13th August, 2019

အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာနဲ့ပတ်သက်ပြီးဘယ်လိုညှိနှိုင်းမလဲ

အလုပ်အင်တာဗျူးတစ်ခုဟာ ဘယ်လောက်ပဲချောချောမွေ့မွေ့ဖြေနေပေမဲ့လည်း မျှော်မှန်းလစာနဲ့ပတ်သက်ပြီး အမေးခံရမယ်ဆိုရင်တော့သိနေတဲ့အတွက်ကြောင့် နည်းနည်းစိတ်လှုပ်ရှားမိပါလိမ့်မယ်။ “လစာကို ဘယ်လောက်လောက်မျှော်မှန်းထားသလဲ” ဆိုတဲ့မေးခွန်းဟာ အရမ်းကိုနားလည်သဘောပေါက်ဖို့လွယ်ပေမဲ့ ပြန်ဖြေဖို့ကတော့ တော်တော်ရှုပ်ထွေးပါတယ်။ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီရော၊ ကိုယ်ရော နှစ်ဖက်စလုံးအတွက်အဆင်ပြေပြီး ကိုယ့်ကိုလည်းအလုပ်ခံချင်လာအောင် ဘယ်အချက်တွေကိုတော့ ဖြေသင့်တယ်၊ ဘာတွေကိုတော့မဖြေသင့်ဘူး စတာတွေကိုသိအောင်လုပ်ဖို့က ခက်ပါတယ်။

အလုပ်ရှင်တွေဘက်ကလည်း ဒီမေးခွန်းကိုမေးရတဲ့အကြောင်းအရင်းတချို့ရှိပါတယ်။ အဓိကကတော့ ကုမ္ပဏီတွေအနေနဲ့ ခေါ်ယူနေတဲ့အလုပ်ရာထူးအတွက် သုံးစွဲရမယ့်ငွေပမာဏကိုသတ်မှတ်ထားပါတယ်။ အဲဒီတော့ အလုပ်မကမ်းလှမ်းခင်မှာ အလုပ်လျှောက်သူရဲ့မျှော်မှန်းထားတဲ့ပမာဏက သူတို့သုံးစွဲမယ့်ငွေပမာဏအတွင်းမှာ ရှိသလားဆိုတာကို သေချာအောင်သိဖို့အတွက် မေးတာဖြစ်ပါတယ်။ မဟုတ်ရင် အလုပ်လျှောက်သူဘက် ဒါမှမဟုတ် အလုပ်ရှင်ဘက် ဒါမှမဟုတ် နှစ်ဖက်စလုံးအတွက် အဆင်မပြေဖြစ်နိုင်ပါတယ်။

နောက်ထပ်အကြောင်းအရင်းကတော့ အလုပ်ခေါ်ယူနေတဲ့အလုပ်ရှင်အနေနဲ့ သူတို့ကမ်းလှမ်းမယ့်လစာဟာ အလုပ်လျှောက်ထားသူစိတ်ဝင်စားနိုင်လောက်မယ့်ပမာဏဖြစ်မလားဆိုတာကို သိချင်လို့တီးခေါက်ကြည့်ခြင်းဖြစ်ပါတယ်။ တကယ်တော့ ဒီမေးခွန်းဟာ ကိုယ်မျှော်မှန်းထားတဲ့လစာနဲ့ လစာအပြင်အခြားခံစားခွင့်တွေကို သေချာစဉ်းစားပြီး ဆွေးနွေးနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် အလုပ်အင်တာဗျူးတစ်ခုမှာ မျှော်မှန်းလစာနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးသင့်တော်တဲ့အဖြေကိုပေးမလဲဆိုတဲ့ အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

