19th June, 2019

“အရင်အလုပ်ကနေထွက်ပြီး ဒီအလုပ်ကိုဘာဖြစ်လို့လျှောက်ရတာလဲ” လို့မေးခဲ့ရင်

ယခုဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေးတံခါးတွေကို ဖွင့်လှစ်လျက်ရှိနေပြီး နိုင်ငံရဲ့စီးပွားရေးကိုမောင်းနှင်မယ့် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပုဂ္ဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးနွေးထွေးစွာစီးပွားရေးလုပ်ကိုင်နိုင်မယ့်ပတ်ဝန်းကျင်တွေကို ပိုမိုဖန်တီးလျက်ရှိပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အချက်အလက်များအရ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ ၂၀၁၉ ခုနှစ် ၄ လပို်င်းအထိ ခွင့်ပြုထားတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းအရေအတွက်မှာ ၁၇၀၀ ခန့်ရှိခဲ့ပါတယ်။ ဒီလို မြန်မာနိုင်ငံမှာ နိုင်ငံတကာအခြေစိုက်ကုမ္ပဏီကြီးတွေဝင်ရောက်လာတဲ့အတွက်ကြောင့် နိုင်ငံတကာအဆင့်လူစွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအလေ့အထတွေကို နိုင်ငံအတွင်းမှာတွင်ကျယ်စွာ အသုံးပြုလာကြပါပြီ။

အလုပ်ခေါ်ယူနေတဲ့လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝန်ထမ်းခေါ်ယူမှုတွေအပြင် ဝန်ထမ်းတွေကိုလုပ်ငန်းခွင်မှာ ပျော်ရွှင်ပြီးကြာကြာနေနိုင်မယ့် နည်းလမ်းတွေကိုလေ့လာလာကြပါတယ်။ အထူးသဖြင့် အလုပ်အင်တာဗျူးမှာ သူတို့ရဲ့အလုပ်ကိုလာလျှောက်တဲ့သူတွေကို လုပ်ငန်းကျွမ်းကျင်မှုနဲ့ သက်ဆိုင်တဲ့မေးခွန်းတွေအပြင် အဲဒီဝန်ထမ်းဟာသူတို့အလုပ်မှာ ကြာကြာလုပ်မယ့်သူဖြစ်မလား မဖြစ်ဘူးလားဆိုတာကို အနည်းနဲ့အများ အကဲဖြတ်နိုင်တဲ့မေးခွန်းကိုလည်း မေးလေ့ရှိပါတယ်။ အဲဒါကတော့ အရင်အလုပ်ကနေ ဘာကြောင့်ထွက်ခဲ့ပြီး အခုအလုပ်ကိုဘာကြောင့်လျှောက်ရသလဲဆိုတဲ့အကြောင်းပါပဲ။ အဲဒီလိုမေးခြင်းအားဖြင့်လည်း အလုပ်ရှင်တွေအနေနဲ့ သူတို့ရဲ့ဝန်ထမ်းတွေအလုပ်မှာမြဲအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့အစီအစဉ်ကို လုပ်ဆောင်ပေးလို့ရမှာဖြစ်ပါတယ်။

လူတိုင်းကတော့ အလုပ်တစ်ခုတည်းမှာ အချိန်အကြာကြီးနေခဲ့ကြသလို တချို့ကျတော့လည်း အလုပ်တွေကိုခုန်လေ့ရှိပါတယ်။ အလုပ်သစ်တစ်ခုအဆင်သင့်မရှိဘဲနဲ့လည်း အလုပ်ထွက်ရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အကြောင်းအရင်းတွေအားလုံးကတော့ မတူညီကျပါဘူး။ နောက်ထပ်လုပ်ငန်းအတွေ့အကြုံလိုချင်တာ၊ လစာပိုကောင်းတာလိုချင်တာ၊ အပြောင်းအလဲတွေရှာဖွေချင်တာ စတဲ့အကြောင်းအရင်းတွေကြောင့်လည်း အလုပ်အသစ်တွေကိုရှာဖွေကြတယ်။ အလုပ်တွေပြောင်းကြပါတယ်။ အလုပ်လျှောက်တဲ့သူတွေအတွက်တော့ အရင်အလုပ်ကနေ ဘာကြောင့်ထွက်ရလဲဆိုတဲ့မေးခွန်းကို ဖြေရတာဟာ တော်တော်ကသိကအောက်နိုင်ပါတယ်။ ဒါပေမဲ့လည်း အဲဒီမေးခွန်းကို လိမ္မာပါးနပ်စွာဖြေနိုင်မယ်ဆိုရင် အင်တာဗျူးမှာအမှတ်ကောင်းကောင်းရအောင်ယူနိုင်ပါလိမ့်မယ်။

