မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွင်တွေဟာ တစ်ခါမှမကြုံဘူးတဲ့ပြောင်းလဲမှုတွေကိုကြုံတွေ့နေရတာကို မြင်တွေ့နေရပါတယ်။ အခုလက်ရှိမှာ ကမ္ဘာတစ်ဝှမ်းမှာရော မြန်မာမှာပါဖြစ်ပွားနေတဲ့ရောဂါကိုကာကွယ်ဖို့အတွက် ကုမ္ပဏီတွေဟာ ဝန်ထမ်းတွေကိုအိမ်ကနေအလုပ်လုပ်တဲ့စနစ်ကိုကျင့်သုံးလာသလို အဲဒီရောဂါကြောင့်ဖြစ်လာခဲ့တဲ့စီးပွားရေးကသောင်းကနင်းတွေမှာလည်း အလုပ်လက်မဲ့ဖြစ်လာတဲ့ ဝန်ထမ်းအရေအတွက်တွေ တိုးလာပါတယ်။ ဒီလိုအချိန်မှာ အလုပ်ရှာဖွေနေတဲ့သူတွေအနေနဲ့လည်း မမြင်နိုင်တဲ့အလုပ်အကိုင်ခေါ်ယူမှုအနာဂတ်ကြောင့် ဆက်ပြီးပဲအလုပ်တွေလျှောက်ရတော့မှာလိုလို ဒါမှမဟုတ် ရပ်ထားရတော့မှာလိုလိုတွေ အတွေးများစွာနဲ့ချာချာလည်နေပါလိမ့်မယ်။ စီးပွားရေးပညာရှင်တွေကတော့ ဒီအချိန်ဟာ စီးပွားရေးကျဆင်းမှုတွေဖြစ်လာမယ်လို့ ခန့်မှန်းနေပေမဲ့ အလုပ်အကိုင်ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီအချိန်မှာ အလုပ်အကိုင်အသစ်တွေကို ချိတ်ဆက်ဖို့နဲ့ လျှောက်ထားဖို့အတွက် အကောင်းဆုံးအချိန်ပဲလို့ဆိုကြပါတယ်။
“မုန်တိုင်းပြီးရင် လေပြေလာစမြဲ” ဆိုတဲ့စကားအတိုင်း အခုဖြစ်ပျက်နေတဲ့အခြေအနေဆိုးတွေဟာ အမြဲဖြစ်သွားတော့မဟုတ်ပေမဲ့ ဒီလိုအကြပ်အတည်းတွေနဲ့ မသေချာမရေရာမှုကို သေချာကိုင်တွယ်ပြီး ကိုယ့်အလုပ်အကိုင်လမ်းကြောင်းအတွက် အခွင့်အရေးတစ်ခုပေါ်ပေါက်အောင် ဖန်တီးယူမယ်ဆိုရင်တော့ ဒီမုန်တိုင်းကြီးပြီးသွားရင် ကိုယ့်ဟာအားလုံးထက်နှာတစ်ဖျားသာနေမှာပါ။ ဒါဆို အလုပ်အကိုင်နဲ့ပတ်သက်ပြီး အခုကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေကို အခွင့်အလမ်းတွေအဖြစ်ပြောင်းလဲနိုင်မယ့် အချက် ၃ ချက်ကို ပြောပြပေးလိုက်ပါတယ်။
၁။ အခွင့်အလမ်းအသစ်တွေကို အဆက်မပြတ်ရှာဖွေနေပါ
အခုချိန်မှာ ရိုက်ခက်နေတဲ့စီးပွားရေးအကြပ်အတည်းတွေကြောင့် လုပ်ငန်းနယ်ပယ်အားလုံးမှာ အဆင်မပြေမှုတွေဖြစ်သွားတာတော့ မဟုတ်ပါဘူး။ နိုင်ငံတိုင်းလိုလိုမှာ ယခုဖြစ်ပွားနေတဲ့ကျန်းမာရေး အခြေအနေတွေကြောင့် ခရီးသွားလာမှုတွေကို ကန့်သတ်ပိတ်ဆို့လိုက်ပါတယ်။ အခြေအနေတွေတည်ငြိမ်သွားရင် ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပေမဲ့ အခုအချိန်မှာတော့ လေကြောင်းလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေမှာ တော်တော်များများထိခိုက်မှုတွေဖြစ်လာပါတယ်။ တခြားတစ်ဖက်မှာတော့ e-commerce လိုမျိုး အွန်လိုင်းမှာ ကုန်ပစ္စည်းနဲ့အစားအသောက် ရောင်းဝယ်မှုလုပ်ငန်းတွေ၊ FMCG လိုလူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်း၊ အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေုးလုပ်ငန်း၊ ဆေးဝါးနဲ့ဆေးပစ္စည်းကိရိယာဖြန့်ဖြူးရောင်းချရေးလုပ်ငန်း၊ telecommunication လုပ်ငန်းနဲ့ နည်းပညာလုပ်ငန်းတွေဟာ ပိုပြီးအရေးပါလာပါတယ်။ ဥပမာအားဖြင့် အခုဖြစ်ပွားနေတဲ့ရောဂါကူးစက်ပြန့်ပွားမှုတွေကို ကာကွယ်ထိန်းချုပ်ဖို့အတွက် လူစုလူဝေးတွေကိုရှောင်ကြည်ပြီး မဖြစ်မနေကိစ္စမှလွှဲပြီးမိမိအိမ်တွင်သာနေထိုင်ဖို့ အစိုးရကတိုက်တွန်းပြောကြားလိုက်တဲ့အခါမှာ စားသောက်ဆိုင်အများစုဟာ အွန်လိုင်းနဲ့ တယ်လီဖုန်းကနေတစ်ဆင့် အော်ဒါမှာယူမှုနဲ့ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုစနစ်တွေကို အသုံးပြုလာပါတယ်။ အဲဒီနယ်ပယ်မှာအလုပ်အကိုင်အသစ်တွေ ပိုမိုပေါ်ပေါက်လာပါတယ်။ အဓိကကတော့ လက်ရှိရဲ့လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်တွေမှာ ကိုယ့်ရဲ့အရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ကိုက်ညီမယ့်အရာကို ရှာဖွေဖို့ပါပဲ။
အဲဒါကြောင့် အခုလိုမျိုး အရင်ကနဲ့မတူတဲ့စီးပွားရေးလုပ်ငန်းလည်ပတ်မှုပုံစံတွေမှာ ဘယ်လိုလူမျိုးတွေက အလုပ်အကိုင်တွေရနေကြပြီလဲ။ အလုပ်အကိုင်ဈေးကွက်ကို အဆက်မပြတ်စောင့်ကြည့်ပြီး ပြောင်းလဲနေတဲ့အလုပ်အကိုင်အသစ်တွေကို ရှာဖွေနေတဲ့သူတွေကတော့ ဒီအချိန်မှာအလုပ်အကိုင်အသစ်တွေကို ရရှိသွားနိုင်ပါတယ်။
၂။ ပုံမှန်မတိုင်းပြန်ဖြစ်သွားရင်တောင် အသစ်တွေပဲဖြစ်လာနိုင်လို့ အဲဒီအချိန်အထိ ထိုင်စောင့်မနေပါနဲ့
ဈေးကွက်ထဲဈေးတက်မယ့်အချိန်ကိုခန့်မှန်းပြီး အဲဒီအချိန်ကျမှရင်းနှီးမြှုပ်နှံမှုစလုပ်မယ်ဆိုရင် အချည်းအနှီးဖြစ်စေနိုင်သလိုပဲ အလုပ်အကိုင်ဈေးကွက်ထဲပြန်လည်လှုပ်ရှားလာတော့မှ စတင်ပြင်ဆင်မယ်ဆိုရင် ကိုယ်ကသူများနောက်မှာ ကျန်နေခဲ့ပါလိမ့်မယ်။ အောင်မြင်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဟာ ပုံမှန်တစိုက်မတ်မတ်ပြုလုပ်ခြင်းကနေ ဖြစ်ပေါ်လာသလိုပဲ အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာလည်း အဲဒီလိုပါပဲ။ အခုပဲ အလုပ်ရှာဖွေဖို့ စတင်လိုက်ပါ။ အခုအချိန်မှာ ရုံးတွေပိတ်ထားလို့ ဒါမှမဟုတ် အားလပ်ရက်တွေဖြစ်နေလို့ ဘယ်သူမှအလုပ်ခေါ်ယူမှုတွေမလုပ်လောက်ဘူးလို့ထင်ပြီး ကိုယ့်ရဲ့အလုပ်ရှာဖွေမှုတွေကို မရပ်လိုက်ပါနဲ့။ JobNet.com.mm အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုက်ဒ်မှာဆိုရင် ယခုလအတွင်းမှာကို အလုပ်အကိုင်ပေါင်း ၃၀၀၀ နီးပါး ခေါ်ယူထားတာကိုတွေ့ရပါတယ်။
အရာအားလုံးနဂိုပုံစံအတိုင်းပြန်ဖြစ်မယ့်အထိစောင့်ဖို့စဉ်းစားရင်တော့ ဒါဟာမှန်တယ်လို့မဆိုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြန်လည်တည်ငြိမ်သွားမယ်ဆိုရင်တောင် အရာအားလုံးကအသစ်တွေဖြစ်နေပါပြီ။
