတဲ့အခါမှာ ကိုယ့်ကိုမြင်မြင်ချင်းမှာ အထင်ကြီးလေးစားခံရဖို့ အခွင့်အရေးဆိုတာနှစ်ခါပြန်မလာပါဘူး။ အင်တာဗျူးတစ်ခုမှာ အလုပ်ခေါ်ယူနေတဲ့မန်နေဂျာတွေဟာ အင်တာဗျူးဖြေဆိုမယ့်သူနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်ကို များသောအားဖြင့် ပထမသုံးမိနစ်အတွင်းမှာ ဆုံးဖြတ်လေ့ရှိကြပါတယ်။ ဒါဆို အလုပ်အင်တာဗျူးတစ်ခုမှာ ကိုယ့်ကိုမြင်မြင်ချင်းမှာ အထင်ကြီးလေးစားမှုခံရအောင် ဘယ်လိုပြုမူသင့်သလဲ။ အဲဒါကြောင့် ဒီနေ့မှာတော့ အလုပ်အင်တာဗျူးတွေမှာ ပထမဆုံးအနေနဲ့မေးနေကြဖြစ်တဲ့ “ကိုယ့်အကြောင်းကိုယ်ကိုယ် မိတ်ဆက်ပေးပါဦး” ဆိုတဲ့မေးခွန်းကို ဘယ်လိုမျိုးဖြေဆိုသင့်သလဲဆိုတာကို အလုပ်ခေါ်ယူနေတဲ့မန်နေဂျာတစ်ယောက်၊ အလုပ်ရှင်တစ်ယောက် ဒါမှမဟုတ် CEO တစ်ယောက်ရဲ့ရှုထောင့်ကနေ မျှဝေပေးသွားပါမယ်။

ပထမဆုံးအချက်ကတော့ အလုပ်ရှင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အကြောင်းကိုမိတ်ဆက်ပေးဖို့ ပြောလာတဲ့အခါမှာ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးကအကြောင်းတွေကို မေးနေတာမဟုတ်ဘူးဆိုတာသိရပါမယ်။ မိဘတွေအကြောင်း၊ ဘဝနောက်ခံတွေအကြောင်း၊ အိမ်မှာမွေးထားတဲ့တိရိစ္ဆာန်တွေအကြောင်းကို မေးနေတာမဟုတ်ပါဘူး။ သူတို့တကယ်ကြားချင်တာက ကိုယ့်အနေနဲ့ သူတို့ဆီကိုဘာတွေယူဆောင်လာနိုင်မလဲဆိုတာပါပဲ။ အဲဒီမေးခွန်းကိုကြားတဲ့အခါမှာ ကိုယ့်အနေနဲ့ မေးခွန်းမေးသူတွေရဲ့စိတ်ကိုဖွင့်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဘယ်လိုမျိုးတန်ဖိုးရှိတဲ့အရာတွေကို ကုမ္ပဏီအတွက်ကယူလာနိုင်မလဲ၊ ကုမ္ပဏီအတွက်ဘယ်လိုမျိုးပြဿနာတွေကို ဖြေရှင်ပေးနိုင်မလဲ စတဲ့အချက်တွေကိုသူတို့တွေက သိချင်ပါတယ်။

ဖြေဆိုတဲ့အခါမှာလည်း Three S ဆိုတဲ့ဖြေဆိုနည်းကို မှတ်သားထားပါ။ ပထမဆုံး S ကတော့ Success ဆိုတဲ့အောင်မြင်မှုပါပဲ။ ဥပမာပြောပြရမယ်ဆိုရင် Social Media Manager ရာထူးအတွက် အလုပ်အင်တာဗျူးဖြေဆိုတဲ့အခါမှာ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်မှာ လုပ်ဆောင်ခဲ့ဖူးတဲ့အောင်မြင်မှုတွေကနေစပြောလိုက်ပါ။ နမူနာသရုပ်ဖော်ပြသရမယ်ဆိုရင် “ကျွန်တော်/ကျွန်မအနေနဲ့ ဆိုရှယ်မီဒီယာနယ်ပယ်မှာလုပ်ကိုင်နေတာ ၃ နှစ်ရှိပါပြီ။ အထူးသဖြင့် ကုမ္ပဏီတွေနဲ့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ Facebook Fan Page တွေကိုတိုးတက်စေဖို့ ကူညီလုပ်ဆောင်ပေးပါတယ်။ ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ လုပ်ငန်းနယ်ပယ် ၁၀ ခုကျော်က လုပ်ငန်းရှင်ပေါင်းများစွာရဲ့ Page တွေကို ခြောက်လအတွင်းမှာ Followers ပေါင်း ၃၀၀% ကနေ ၅၀၀% အထိ တိုးတက်လာအောင်ကူညီပေးခဲ့ပြီး သူတို့ရဲ့ပရိသတ်တွေနဲ့ချိတ်ဆက်မှုတွေတက်လာအောင် ကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဒီလုပ်ငန်းနယ်ပယ်မှာ ကျွန်တော်/ကျွန်မဘယ်လောက်အထိ စိတ်ပါဝင်စားမှုရှိခဲ့သလဲဆိုတာပါပဲ။ အခုဒီအလုပ်လျှောက်လွှာမှာဆိုရင်လည်း ကျွန်တော်/ကျွန်မနဲ့အတူ အလုပ်တွဲလုပ်ဖူးတဲ့လုပ်ငန်းရှင်တွေကနေ ကျွန်တော်/ကျွန်မရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုတွေထောက်ခံချက်ပေးထားသလဲဆိုတာကို ကြည့်နိုင်ပါတယ်။” ကဲ… ဒါဆို အခုဖော်ပြသွားတဲ့အထဲမှာ အသနားခံတဲ့လေသံနဲ့မဟုတ်ဘဲ ကိုယ့်ရဲ့အရည်အချင်းတွေကို ဘယ်လိုမျိုးထုတ်ဖော်ပြသနေသလဲဆိုတာကို သိရှိနိုင်ပါတယ်။