ပြင်လွယ်ပြောင်းလွယ်နိုင်တဲ့အဖြေမျိုးပေးပါ

လစာနဲ့ပတ်သက်တဲ့မေးခွန်းကိုမေးတဲ့အခါမှာ အရမ်းအသေးစိတ်မကျတဲ့အဖြေမျိုးနဲ့ လှည့်ပတ်ပြီးဖြေကြည့်သင့်ပါတယ်။ ဥပမာအနေနဲ့ “ကျွန်တော်/ကျွန်မ မျှော်မှန်းထားတဲ့လစာကတော့ ကိုယ့်ရဲ့အရည်အချင်းတွေ၊ အတွေ့အကြုံတွေနဲ့ ကိုက်ညီထိုက်တန်တဲ့လစာမျိုးကို ရချင်ပါတယ်” ဒါမှမဟုတ် “ဒီအလုပ်ကသာ ကျွန်တော်/ကျွန်မအတွက်သင့်တော်တဲ့အလုပ်ဖြစ်မယ်ဆိုရင် လစာနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်သဘောတူမယ့်အခြေအနေရောက်အောင် ဆွေးနွေးနိုင်မယ်လို့ထင်ပါတယ်” အစရှိတဲ့ ပြင်လွယ်ပြောင်းလွယ်လုပ်လို့ရမယ့် အဖြေမျိုးတွေကိုပေးပါ။ ဒါမှမဟုတ်ရင်လည်း အလုပ်ရှင်အနေနဲ့ ကိုယ့်ကိုကမ်းလှမ်းနိုင်မယ့်လစာပမာဏကို ပြောခွင့်ပေးလိုက်ပါ။ အရေးကြီးတာကတော့ အလုပ်အကိုင်ဈေးကွက်ထဲမှာ အခုခေါ်ယူနေတဲ့ရာထူးအတွက် လစာဘယ်လောက်လောက်ပေါက်သလဲဆိုတာကို သေချာသိအောင်လုပ်ထားပါ။

အတိုင်းအတာတစ်ခုသတ်မှတ်ပြီးပြောပါ

ကိုယ့်အနေနဲ့ ပြင်လွယ်ပြောင်းလွယ်တဲ့အဖြေမျိုးကို ပေးတာတောင်မှ အလုပ်ရှင်ဘက်က နံပါတ်အတိအကျနဲ့ကြားချင်ကြပါတယ်။ အဲဒီအခါမျိုးကျရင်တော့ အတိအကျဘယ်လောက်လို့ပြောမယ့်အစား ကိုယ်လိုချင်တဲ့ပမာဏကို အတိုင်းအတာတစ်ခုသတ်မှတ်ပြီးပြောလိုက်ပါ။ ဒီလိုမျိုးအဖြေတွေကလည်း ပြင်လွယ်ပြောင်းလွယ်ဖြစ်တဲ့အပြင် အလုပ်ရှင်တွေအတွက်လည်း ထင်သာမြင်သာဖြစ်တဲ့အဖြေမျိုးကို ရရှိစေပါတယ်။ အဲဒီလိုမျှော်မှန်းလစာကို အတိုင်းအတာတစ်ခုသတ်မှတ်ပြီး ပြောတဲ့အခါမှာ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်ကလစာပေါက်ဈေးတွေကို ဆန်းစစ်လေ့လာပြီးမှပြောပါ။

မြန်မာနိုင်ငံရဲ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းနယ်ပယ်တွေမှာ လစာနှုန်းထားတွေဘယ်လောက်နဲ့ခေါ်ယူနေကြသလဲဆိုတာကို လေ့လာဆန်းစစ်ကြည့်ချင်တယ်ဆိုရင်တော့ JobNet.com.mm မှာ လစဉ်အလုပ်ခေါ်ယူနေကြတဲ့ နယ်ပယ်အစုံကကုမ္ပဏီတွေရဲ့အလုပ်ခေါ်စာတွေကနေလေ့လာပြီး သိရှိနိုင်ပါတယ်။ အဲဒီအပြင် JobNet.com.mm မှ သုံးလပတ်တိုင်းတွင် လေ့လာသုံးသပ်ပြီးထုတ်ပြန်သော JobNet Employment Market Report တွေမှလည်း လုပ်ငန်းနယ်ပယ်အစုံကခေါ်ယူကမ်းလှမ်းနေတဲ့လစာနှုန်းထားတွေကို သိရှိနိုင်ပါတယ်။

လက်ရှိလိုချင်တဲ့လစာကို စဉ်းစားထားပါ

ဈေးကွက်ထဲကလစာနှုန်းထားတွေကို လေ့လာမှုလုပ်တာအပြင် မျှော်မှန်းလစာနှုန်းထားကိုစဉ်းစားတဲ့အခါမှာ အရင်ကလစာ ဒါမှမဟုတ် လက်ရှိမျှော်မှန်းထားတဲ့လစာကို အနည်းဆုံးရရမယ့်ပမာဏနေရာမှာထားပြီးပြောပါ။ လုပ်ငန်းနယ်ပယ်တစ်ခုတည်းမှာပဲ ရာထူးလည်းတူတဲ့အလုပ်တစ်ခုကိုပြောင်းဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ကိုယ့်ရဲ့လက်ရှိလိုချင်တဲ့လစာကို ဈေးကွက်ရဲ့ပေါက်ဈေးနဲ့ကိုက်ညီတဲ့ပမာဏကိုက်ညီအောင် ခန့်မှန်းပြောလို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တရပ်တကျေး ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာသွားရောက်လုပ်ကိုင်မယ်ဆိုရင်တော့ လူနေမှုစရိတ်တွေကိုပါထည့်တွက်ဖို့လိုပါတယ်။  အရေးကြီးတာကတော့ လတ်တလောမှာ အလုပ်ကိုအပူတပြင်းရှာဖွေနေတာမဟုတ်ပေမဲ့လည်း လက်ရှိအလုပ်အကိုင်ဈေးကွက်မှာ ကိုယ်နဲ့ထိုက်သင့်တဲ့လစာကို သိရှိနေဖို့ပါပဲ။ 

ကိုယ့်ကိုယ်ကိုလစာတိုးပေးပါ

ဒီအချိန်မှာ ကိုယ့်ရဲ့လစာဟာတိုးသင့်နေပြီလို့ ယုံကြည်ထားမယ်ဆိုရင် ဘာတွေဖြစ်နိုင်မလဲ။ လက်ရှိအလုပ်ရှင်ကနေ ထိုက်သင့်တဲ့လစာကိုတိုးတောင်းသင့်သလား ဒါမှမဟုတ် အလုပ်သစ်လျှောက်ပြီး ကိုယ်လိုချင်တဲ့လစာကို အနည်းဆုံးမျှော်မှန်းလစာအဖြစ်ထားပြီး တောင်းသင့်သလားဆိုတာကို စဉ်းစားကြည့်ပါ။ ဒါမှမဟုတ် လက်ရှိမျှော်မှန်းလစာကိုလုပ်ငန်းဈေးကွက်မှာခေါ်ယူနေတဲ့စံနှုန်းအတိုင်း (တချို့လုပ်ငန်းနယ်ပယ်တွေမှာဆိုရင် ကိုယ့်လစာရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိခေါ်ယူတတ်ပါတယ်) တိုးမြှင့်တောင်းဆိုကြည့်လို့ ကိုယ့်ကိုအလုပ်ပြောင်းဖို့ မက်လုံးဖြစ်သွားစေနိုင်တယ်ဆိုရင် အဲဒီပမာဏနဲ့ညှိုနှိုင်းကြည့်ပါ။

ကိုယ့်ကိုကျေနပ်စေတဲ့ပမာဏကိုတောင်းဆိုပါ

မျှော်မှန်းလစာနဲ့ပတ်သက်ပြီးညှိုနှိုင်းတဲ့အခါမှာ အမြဲသတိရရမယ့်အချက်က ကိုယ်လက်ခံနိုင်တဲ့လစာအတိုင်းအတာတစ်ခုကို တောင်းဆိုပါ။ ဆိုလိုတာကတော့ ကိုယ့်ကိုယ်ကိုနဲ့ မိသားစုအတွက်ထောက်ပံ့ပေးနိုင်လောက်တဲ့ပမာဏကို တောင်းဆိုကြည့်ပါ။ တကယ်လို့များ ရရှိတဲ့လစာက ကိုယ့်ရဲ့စားဝတ်နေရေးအခြေခံလိုအပ်ချက်ကိုတောင် လောက်ငတဲ့ပမာဏမဖြစ်ခဲ့ဘူးဆိုရင် ဒါမှမဟုတ် ကိုယ်တာဝန်ယူပြီးလုပ်နေရတဲ့အလုပ်တွေနဲ့ မကာမိဘူးဆိုရင် အဲဒီအလုပ်ကို စိတ်ပျက်ပြီးဆက်လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့လုပ်ငန်းအရည်အချင်းတွေကို မြင်သာအောင်ထည့်ပြောပါ

