13th December, 2019

အလုပ်အကိုင်လမ်းကြောင်းပြောင်းချင်သူများအတွက် CV ရေးနည်း ၄ချက်

အလုပ်အကိုင်လမ်းကြောင်း ခဏခဏပြောင်းနေတဲ့သူ ဒါမှမဟုတ် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူတစ်ယောက်အဖြစ် အချိန်အကြာကြီးလုပ်ကိုင်လာတဲ့အလုပ်ကနေ တခြားလမ်းကြောင်းတစ်ခုကိုပြောင်းတဲ့သူတွေကို တွေ့တဲ့အခါမှာ အဲဒီလူတွေဟာ ထူးဆန်းတယ်ဆိုပြီး ထင်ဖူးပါသလား။ အဲဒီလိုထင်ဖူးတယ်ဆိုလျှင် ကိုယ့်ကို ဘယ်အရာကအဲဒီလိုထင်အောင် ပြုလုပ်နိုင်ခဲ့တာလဲ။ “လူတစ်ယောက်ဟာ မတူညီတဲ့နယ်ပယ်တော်တော်များများကိုစိတ်ဝင်စားမှုရှိတယ် ဒါမှမဟုတ် မတူညီတဲ့ကိစ္စတွေအများကြီး ပြုလုပ်တယ်ဆိုလျှင် သူ့ကိုပုံမမှန်တဲ့လူလို့ထင်ကြလေ့ရှိပြီး အဲဒါလိုအယူအဆကို ကျွန်မတို့ရဲ့ယဉ်ကျေးမှုအလေ့အထတွေကပဲ သင်ကြားပေးလိုက်တာပါ” လို့ အောင်မြင်တဲ့အလုပ်အကိုင်အကြံပေးနည်းပြ Emilie Wapnick ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိပါတယ်။ လူတိုင်းလူတိုင်းဟာ အမှန်တကယ်စိတ်ဝင်စားတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုပဲ ရှိရမှာဖြစ်ပြီး အဲဒီလုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အထိ ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို နစ်မြှုပ်ထားရမယ်ဆိုတဲ့ အသိုင်းအဝန်းရဲ့အလေ့အထတွေကြားမှာ လူတိုင်းနီးပါးဟာ ကြီးပြင်းလာခဲ့ရပါတယ်။ အဲဒီလိုအယူအဆတွေကြောင့်လည်း အကယ်၍ ကိုယ့်ဘဝနဲ့ အလုပ်အကိုင်လမ်းကြောင်းမှာ တကယ်စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ဝင်စားတဲ့အရာတွေရှိခဲ့တယ်ဆိုလျှင်တောင် အဲဒီအရာတွေကိုဘေးချိတ်ထားပြီး မေ့လျော့ထားလိုက်ကြပါတယ်။