ဒုတိယ S ကတော့ Strength ဆိုတဲ့ ကိုယ့်ရဲ့အားသာချက်ပါ။ ကိုယ့်ရဲ့အားသာချက်ကတော့ ဘာပါဆိုတဲ့စကားနဲ့အစချီလိုက်ပါ။ ခုနကနမူနဲ့ပြန်လည်ချိတ်ဆက်ပြီးပြောရမယ်ဆိုရင် “ကျွန်တော်/ကျွန်မရဲ့အားသာချက်ကတော့ Page တစ်ခုရဲ့ပရိသတ်တွေ၊ ကြည့်ရှုသူတွေက ဘယ်လိုအကြောင်းအရာတွေကို ဖတ်ရှုသိရှိချင်ကြသလဲဆိုတာကို အလွယ်တကူသဘောပေါက်လွယ်ခြင်းပဲ ဖြစ်ပါတယ်။ Page ရဲ့ ပရိသတ်တွေကြိုက်နှစ်သက်တဲ့ ဒါမှမဟုတ် မျှဝေချင်တဲ့အကြောင်းအရာကောင်းတွေကို ဖန်တီးနိုင်စွမ်းရှိတယ်လို့လည်း ကိုယ့်ကိုယ်ကိုမြင်ပါတယ်။” ဒါဟာဒုတိယ S ကိုဖြေဆိုသွားတဲ့ပုံပါ။

နောက်ဆုံးတတိယ S ကတော့ Situation ပါ။ ဆိုလိုတာကတော့ ကိုယ်လျှောက်ထားထားတဲ့အလုပ်ရာထူးနဲ့ ပတ်သက်ပြီး လျှောက်ထားမှုကဘယ်လိုနေသလဲဆိုတာပါပဲ။ ကုမ္ပဏီအသစ်၊ အခွင့်အလမ်းအသစ်ဆိုတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဘာတွေကိုရှာဖွေနေသလဲဆိုတာပဲဖြစ်ပါတယ်။ ဥပမာ “ကျွန်တော်/ကျွန်မလုပ်ကိုင်လိုတဲ့အဖွဲ့အစည်းကတော့ ကျွန်တော်/ကျွန်မရဲ့အရည်အချင်းတွေ တိုးတက်လာအောင်လုပ်ဆောင်တဲ့နေရာမှာ ရလဒ်ကောင်းတွေရရှိလာစေဖို့ကူညီပေးတဲ့နေရာမျိုးပဲဖြစ်ပါတယ်။ အခုအလုပ်လျှောက်ထားထားတဲ့အဖွဲ့အစည်းဟာဆိုရင်လည်း ကျွန်တော်/ကျွန်မရှာဖွေနေတဲ့အဖွဲ့အစည်းမျိုး ဖြစ်နိုင်မယ်လို့လည်းယုံကြည်ပါတယ်” ဆိုပြီးမေးခွန်းဆန်ဆန်အဆုံးသတ်ပေးနိုင်ပါတယ်။ ဒါဆိုရင် အင်တာဗျူးမေးမြန်းသူဘက်ကလည်း ကိုယ့်ရဲ့အဖြေကိုစိတ်ဝင်စားတဲ့အခါမှာ အဲဒီမေးခွန်းဆန်ဆန်အဖြေကို စကားဆက်ပြီးဖြေပေးပါလိမ့်မယ်။

နောက်ဆုံအနေနဲ့အဓိကမှာချင်တာကတော့ အင်တာဗျူးဖြေဆိုဖို့ကမ်းလှမ်းခံရတယ်ဆိုရင် အဓိကလုပ်ရမယ့်အရာက Practice makes perfect ပါ။ “ပွဲမစခင် အပြင်ကကျင်းပ” ဆိုတဲ့စကားအတိုင်း ကြိုတင်လေ့ကျင့်ပြင်ဆင်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်တဲ့အတွက်ကြောင့် မိမိထည့်သွင်းပြောဆိုချင်တဲ့အကြောင်းအရာတွေကို ဘယ်လိုမျိုးထိထိမိမိပြောဆိုရမလဲဆိုတာကို အကြိမ်ကြိမ်အခါခါလေ့ကျင့်သွားစေချင်ပါတယ်။ နောက်ပြီးအခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေပိုပြီးများလာသလို စီးပွားရေးလုပ်ငန်းကဏ္ဍမှာ အင်္ဂလိပ်ဘာသာစကားဟာ အသုံးချဘာသာစကားတစ်ခုလိုဖြစ်လာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံကုမ္ပဏီတွေဟာ အင်တာဗျူးမှာအင်္ဂလိပ်စာအရည်အသွေးကိုတစ်ခါတည်းစစ်လို့ရအောင် အင်္ဂလိပ်လိုအင်တာဗျူးတာတွေရှိလာပါတယ်။ အဲဒါကြောင့် ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို အင်္ဂလိပ်လိုထိထိမိမိပြောဆိုတတ်အောင်လည်း လေ့ကျင့်သွားဖို့လိုအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> အင်တာဗျူးမတိုင်ခင်ညမှာဘာတွေပြင်ဆင်ထားသင့်သလ

ဆက်လက်ဖတ်ရှုရန် >>> အွန်လိုင်းကနေ ဗီဒီယိုနဲ့အလုပ်အင်တာဗျူးဖြေရတော့မယ်ဆိုရင်