ကိုယ့်ရဲ့အဖြေထဲမှာ အခုခေါ်ယူနေတဲ့နေရာအတွက် ကိုယ်ဟာဘာကြောင့်သင့်တော်ရတာလဲဆိုတာနဲ့ မျှော်မှန်းထားတဲ့လစာနဲ့ဘာကြောင့် ထိုက်တန်တာလဲဆိုတာကို လိမ္မာပါးနပ်စွာထည့်ပြောပါ။ ဥပမာ “ဒီလုပ်ငန်းနယ်ပယ်ထဲမှာ ကျွန်တော်/ ကျွန်မအနေနဲ့လုပ်ငန်းအတွေ့အကြုံ ဘယ်နှနှစ်ရှိခဲ့တဲ့အတွက်ကြောင့် မျှော်မှန်းလစာကိုပြောရမယ်ဆိုရင် ဘယ်လောက်ပမာဏကနေ ဘယ်လောက်ပမာဏအတွင်းကိုတော့ မျှော်မှန်းပါတယ်” ဆိုတဲ့ ကိုယ့်ရဲ့အားသာချက်နဲ့ယှဉ်တွဲပြီး ပါးပါးနပ်နပ်ညှိုနှိုင်းပါ။ ဒီလိုအဖြေမျိုးတွေဟာ မျှော်မှန်းထားတဲ့လစာပမာဏကိုတိုက်ရိုက်မပြောခင်မှာ အင်တာဗျူးအလုပ်ရှင်အနေနဲ့ အလုပ်လျှောက်သူတောင်းဆိုတဲ့ပမာဏကိုဦးစားပေးပြီးစဉ်းစားလို့ရအောင် အချက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

ညှိုနှိုင်းဖို့အတွက်သေချာပြင်ဆင်ပါ

အလုပ်အင်တာဗျူးမှာလစာနဲ့ပတ်သက်ပြီးညှိုနှိုင်းတဲ့အခါမှာ အလုပ်လျှောက်ထားသူအများစုဟာလစာတိုးတောင်းဖို့ကို တွန့်ဆုတ်နေတတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုလစာတိုးတောင်းလိုက်ရင် အဲဒီအလုပ်ကမ်းလှမ်းမခံရမှာကို စိုးရွံလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပိုကောင်းတဲ့လစာကိုလိုချင်တယ်ဆိုရင်တော့ သေချာဆွေးနွေးညှိနှိုင်းနိုင်ပါတယ်။ မတောင်းဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အရေးကြီးတာကကတော့ အလုပ်ရှင်ဘက်ကလစာနဲ့ပတ်သက်တဲ့မေးခွန်းကိုမစမချင်း ကိုယ့်ဘက်ကနေတော့ စပြီးမမေးပါနဲ့။

မျှော်မှန်းလစာနဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်တွေကတော့ ပထမအဆင့်ညှိနှိုင်းမှုမှာ  လစာကိုပမာဏအတိအကျပြောတာကိုရှောင်ပါ။ တကယ်လို့ခေါ်ယူနေတဲ့အလုပ်ဟာ လစာအတိအကျမသတ်မှတ်ထားဘူးဆိုရင် ကိုယ့်ဘက်နေပမာဏကိုအတိအကျမပြောဘဲ အတိုင်းအတာတစ်ခုသတ်မှတ်ပြီး ပြောမယ်ဆိုရင် ညှိနှိုင်းရတာပိုလွယ်ကူပါတယ်။ အလုပ်အကိုင်ဈေးကွက်ထဲမှာ အခုခေါ်ယူနေတဲ့အလုပ်အတွက် ကမ်းလှမ်းနေတဲ့ပမာဏထက် များလွန်းတဲ့လစာကို မတောင်းဆိုမိပါစေနဲ့။ နောက်ဆုံအချက်ကတော့ အဆိုးမြင်စေတဲ့တုံ့ပြန်ချက်တွေမပေးပါနဲ့။ တစ်ခါတလေမှာ ကိုယ့်ကိုကမ်းလှမ်းလိုက်တဲ့လစာပမာဏဟာ ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေကိုစော်ကားလိုက်သလိုမျိုး အရမ်းကိုနည်းတာမျိုးကိုကြုံတွေ့ဖူးပါလိမ့်မယ်။ အဲဒီအခါကျရင် ယဉ်ယဉ်ကျေးကျေးနဲ့ပဲတုံ့ပြန်လိုက်ပြီး ဆွေးနွေးညှိနှိုင်းလို့ရဦးမလားဆိုတာကို မေးကြည့်ပါ။

အထက်မှာဖော်ပြထားတဲ့အချက်တွေကို အသုံးပြုကြည့်ပြီး အဆင်ပြေချောမွေ့တဲ့အလုပ်အင်တာဗျူးတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။