မြန်မာနိုင်ငံရဲ့လူငယ်တွေကြားမှာ တွေ့ကြုံရတာများတဲ့အရာတစ်ခုကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ပြီးတဲ့အခါမှာ လူငယ်အများစုဟာ သူတို့ဘယ်နယ်ပယ်မှာစိတ်ဝင်စားမှုရှိသလဲဆိုတာကိုမဝေခွဲနိုင်ကြဘဲနဲ့ မိဘတွေဖြစ်စေချင်တဲ့နယ်ပယ်တွေကိုပဲ လေ့လာခဲ့ကြပါတယ်။ အဲဒီအကျိုးဆက်တွေကြောင့် တချို့ဘွဲ့ရလူငယ်တွေရဲ့ တက္ကသိုလ်ဘွဲ့တွေဟာ သူတို့ရွေးချယ်တဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ တစ်ထပ်တည်းမကျတာတွေကို တွေ့ရပါတယ်။ သူတို့တွေအနေနဲ့ ဘွဲ့ရပြီးခါစ လုပ်ငန်းခွင်စတင်ဝင်ရောက်ဖို့ ပြင်ဆင်တဲ့အခါမှာ အများကြီးမစဉ်းစားဘဲ သင့်တော်မယ်ထင်တဲ့အလုပ်ကိုသာ လုပ်ကိုင်ကြပါတယ်။ လုပ်ငန်းခွင်ဝင်ရောက်ပြီး အချိန်အတိုင်းအတာတစ်ခုကြာမှဟာ ဗဟုသုတ၊ အတွေ့အကြုံနဲ့ လုပ်ငန်းပိုင်းဆိုင်ရာအသိအကျွမ်းမိတ်ဆွေတွေကြောင့် သူတို့တကယ်စိတ်ဝင်စားတဲ့အခြား အသက်မွေးဝမ်းကြောင်းလုပ်ငန်းနယ်ပယ်တစ်ခုကို ပြောင်းရွေ့ကြပါတယ်။ လက်ရှိလုပ်ငန်းနယ်ပယ်မှာ လုပ်ငန်းကျွမ်းကျင်သူတစ်ယောက်အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၅ နှစ် ၁၀ နှစ်ဒါမှမဟုတ် ၁၅ နှစ်လောက်ရှိတာတောင်မှ အဲဒီအလုပ်တွေကို ပျင်းရိငြီးငွေ့လာပြီး ဆက်မလုပ်ချင်တဲ့စိတ်တွေဖြစ်လာတတ်ပါတယ်။ အဲဒီအချိန်မှာ တခြားစိတ်ဝင်စားတဲ့လုပ်ငန်းနယ်ပယ်တစ်ခုကို ပြောင်းရွေ့ဖို့စဉ်းစားလာကြပါတယ်။ အလုပ်အကိုင်လမ်းကြောင်းပြောင်းတယ်ဆိုတာဟာ ခက်ခဲပြီး နောက်ထပ်လေ့လာတိုးတက်မှုတွေကို လိုအပ်တယ်ဆိုပေမဲ့ ကိုယ့်ရဲ့စိတ်ဓာတ်ခွန်အားနဲ့ အလုပ်လုပ်နိုင်စွမ်းတွေကို တွန်းအားပေးပါတယ်။

အမှန်တကယ်တော့ အလုပ်အကိုင်လမ်းကြောင်းပြောင်းလဲမှုဟာ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုအသစ်တွေကို လေ့လာနိုင်တာ၊ လူအသစ်တွေနဲ့တွေ့ဆုံနိုင်စေတာ၊ နောက်ထပ်လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုအဆင့်တစ်ခု အထိရောက်အောင် မိမိကိုယ်ကိုစိန်ခေါ်နိုင်စေတာ၊ အရင်ကထက်ဝင်ငွေပိုပြီးရှာဖွေနိုင်တဲ့အခွင့်အရေးကို ရရှိစေနိုင်တာအပြင် ကိုယ်ရည်ကိုယ်သွေးအစွမ်းတွေနဲ့ ကိုယ့်ဘဝရည်ရွယ်ချက်တွေကို အသစ်ပြန်လည်မွေးဖွားစေနိုင်တာ အစရှိတဲအကျိုးကျေးဇူးအများကြီကို ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့မြန်း အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို ပြောင်းလဲတော့မယ်ဆိုလျှင် ပထမဦးဆုံးလုပ်ရမယ့်အလုပ်က ကိုယ့်ရဲ့ CV ကို ပြန်လည်ပြင်ဆင်ဖို့ပါပဲ။ အလုပ်အကိုင်လမ်းကြောင်းအသစ်တစ်ခုကိုပြောင်းဖို့ CV ပြင်ဆင်တာဟာ လုပ်ငန်းတူအလုပ်ကိုပြောင်းတဲ့ပုံမှန် CV ပြင်ဆင်ပုံနဲ့မတူပါဘူး။ ကွဲပြားခြားနားပါတယ်။ အဲဒါကြောင့် အလုပ်အကိုင်လမ်းကြောင်းအသစ်တစ်ခုကိုပြောင်းဖို့ ဆွဲဆောင်မှုရှိတဲ့ CV ပြင်ဆင်ရာမှာ မှတ်သားထားသင့်တဲ့အချက် ၄ ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံတွေထက် ကိုယ်ရည်ကိုယ်သွေးတွေကို ပိုပြီးဦးစားပေးဖော်ပြပါ