စိတ်ပျက်လောက်အောင်ကို အားလပ်ချိန်မရှိဘဲ အလုပ်တွေများလွန်းတဲ့နေရာကနေထွက်ခဲ့တယ်ဆိုရင်

ကိုယ့်ရဲ့အရင်အလုပ်က အရမ်းကိုတောင်းဆိုမှုတွေများပြီး အားလပ်ရက်လည်းမရှိအောင်အလုပ်လုပ်ရလို့ တခြားအလုပ်တစ်ခုကိုပြောင်းတဲ့အခါ အင်တာဗျူးမှာအဲဒီအလုပ်ရှင်က “ဘာလို့အရင်အလုပ်ကနေထွက်ခဲ့တာလဲ” လို့မေးခဲ့ရင် တစ်ပတ်ကိုနာရီ ၈၀ တောင်အလုပ်လုပ်ရတာတွေ၊ အရင်အလုပ်ရှင်က ည ၁၁ နာရီထိတောင် အီးမေးလ်တွေကို အကြောင်းပြန်စေချင်တာ၊ အလုပ်တွေလည်းအရမ်းလုပ်ရတာ ဆိုပြီး ငြီးငြူတဲ့သဘောကိုဖြစ်စေတဲ့အဖြေမျိုးကို မဖြေပါနဲ့။ အဲဒီအစား “ကျွန်တော်/ ကျွန်မရဲ့ ကိုယ်ပိုင်အချိန်နဲ့ အလုပ်အချိန်ကို ညီမျှစေနိုင်ပြီး ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ အတွေ့အကြုံတွေကို အသုံးချနိုင်တဲ့အလုပ်မျိုးကို ရှာဖွေနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်နဲ့ကိုယ်ပိုင်ဘဝဟာ ဟန်ချက်ညီနေမယ်ဆိုရင် ကျွန်တော်/ ကျွန်မတို့ဟာ ဘယ်အလုပ်ပဲဖြစ်ဖြစ်အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဆိုတဲ့ အကောင်းမြင်တဲ့အဖြေမျိုးတွေကို ပြင်ဆင်သင့်ပါတယ်။

ကုမ္ပဏီအများစုမှာ အလုပ်နဲ့လိုအပ်ချက်အရ ဝန်ထမ်းတွေဟာအလုပ်နဲ့ကိုယ်ပိုင်အချိန်ကို ခွဲထားလို့မရကြပါဘူး။ အဲဒါကြောင့် အလုပ်လျှောက်တဲ့အခါမှာ ကိုယ်သွားမယ့်အလုပ်နယ်ပယ်ရဲ့ပတ်ဝန်းကျင်အလေ့အထကို သေချာလေ့လာသွားပါ။

မိသားစုဝင်တစ်ဦး ဒါမှမဟုတ် မိမိရဲ့ကျန်းမာရေးကြောင့် အလုပ်ကနေထွက်ခဲ့ရတယ်ဆိုရင်

အလုပ်ထွက်ရတဲ့အကြောင်းအရင်းကောင်းတွေထဲကတစ်ခုကတော့ ကိုယ့်မိသားစုဝင်တစ်ဦး ဒါမှမဟုတ် ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကြောင့် အလုပ်ထွက်ရတာပဲဖြစ်ပါတယ်။ အဲဒီလိုကျန်းမာရေးကိစ္စတွေအတွက် ကိုယ်ကကျန်းမာရေးခွင့်တို့ဘာတို့ယူခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ထားတဲ့ခွင့်ရက်ထက်ကိုကျော်လွန်ပြီး ရုံးပြန်မတတ်နိုင်တဲ့အတွက် အလုပ်ထွက်ခဲ့ရတာတွေရှိပါတယ်။ နောက်အလုပ်အသစ်တစ်ခုသွားလျှောက်တဲ့အခါမှာ အဲဒီလိုအခြေအနေမျိုးအတွက်လည်း ပြင်ဆင်ထားသင့်ပါတယ်။

အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်ပြောပြသင့်တဲ့အကြောင်းက အဲဒီတုန်းကလုံးဝမတတ်သာတဲ့အခြေအနေမျိုးမလို့ အလုပ်ထွက်ခဲ့ရတာဖြစ်ပြီး အခုတော့ အဲဒီကိစ္စကဖြေရှင်းပြီးသွားပြီးဖြစ်ကြောင်းနဲ့ မကြာခဏဖြစ်လေ့ရှိတဲ့ကိစ္စမဟုတ်ကြောင်း အင်တာဗျူးမေးတဲ့အလုပ်ရှင်ကိုသေချာပြောပြသင့်ပါတယ်။ ဥပမာ - ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကြောင့် အရင်အလုပ်ကနေထွက်ခဲ့တယ်ဆိုရင်လည်း အခုသက်သာသွားပြီဖြစ်တယ်ဆိုတာကို ပြောပြရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရှင်တွေအနေနဲ့ လူသစ်တစ်ယောက်ကိုအလုပ်ခန့်ပြီး၊ သင်တန်းတွေပေးပြီ လအနည်းငယ်အတွင်းမှာပဲ အကြောင်းအမျိုးမျိုးကြောင့် အဲဒီလူအလုပ်ထွက်သွားမှာ ဒါမှမဟုတ် ခွင့်တွေခဏခဏယူမှာကို စိုးရိမ်လို့ကြပါတယ်။

အပြောင်းအလဲတစ်ခုပြုလုပ်ဖို့ အလုပ်ကထွက်ခဲ့တယ်ဆိုရင်

ကိုယ့်အနေနဲ့ အလုပ်အကိုင်လမ်းကြောင်းအသစ်တစ်ခု ဒါမှမဟုတ် နယ်ပယ်အသစ်တစ်ခုကို ပြောင်းဖို့လုပ်နေတယ်ဆိုတာဟာ အခုလက်ရှိအလုပ်မှာ ဒီထက်ပိုပြီး ကိုယ့်ကိုတိုးတက်စေတဲ့စိန်ခေါ်မှုတွေ မရှိတော့လို့ပဲဖြစ်ပါတယ်။ အလုပ်အကိုင်လမ်းကြောင်းပြောင်းတဲ့သူတွေအတွက် အင်တာဗျူးမှာအလုပ်ထွက်ခဲ့အကြောင်းကို သေချာပေါက်ထည့်ပြောရမှာမဟုတ်ပေမဲ့လည်း မေးလာခဲ့လို့ရှိရင် လိမ္မာပါးနပ်စွာဖြေဖို့လိုပါတယ်။ အပြောင်းအလဲနဲ့စိန်ခေါ်မှုအသစ်တွေကို လိုချင်လို့ဆိုတဲ့အဖြေအစား ဥပမာ “ကျွန်တော်/မ အခုလေ့လာသင်ယူထားတဲ့ Web Design အသိပညာတွေကို အပြည့်အဝအသုံးချလို့ရမယ့် အခွင့်အလမ်းတစ်ခုကို ရှာဖွေချင်လို့ အရင်အလုပ်ကနေထွက်ခဲ့တာပါ” ဆိုတဲ့ လမ်းကြောင်းတစ်ခုကိုသတ်မှတ်ပြီး ပြောပြပေးတာပိုကောင်းပါတယ်။

အလုပ်ရှင်တွေဘက်ကကြည့်မယ်ဆိုရင်လည်း သူတို့တွေဟာ အလုပ်မြဲမယ့်ဝန်ထမ်းကိုပဲ အတတ်နိုင်ဆုံးရှာဖွေကြပါတယ်။ အဲဒါကြောင့် အင်တာဗျူးမှာ ကိုယ့်ရဲ့အရည်အချင်းတွေကိုပေါ်အောင် သေချာဖြေဆိုပါ။ နောက်ပြီး အခုလျှောက်တဲ့အလုပ်ကလည်း တစ်ခဏတာအတွေးကြောင့် လျှောက်တာမဟုတ်ဘူးဆိုတာနဲ့ အဲဒီလုပ်ငန်းနယ်ပယ်အသစ်အတွက်လည်း ကိုယ်ဘာတွေလေ့လာထားပြီ ဘယ်လိုတွေပြင်ဆင်ထားသလဲဆိုတဲ့အရာတွေကို တိတိကျကျပြောပြနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

လုပ်ငန်းခွင်အလေ့အထတွေနဲ့ စည်းမျဉ်းတွေက ကိုယ်နဲ့မကိုက်ညီလို့ အလုပ်ထွက်ခဲ့ရတယ်ဆိုရင်

