5th April, 2019

အလုပ်ခေါ်ယူနေသူတွေ သဘောကျသွားစေမယ့် Cover Letter ရေးနည်းအဆင့် ၅ ဆင့်

အလုပ်လျှောက်တဲ့အခါမှာ အမြဲသတိရသင့်တဲ့စကားတစ်ခွန်းရှိပါတယ်။ အဲဒီစကားကတော့ “Sell yourself” တဲ့။ ဟုတ်ပါတယ် အခုလိုပြိုင်ဆိုင်မှုတွေများလာတဲ့ခေတ်ကြီးမှာ အလုပ်ကောင်းကောင်းတစ်ခုကို လိုချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့အရည်အချင်းတွေကို အလုပ်ခေါ်ယူနေသူတွေသဘောကျလာအောင် ဆွဲဆောင်ရမှာပါပဲ။ အဲဒီလို ဆွဲဆောင်တဲ့အခါမှာ ဘယ်လိုမျိုး Professional ကျကျဆွဲဆောင်ကြမလဲ။

သူများနည်းတူ CV လေးတစ်စောင်နဲ့တင် အလုပ်လျှောက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အရည်အချင်းတွေကို အလုပ်ခေါ်ယူသူတွေက သေသေချာချာသိနိုင်မှာမဟုတ်ပါဘူး။ ဒါဆိုရင် CV အပြင်ဘာလိုသေးလဲဆိုရင်တော့ ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ ရရှိခဲ့တဲ့အောင်မြင်မှုတွေကို အလုပ်ခေါ်ယူနေသူတွေမြင်အောင် ရှင်းရှင်းလင်းလင်း ပြောပြနိုင်တဲ့ Cover Letter လိုပါတယ်။

ဒီနေရာမှာ Cover Letter နဲ့ CV ကိုကွဲအောင် နည်းနည်းလေးပြောချင်ပါတယ်။ CV ဆိုတာ Curriculum Vitae ကို အတိုကောက်ခေါ်တာဖြစ်ပြီး အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ၊ ဆက်သွယ်ရမယ့်လိပ်စာ အစရှိတာတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ Cover Letter ဆိုတာကတော့ လုပ်ငန်းအတွေ့အကြုံနဲ့ပတ်သက်တဲ့ ကိုယ်ရဲ့အရည်အချင်းတွေ၊ အောင်မြင်မှုတွေ၊ အခုလျှောက်တဲ့အလုပ်အတွက် ကိုယ်ကဘာကြောင့် အသင့်တော်ဆုံးဖြစ်တာလဲ စတာတွေကို အလေးပေးပြီး စာမျက်နှာတစ်မျက်နှာအတွင်းမှာ ဖော်ပြပေးရပါတယ်။

ဒါဆို Cover Letter စရေးတော့မယ်ဆိုရင် ဘယ်ကနေစရေးမလဲ။ ဘယ်လိုပုံစံနဲ့ ဘယ်အချက်တွေပါသင့်သလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

 ၁။ ဆက်သွယ်ရမယ့်လိပ်စာ

ပထမဆုံး Cover Letter ကိုစရေးတဲ့အခါမှာ အလုပ်ရှင် ဒါမှမဟုတ် အလုပ်ခေါ်နေတဲ့ကုမ္ပဏီရဲ့ လိပ်စာနဲ့ ကိုယ့်ရဲ့လိပ်စာကိုရေးပါ။ အဓိကကတော့ ကိုယ့်ကိုဆက်သွယ်နိုင်မယ့် လိပ်စာ၊ အီးမေးလ်နဲ့ ဖုန်းနံပါတ် တို့ကို စာမျက်နှာရဲ့ထိပ်ဆုံး ညာဘက်ထောင့်မှာထည့်ပါ။ ဒါမှ အလုပ်ခေါ်ယူနေသူတွေ ကိုယ့်ကိုပြန်ဆက်သွယ်ချင်တဲ့အခါမှာ လွယ်လွယ်ကူကူတွေ့နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လိပ်စာကို ထည့်ဖို့အဆင်မပြေရင်တောင် ကိုယ့်အမြဲသုံးတဲ့ အီးမေးလ်နဲ့ ဖုန်းနံပါတ်တို့ကို ထည့်ပါ။