၃။ နှောင့်နှေးမှုတွေဖြစ်လာနိုင်တာကို ခန့်မှန်းထားပါ
တချို့သောစီးပွားရေးလုပ်ငန်းတွေမှာ အလျင်အမြန်အလုပ်ခေါ်ယူမှုတွေရှိနေတယ်ဆိုပေမဲ့လည်း လက်ရှိကျန်းမာရေးအခြေအနေတွေကြောင့် အိမ်ကနေအလုပ်လုပ်တဲ့ (Working From Home – WFH) အစီအစဉ်တွေရယ် သင်္ကြန်ပိတ်ရက်တွေကြောင့် အလုပ်အင်တာဗျူးခေါ်ယူမှုလုပ်ငန်းစဉ်တွေကတော့ နှောင့်နှေးနိုင်ပါတယ်။ အခုအချိန်မှာ အလုပ်အကိုင်ခေါ်ယူနေတဲ့ကုမ္ပဏီတွေက HR မန်နေဂျာတွေရဲ့ဦးစားပေးအလုပ်ဟာ ဝန်ထမ်းအသစ်တွေကို အစမ်းခန့်ကာလအတွင်းမှာ လုပ်ငန်းခွင်နဲ့ရင်းနှီးကျွမ်းဝင်အောင်ပြုလုပ်ပေးဖို့ထက် လက်ရှိဝန်ထမ်းတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုပြီးအလေးထားပြုလုပ်နေရပါတယ်။ ဒါဟာဘယ်လိုကုမ္ပဏီတွေ ဒီလိုကြုံတွေ့နေရတာဖြစ်ပါတယ်။
အဲဒါကြောင့် ခေါ်ယူနေတဲ့ရာထူးတွေအတွက် ရရှိထားတဲ့လျှောက်လွှာတွေကို စီစစ်အကဲဖြတ်ဖို့နဲ့ အင်တာဗျူးလုပ်ငန်းစဉ်တွေစတင်ဖို့အတွက် သူတို့မှာလည်းအချိန်လိုပါတယ်။ အခုအချိန်မှာတော့ စိတ်ရှည်သည်းခံပြီး အလုပ်ခေါ်ယူမှုအတွက်သေချာပြင်ဆင်ထားပါ။ ဒီလိုအချိန်တွေမှာ ကိုယ့်ကိုယ်ကိုပြန်လည်အားဖြည့်ထားပါ။ လာမယ့်အလုပ်အင်တာဗျူးမှာ အသုံးဝင်နိုင်မယ့်အရာ၊ ဒါမှမဟုတ် တန်ဖိုးရှိတဲ့အားလပ်ချိန်တွေမှာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းအနာဂတ်အတွက် အသုံးဝင်မယ့်အသစ်အသစ်သောအရာတွေကို လေ့လာပြီးဝမ်းစာတွေဖြည့်ထားပါ။
နောက်ဆုံးအနေနဲ့ အလုပ်အကိုင်ရှာဖွေနေသူတစ်ယောက် လုပ်ရမယ့်အလုပ်တစ်ခုကတော့ ကိုယ့်ရဲ့အလုပ်ခေါ်ယူမှုနဲ့ပတ်သက်ပြီး သတိထားပြီးစောင့်ကြည့်နေပါ။ JobNet.com.mm ကနေ အလုပ်လျှောက်ထားခဲ့တယ်ဆိုရင်တော့ အလုပ်လျှောက်ထားမှုအောင်မြင်သေချာတယ်ဆိုတာကို Register လုပ်ထားတဲ့အီးမေးလ်ထဲကို အလိုအလျောက်ပေးပို့ပေးမှာ ဖြစ်ပါတယ်။ အလုပ်လျှောက်ထားတဲ့အခါမှာလည်း ကိုယ့်ရဲ့ CV ဟာ လျှောက်ထားလိုက်တဲ့ကုမ္ပဏီဆီကို တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်ပြီး သူတို့ဘက်အကလိုအပ်တဲ့အရည်အချင်းတွေနဲ့ကိုက်ညီရင် အဲဒီကုမ္ပဏီဘက်ကပဲ တိုက်ရိုက်ဆက်သွယ်လာမှာ ဖြစ်ပါတယ်။
အဲဒီလိုဆက်သွယ်တဲ့အခါမှာလည်း အလုပ်ရှင်တွေအနေနဲ့ အလုပ်လျှောက်ထားသူတွေ CV မှာဖြည့်စွက်ထားတဲ့ဖုန်းနံပါတ်နဲ့ အီးမေးလ်တွေကနေဆက်သွယ်နိုင်သလို JobNet ရဲ့ Candidate Chat Box ကနေလည်းဆက်သွယ်လာနိုင်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့အီးမေးလ်နဲ့ JobNet JobSeeker Account တို့ကိုမကြာခဏ ကြည့်ရှုစစ်ဆေးဖို့မမေ့ပါနဲ့။