တစ်ခါတလေကျရင် တကယ့်လုပ်ငန်းခွင်အကြောင်းအရင်းတွေကြောင့် အလုပ်ထွက်ခဲ့ရတဲ့အချိန်တွေရှိပါတယ်။ ဥပမာ ဝန်ထမ်းတွေအပေါ် စီမံခန့်ခွဲမှုနည်းလမ်းတွေ၊ ငွေကြေးစီမံခန့်ခွဲမှုအရှုပ်အရှင်းတွေ၊ အလုပ်ရှင်ရဲ့တင်းကြပ်မှုတွေ အစရှိတာတွေက ကိုယ်နဲ့အဆင်မပြေတဲ့အခါမှာ အလုပ်ထွက်လေ့ရှိပါတယ်။

ဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲမှုအဖွဲ့ကြားမှာ သဘောထားချင်းမတိုက်ဆိုင်မှုတွေဆိုတာဟာ အနည်းနဲ့အများဖြစ်ကြတာပါပဲ။ အဲဒီလိုအခြေအနေမျိုးမှာ အရင်အလုပ်ကထွက်ခဲ့ရတဲ့အကြောင်းနဲ့ပတ်သက်ပြီးမေးခဲ့ရင် ကိုယ့်အနေနဲ့ဘယ်လိုလုပ်ငန်းခွင်အလေ့အထတွေကို နှစ်သက်သဘောကျလဲဆိုတာကို အရင်ဆုံးသိအောင်ပြောပြပါ။ ပြီးရင် အရင်အလုပ်မှာ ဘယ်လိုမျိုးလုပ်ငန်းခွင်အလေ့အထနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေရှိသလဲဆိုတာနဲ့ ဘာကြောင့် အဆင်မပြေဖြစ်ရတယ်ဆိုတဲ့အခြေခံအကြောင်းအရင်းကို ပြောပြနိုင်ပါတယ်။ ပြီးရင်တော့ အခုလျှောက်တဲ့ကုမ္ပဏီမှာတော့ ဘယ်လိုအချက်တွေကိုသဘောကျတယ်ဆိုတဲ့ ကုမ္ပဏီနဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့လေ့လာမှုတွေကို ဖော်ပြနိုင်မယ့်စကားနဲ့အဆုံးသတ်ပေးပါ။ ဥပမာ - ဒီကုမ္ပဏီမှာဆိုရင် မတူကွဲပြားမှုတွေကို ဦးစားပေးထားတယ် ဆိုတာမျိုး၊ လုပ်ငန်းနယ်ပယ်ပတ်ဝန်းကျင်ကို အလေးထားပေးတယ် ဆိုတဲ့ အရာမျိုးတွေကို အဆုံးသတ်ပေးပါ။ ဒါဆိုရင်တော့ ကိုယ်ဟာ အလုပ်လျှောက်တဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီး ဘယ်လောက်တောင်လေ့လာပြီး အိမ်စာတွေလုပ်သလဲဆိုတာကို ပြသနေပါတယ်။

ဝင်ငွေပိုကောင်းတဲ့အလုပ် ဒါမှမဟုတ် ရာထူးပိုမြင့်တဲ့အလုပ်ကို ရှာဖွေဖို့အလုပ်ထွက်ခဲ့တယ်ဆိုရင်

လစာလည်းမတိုး၊ ရာထူးလည်းမတိုးဘဲ ၄ နှစ်လောက် လုပ်လာရတဲ့အလုပ်ကို ကိုယ့်အနေနဲ့ စိတ်ကျေနပ်ချင်မှစိတ်ကျေနပ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း အင်တာဗျူးမှာ ဒီလိုအခြေအနေကို မကျေမနပ်ဖြစ်တဲ့ပုံစံမပေါ်အောင် ဖြေလို့ရတဲ့နည်းရှိပါတယ်။ အရင်အလုပ်မှာ ထိပ်ဆုံးနေရာအထိရောက်ခဲ့တယ် ဒါမှမဟုတ် နေရာတစ်နေရာအထိမြင့်မြင့်မားမားရောက်ခဲ့တယ် အခုနောက်တဆင့်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေပြီး အဲဒါကြောင့်အခွင့်အလမ်းအသစ်တွေကို ရှာဖွေနေကြောင်းပြောပါ။ အဲဒါဆိုရင် အရင်အလုပ်ကနေ ကိုယ့်ရဲ့ထွက်ခွာမှုကို အထင်ကြီးသွားစေနိုင်ပြီး ကိုယ်ဟာစိန်ခေါ်မှုတွေ၊ အပြောင်းအလဲတွေကို လက်ခံနိုင်တဲ့သူလို့မြင်စေနိုင်တဲ့အပြင် ကြိုးစားလိုစိတ်ရှိတဲ့ဝန်ထမ်းတစ်ယောက်အဖြစ် မြင်စေပါတယ်။