အလုပ်အကိုင်လမ်းကြောင်းပြောင်းဖို့အတွက် ကောင်းမွန်တဲ့ CV တစ်ခုကိုရေးတဲ့အခါမှာ ကိုယ်ရည်ကိုယ်သွေးရော လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံတွေဟာ အဓိကကျတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ ကိုယ်ရည်ရွယ်ထားတဲ့ လုပ်ငန်းနယ်ပယ်အသစ်တစ်ခုကို ပြောင်းရွေ့တဲ့အခါမှာ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေဟာ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံတွေထက်ပိုပြီး သင့်တော်ကိုက်ညီမှုရှိပါတယ်။ အလုပ်အကိုင်လမ်းကြောင်းအသစ်တစ်ခုကို ပြောင်းတယ်ဆိုပေမဲ့ အဖွဲ့လိုက်အလုပ်လုပ်ရတာတွေ၊ အချိန်ကိုစနစ်တကျစီမံခန့်ခွဲပြီး အလုပ်တွေကိုပြီးစီးအောင် ဆောင်ရွက်ရတာတွေ၊ အလုပ်နဲ့ပတ်သက်တဲ့တာဝန်တွေကို လေးစားမှုရှိတာတွေမှာ ကိုယ့်အနေနဲ့ သံသယဖြစ်စရာမလိုအောင် အတွေ့အကြုံတွေအများကြီးရှိပါလိမ့်မယ်။ အဲဒါဟာ လုပ်ငန်းနယ်ပယ်အစုံမှာ လိုအပ်နေတဲ့အရည်အချင်းတွေဖြစ်ပြီး ဘယ်နယ်ပယ်အတွက်မဆို လိုအပ်နေတဲ့အလုပ်တွေကိုအကဲဖြတ်ရာမှာ ကိုယ့်ရဲ့အရည်အချင်းတွေကို စိတ်ကြိုက်သုံးလို့ရတဲ့အရာတွေ ဖြစ်ပါတယ်။

၂။ Hard Skills နဲ့ Soft Skills တွေကို စာရင်းပြုစုပါ

အရင်ကလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေဟာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုလျှောက်မယ့်နယ်ပယ်အသစ်မှာ ကိုယ့်ကိုအလုပ်ခန့်မလား မခန့်ဘူးဘားဆိုတာဟာ ကိုယ့်ရဲ့ Hard Skills တွေနဲ့ Soft Skills တွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ Project management ၊ ဆက်သွယ်ပြောဆိုနိုင်မှု၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်မှု အစရှိတဲ့ Soft Skills တွေဟာ ဘယ်လိုကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကိုမဆို အသုံးဝင်တဲ့အရည်အချင်းတွေဖြစ်ပြီး လုပ်ငန်းနယ်ပယ်တော်တော်များများနဲ့ ကုမ္ပဏီတွေတော်တော်များများက ရှာဖွေနေတဲ့အရာတွေလည်း ဖြစ်ပါတယ်။ ထို့အပြင် Hard Skills တွေဖြစ်တဲ့ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေ ဥပမာအားဖြင့်ပြောရမယ်ဆိုလျှင် အရင်ကကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ခဲ့တဲ့ လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေ၊ ဘာသာစကားကျွမ်းကျင်မှု၊ ကွန်ပျူတာအသုံးပြုနိုင်မှု အစရှိတာတွေကိုလည်း ဖော်ပြဖို့အရေးကြီးပါတယ်။ အဲဒါကြောင့် CV ပြင်ဆင်တဲ့အခါမှာ ကိုယ့်ရဲ့ Hard Skills တွေနဲ့ Soft Skills တွေကို အလုပ်ရှင်ကလွယ်လွယ်ကူကူမြင်တွေ့နိုင်အောင် သီးခြားစီစနစ်တကျဖော်ပြပေးသင့်ပါတယ်။ အဲဒီလိုမျိုးပြုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းအသစ်ပြောင်းမယ့်ပန်းတိုင်ကို ပိုပြီးနီးစပ်စေပါတယ်။