၂။ နှုတ်ဆက်စကား

“သက်ဆိုင်သူဆီသို့” (To Whom It May Concern) ဆိုတဲ့ ယေဘူယျစကားသုံးတာထက် “Dear Sir/ Ma’am” လို့ စတာပိုကောင်းပါတယ်။ Cover Letter ဆိုတာ ထောက်ခံစာမဟုတ်ပါဘူး။ ကိုယ်စာပို့ချင်တဲ့သူဆီကို လေးလေးစားစားနဲ့ အစပြုပြီး နှုတ်ဆက်လိုက်ပါ။ “Sir” ဆိုတာကတော့ အမျိုးသားကို ရည်ညွှန်းတာဖြစ်ပြီး “Ma’am (Madam)” ကတော့ အမျိုးသမီးကို ရည်ညွှန်းတာဖြစ်ပါတယ်။ တကယ်လို့ နာမည်သိခဲ့မယ်ဆိုရင်လည်း "Dr./Mr./Ms. Last Name." လို့ သုံးလို့ရပါတယ်။

၃။ အဖွင့်

ကိုယ့်ရဲ့ Cover Letter ကိုဖတ်မယ့် အလုပ်ရှင်တွေ အထူးသဖြင့် HR မန်နေဂျာတွေရဲ့ အာရုံကိုဖမ်းစားစေနိုင်လောက်မယ့် အဖွင့်စာကြောင်းတစ်ကြောင်းနဲ့ အစပြုလိုက်ပါ။ ဥပမာ - ကိုယ့်ရဲ့အကြောင်းဖြစ်ရပ်လေးတစ်ခု ဒါမှမဟုတ် ရယ်စရာအကြောင်းအရာလေးတစ်ခု ဒါမှမဟုတ် စိတ်ဝင်စားစရာစာသားလေးတစ်ခုနဲ့ စလိုက်ပါ။

ပြီးရင်တော့ ကိုယ်ဟာ အခုလျှောက်တဲ့ ကုမ္ပဏီအဖွဲ့အစည်းကို ဘယ်လောက်လေ့လာထားသလဲဆိုတာကို ထင်ဟပ်စေဖို့အတွက် ဒီကုမ္ပဏီဟာဘယ်လိုကုမ္ပဏီမျိုးဖြစ်တယ်၊ ဘာတွေလုပ်တယ်၊ ဘယ်ကဏ္ဍတွေကို အလေးပေးဆောင်ရွက်နေတယ်ဆိုတာကို အနည်းငယ်ထည့်ရေးပါ။ နောက်ပြီး အခုခေါ်ယူနေတဲ့အလုပ် ဒါမှမဟုတ် ဒီကုမ္ပဏီကို ဘာကြောင့်စိတ်ဝင်စားပြီး လျှောက်ချင်ရလဲဆိုတဲ့အကြောင်းနဲ့ ကိုယ်နဲ့ဘာကြောင့်သင့်တော်ရလည်း ဆိုတဲ့အကြောင်းတွေကိုပါ ထည့်ရေးပါ။

၎။ စာကိုယ်

ဒီနေရာမှာတော့ ကိုယ်အရင်ကလုပ်ခဲ့ဖူးတဲ့ ဒါမှမဟုတ် လက်ရှိလုပ်ကိုင်နေဆဲဖြစ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံတွေနဲ့ တာဝန်ယူမှုတွေကို ကိုယ်အခုလျှောက်မယ့် အလုပ်ရဲ့ဖော်ပြချက်တွေနဲ့ ကိုက်ညီအောင်အဓိကထား ရေးရမှာပဲဖြစ်ပါတယ်။ ပါဝင်လုပ်ဆောင်ခဲ့ဖူးတဲ့ စီမံချက်တွေ၊ အစီအစဉ်တွေ၊ ကျွမ်းကျင်တတ်မြောက်ခဲ့တဲ့ အရည်အသွေးတွေ၊ ရရှိခဲ့တဲ့အတွေ့အကြုံတွေ အစရှိတာတွေနဲ့ ဒါတွေဟာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်မှုမှာ ဘယ်လောက်တောင် ထိရောက်မှုရှိစေခဲ့လဲ ဆိုတာတွေကို ဖော်ပြပေးရမှာဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးဆုံး တစ်ချက်ကတော့ ကိုယ့်ရရှိခဲ့ဖူးတဲ့အောင်မြင်မှုတွေနဲ့ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့တာတွေကိုပါ ထည့်ရေးဖို့ မမေ့ပါနဲ့။