တကယ်တော့ အလုပ်ထွက်ရတဲ့အကြောင်းအရင်းက ဘာပဲဖြစ်နေပါစေ အဲဒီမေးခွန်းကိုမေးတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ထဲမှာမှတ်ထားရမယ့် ယေဘုယျအခြေခံအချက် ၃ ချက်ပဲရှိပါတယ်။ အဲဒါတွေကတော့

၁။ တိုရှင်းလိုရင်းပဲပြောပါ - အလုပ်ထွက်ရတဲ့အကြောင်းအရင်းကိုပြောရင် အဓိကလိုရင်းအချက်ပဲပြောပါ။ အသေးစိတ်တွေမပြောမိပါစေနဲ့။ ကိုယ့်ကို ချောင်ပိတ်စေတဲ့မေးခွန်းတွေကို သူတို့ဘက်ကပိုပြီးထုတ်လာနိုင်ပါတယ်။

၂။ သင့်တော်ကိုက်ညီတဲ့အချက်ကိုပဲပြောပါ - အလုပ်လျှောက်တဲ့ကုမ္ပဏီနဲ့ ရာထူးစတာတွေနဲ့ပတ်သက်ပြီး သင့်တော်တဲ့အချက်တွေကိုပဲ ဖြေပေးပါ။

၃။ ရိုးသားပါစေ - အရင်အလုပ်ကနေ ဘာကြောင့်အလုပ်ထွက်ခဲ့ရသလဲဆိုတာကို အကောင်းမြင်အောင်ပြောပြရမယ်ဆိုပေမဲ့ ကိုယ့်ကိုယ်အထင်အမြင်သေးသွားစေနိုင်တဲ့ မုသားစကားတွေကိုတော့ မပြောမိပါစေနဲ့။

အဓိကကတော့ ကိုယ့်ရဲ့အားသားချက်တွေကိုပဲ ပြသပါ။

“အရင်အလုပ်ကနေ ဘာဖြစ်လို့ထွက်ခဲ့ရသလဲ” ဆိုတဲ့မေးခွန်းက ကိုယ့်အတွက် အဖြေရခက်တဲ့မေးခွန်း ဖြစ်ခဲ့ရင်လည်းပဲ အလုပ်ရဖို့အတွက် ဒီမေးခွန်းတစ်ခုတည်းကိုပဲ ကြည့်ပြီးဆုံးဖြတ်တာမဟုတ်ပါဘူး။ အဓိကအရေးကြီးဆုံးအစခြေလှမ်းက ကိုယ့်ရဲ့အားသားချက်တွေကို အလေးပေးဖော်ပြထားတဲ့ CV ကောင်းကောင်းတစ်ခုပါပဲ။ အလုပ်ရှင်တစ်ယောက်ကသာ ကိုယ့် CV ရဲ့ဆွဲဆောင်မှုကိုခံလိုက်ရပြီဆိုရင် အဓိကပြောချင်တဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ လုပ်ငန်းအတွေ့အကြုံအကြောင်းတွေကိုပဲ ဦစားပေးပြီးမေးပါလိမ့်မယ်။ ဒါနဲ့ ကိုယ့်ရဲ့ CV ကိုရော အလုပ်ရှင်တွေသဘောကျလာအောင် ပြင်ဆင်ပြီးပြီလား။ ပြင်ဆင်ပြီးပြီဆိုရင်လည်း ဘယ်အလုပ်ရှင်ကမှ မမြင်ရင်အလကားပါပဲ။ ဒါဆို ကိုယ့် CV ကိုရော မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီကြီးတွေ မြင်အောင် ပြပြီးပြီလား။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်တဲ့ JobNet.com.mm မှာ ကိုယ့်ရဲ့ကိုယ်ပိုင် JobNet Profile ပြုလုပ်ပြီး CV ကောင်းကောင်းတစ်ခုကိုပြင်ဆင်ပါ။ ပြီးရင် လတ်တလောမှာအလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေ မြင်လာအောင်ကိုယ့်ရဲ့အရည်အချင်းတွေကို ပြသလိုက်ပါ။