၃။ အလုပ်အကိုင်လမ်းကြောင်းပြောင်းရတဲ့အကြောင်းအရင်းကို သေချာဖော်ပြပါ

အလုပ်ရှင်တွေအနေနဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းနယ်ပယ်အပိုင်းမှာ အတွေ့အကြုံရှိပြီး သူတို့ရဲ့ကုန်ပစ္စည်းတွေအကြောင်းကို နှံ့နှံ့စပ်စပ်သိတဲ့ အလုပ်လျှောက်ထားသူတွေကိုလိုချင်တယ်ဆိုပေမဲ့လည်း တစ်ခါတလေမှာ မတူညီတဲ့အမြင်တွေနဲ့ ဖန်တီးနိုင်မှုစွမ်းအားကောင်းတဲ့အကြံဉာဏ်တွေကို ယူဆောင်လာနိုင်တဲ့သူတို့ရဲ့လုပ်ငန်းပြင်ပကသူတွေကို ရှာဖွေလေ့ရှိကြပါတယ်။ ဒါပေမဲ့လည်း အလုပ်ရှင်တွေအနေနဲ့ အဲဒီလိုမျိုးအလုပ်အကိုင်လမ်းကြောင်းပြောင်းတဲ့ အလုပ်လျှောက်ထားသူတွေဆီကနေ သူတို့ဟာဒီအလုပ်အတွက်ထိုက်တန်တဲ့သူတွေဖြစ်တယ်ဆိုတာကို ခိုင်မာသေချာတဲ့သက်သေပြချက်တစ်ခုတော့ လိုအပ်ပါတယ်။ အဲဒါကြောင့် အလုပ်အကိုင်လမ်းကြောင်းအသစ်တစ်ခုကို ပြောင်းဖို့ပြင်ဆင်နေတဲ့အခါမှာ ကိုယ့်အနေနဲ့ ဘာကြောင့်အလုပ်အကိုင်လမ်းကြောင်းအသစ်ကိုပြောင်းလဲချင်သလဲဆိုတာနဲ့ အရင်အလုပ်ကရရှိခဲ့တဲ့ ဘယ်လိုမျိုးအတွေ့အကြုံတွေနဲ့ကျွမ်းကျင်မှုတွေကို ကိုယ်အခုပြောင်းချင်တဲ့အလုပ်အကိုင်နယ်ပယ်မှာ ဘယ်လိုမျိုးအသုံးချလို့ရသလဲဆိုတဲ့အကြောင်းတွေကို CV အပြင် Cover Letter တစ်ခုရေးပြီး ပြည့်ပြည့်စုံစုံဖော်ပြပေးပါ။ အဲဒီအကြောင်းကို အင်တာဗျူးမှာမေးမြန်းပြောဆိုကြတာကို ပိုပြီးလုပ်တယ်ဆိုပေမဲ့ စာရေးပြီးအရင်ဆုံးပြောပြထားမယ်ဆိုလျှင်တော့ အခွင့်အရေးကောင်းတွေကို ပိုပြီးရရှိပါလိမ့်မယ်။

၎။ လျှောက်ထားမယ့်ကုမ္ပဏီတစ်ခုချင်းစီအလိုက် ချိန်ဆပြီးပြင်ဆင်ပါ

နောက်ဆုံးတစ်ခုပြောချင်တာကတော့ အလုပ်အကိုင်လမ်းကြောင်းပြောင်းဖို့အတွက်ပြင်ဆင်ထားတဲ့ ကိုယ့်ရဲ့ CV ကို ကုမ္ပဏီတွေနဲ့ HR Specialist အများကြီးဆီကိုပို့ဖို့ စီစဉ်ထားတယ်ဆိုလျှင် အားလုံးဆီကိုတူညီတဲ့ CV တွေမပို့မီစေဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် CV မပို့ခင်မှာ ကိုယ်လျှောက်ထားလိုတဲ့ကုမ္ပဏီတွေရဲ့ နောက်ခံတွေ၊ စီးပွားရေးလုပ်ငန်းအကြောင်းတွေနဲ့ လုပ်ငန်းအလေ့အထတွေကို သေချာလေ့လာပြီး ကိုယ်ဟာ သူတို့ရဲ့အလေ့အထပတ်ဝန်းကျင်နဲ့ကိုက်ညီမလား မကိုက်ညီဘူးလားဆိုတာကို  သေချာဆုံးဖြတ်ပြီးမှ လျှောက်ထားပါ။ အဲဒီလိုနည်းလမ်းအားဖြင့် ဘယ်ကုမ္ပဏီတွေဟာ ကိုယ်နဲ့မကိုက်ညီဘူးလဲဆိုတာကို စောစောစီးစီးသိရှိနိုင်ပြီး ကုမ္ပဏီအမျိုးမျိုးအတွက် လိုအပ်တဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေကိုလည်း သိရှိနိုင်စေပါတယ်။ အဲဒါကြောင့် လျှောက်ထားဖို့စီစဉ်ထားတဲ့ကုမ္ပဏီတစ်ခုချင်းစီမှာ လိုအပ်တဲ့အရည်အချင်းတွေနဲ့ကျွမ်းကျင်မှုတွေကို ကိုယ့်ရဲ့ CV ထဲမှာ အဓိကစကားလုံးတွေနဲ့ဖော်ပြပြီး လျှောက်ထားလိုက်ပါ။