၅။ အပိတ်

ဒီနေရာမှာ အားလုံးကို အနှစ်ချုပ်ပါ  ဒါပေမဲ့ ပြန်တော့မကူးပါနဲ့။ ပြောရမယ်ဆိုရင်တော့ ဒီအလုပ်ကို ဘာကြောင့်စိတ်ဝင်စားရတဲ့အကြောင်း၊ ဒီကုမ္ပဏီအဖွဲ့အစည်းမှာ ဘာကြောင့်အလုပ်လုပ်ချင်တဲ့အကြောင်းနဲ့ ကိုယ်ဟာ ဒီနေရာအတွက် ဘာကြောင့်အသင့်တော်ဆုံးသူဖြစ်ရလည်းဆိုတဲ့အရာတွေကို ပြန်ပြီးအနှစ်ချုပ်အလေးပေး ဖော်ပြပေးရမှာဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် တကယ်လို့ ကိုယ်သာရွေးချယ်ခံရပြီး ဒီမှာအလုပ်ရဖြစ်မယ်ဆိုရင် ဒီအဖွဲ့အစည်းအတွက် ဘာတွေလုပ်ပေးနိုင်လိမ့်မယ်ဆိုတာကို ထပ်ထည့်သင့်ပါတယ်။

နောက်ဆုံးအနေနဲ့ Call-To-Action ဆိုတဲ့ အလုပ်ရှင်က ကိုယ့်ကိုပြန်ဆက်သွယ်ဖို့ တွန်းအားဖြစ်စေနိုင်တဲ့စာလေးနဲ့ အဆုံးသတ်ပေးပြီး ကျေးဇူးတင်စကားပြောလိုက်ပါ။

ပြီးရင်တော့ Yours sincerely တို့ Sincerely တို့ With regards တို့ အစရှိတဲ့နှုတ်ဆက်စကားတွေနဲ့ အဆုံးသတ်ပြီး ကိုယ့်ရဲ့နာမည်ကိုရေးလိုက်ပါ။ ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီး Professional ကျတဲ့ Cover Letter တစ်ခုရရှိပါလိမ့်မယ်။

အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်တော့ အလွယ်တကူနားလည်နိုင်မယ့် စကားလုံးတွေကိုသုံးပြီး အချိတ်အဆက်မိမိနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင်ရေးဖို့မမေ့ပါနဲ့။ အရေးကြီးဆုံးကတော့ တစ်မျက်နှာအတွင်းမှာပဲ ဝင်အောင်ရေးရပါမယ်။ စာလုံးပုံစံ (Font) တွေကိုလည်း ပုံမှန်သုံးတဲ့ပုံစံပဲသုံးပါ။ ရှုပ်ထွေးနေတဲ့ဒီဇိုင်းတွေ ပုံစံတွေမသုံးတာပိုကောင်းပါတယ်။ Cover Letter ဆိုတာ လူတစ်ယောက်ရဲ့ ဖန်တီးနိုင်မှုစွမ်းအားကို ဖော်ပြနေတာဖြစ်တဲ့အပြင် CV လိုမျိုး ပုံစံတသမတ်တည်းရှိနေတာ မဟုတ်တဲ့အတွက် ကိုယ်ဖန်တီးရင်ဖန်တီးသလို ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိတဲ့ Cover Letter ကိုရပါလိမ့်မယ်။