စီးပွားရေးလောကဟာ မခန့်မှန်းနိုင်လောက်အောင် လျင်လျင်မြန်မြန်နဲ့ပြောင်းလဲနေတဲ့အတွက်ကြောင့် တစ်ဦးတစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေဟာ ဈေးကွက်ရဲ့လိုအပ်ချက်တွေကို အဆက်မပြတ်ဖြည့်စွက်နိုင်ဖို့အတွက် ထောက်ပံ့မှုကောင်းကောင်းတွေကို ပေးဖို့လိုအပ်လာပါတယ်။ အဲဒါကြောင့် စီးပွားရေးအဖွဲ့အစည်းတွေဟာ နောက်ခံအမျိုးမျိုးကလာတဲ့ ဖန်တီးနိုင်မှုစွမ်းအားကောင်းတဲ့သူတွေကို ပိုပြီးလိုအပ်လာကြပါတယ်။ Emilie Wapnick ပြောခဲ့တဲ့စကားတစ်ခွန်းလိုပဲ “လူတစ်ယောက်ဟာ သူ့ရဲ့ဘဝမှာ စိတ်ဝင်စားတဲ့နယ်ပယ်တွေအများကြီးရှိပြီး လေ့လာမှုတွေအများကြီးပြုလုပ်ချင်တဲ့သူဆိုလျှင် အဲဒီသူကို အလားအလာများစွာရှိတဲ့သူ (Multipotentialite) လို့ခေါ်ပါတယ်” … ထို့နည်းတူပဲ အလုပ်အကိုင်နယ်ပယ်အသစ်ကို ပြောင်းလဲချင်တဲ့သူတွေဟာ စိန်ခေါ်မှုနဲ့ကျွမ်းကျင်မှုအသစ်တွေကို ရှာဖွေဖို့စိတ်အားထက်သန်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုလည်း multipotentialite လို့ ခေါ်ဆိုနိုင်ပါတယ်။ တကယ်တော့ အဲဒီစကားလုံးဟာ အကြံဉာဏ်အသစ်တွေကိုထုတ်လုပ်နိုင်စွမ်း၊ လျင်မြန်တဲ့လေ့လာနိုင်မှုစွမ်းနဲ့ လိုက်လျောညီထွေအောင်ပြုလုပ်နိုင်စွမ်းဆိုတဲ့ အရည်အချင်းသုံးမျိုးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဲဒါကြောင့် ကိုယ်ဟာအလုပ်အကိုင်လမ်းကြောင်းပြောင်းဖို့ ပြင်ဆင်နေတဲ့သူဖြစ်တယ်ဆိုလျှင် အထက်ဖော်ပြခဲ့တဲ့အရည်အချင်းတွေကို ကိုယ့်ရဲ့ CV ထဲမှာထည့်သွင်းပြီး ကိုယ်ဟာဆန်းသစ်တီထွင်တဲ့အကြံဉာဏ်တွေနဲ့ ပြည့်နှက်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အဲဒီအလုပ်အတွက်သင့်တော်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ဖော်ပြဖို့မမေ့ပါနဲ့။ ဒါ့အပြင် အခုကစပြီး ကိုယ်အနေနဲ့အလုပ်အကိုင်လမ်းကြောင်းပြောင်းဖို့ ပြင်ဆင်တော့မယ်ဆိုလျှင် JobNet.com.mm ကိုဝင်ရောက်ကြည့်ရှုပြီး ကိုယ်လျှောက်ထားလိုတဲ့အလုပ်တွေကို ဒီနေရာမှာ စာရင်းပေးသွင်းပြီး လျှောက်ထားလိုက်ပါ။