အင်တာဗျူးတစ်ခုရဲ့ရည်ရွယ်ချက်ဟာ လျှောက်ထားတဲ့အလုပ်နဲ့ကိုက်ညီတဲ့ မိမိရဲ့အလုပ်အကိုင်အတွေ့အကြုံနဲ့ ပညာအရည်အချင်းတွေကိုထုတ်ဖော်ပြောဆိုရတဲ့နေရာတစ်ခုအပြင် တန်းတူဖြစ်နေတဲ့အလုပ်လျှောက်ထားသူတွေကြားမှာ မိမိကိုသတိထားမိအောင်ပြုလုပ်နိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။
အင်တာဗျူးမှာစကားပြောဆိုတဲ့အခါ မေးမြန်းမယ့်သူနဲ့ ကိုယ်နဲ့ကြားမှာကောင်းမွန်တဲ့ပြောဆိုဆက်ဆံရေးတစ်ခုရှိမယ်ဆိုရင် အဲဒါဟာမိမိကိုယ်အများထက်ထင်ပေါ်အောင်၊ သတိထားမိအောင်ကူညီပေးနိုင်ပါတယ်။ ကိုယ့်ကိုအင်တာဗျူးမေးမြန်းတဲ့သူနဲ့ စကားအဆက်အစပ်မိအောင်ပြုလုပ်ခြင်းဟာ သူတို့ရဲ့လုပ်ငန်းခွင်ယဉ်ကျေးမှုမှာ ကိုယ်ဟာဘယ်လောက်အထိ ကိုက်ညီအောင်နေနိုင်သလဲဆိုတာကို ပုံပေါ်အောင်ကူညီပေးနိုင်ပါတယ်။
စကားပြောရတာအဆင်ပြေလွယ်ကူချောမွေ့တယ်လို့ခံစားမိစေရင် အဲဒီအင်တာဗျူးဟာကိုယ့်အတွက် အထောက်အကူအများကြီးဖြစ်စေပါလိမ့်မယ်။ ကိုယ့်ကိုအင်တာဗျူးမယ့်သူတာဝန်ယူရတဲ့ကဏ္ဍနဲ့ ကိုယ့်ရဲ့ဘယ်အချက်တွေကိုကြည့်ပြီး အလုပ်ခန့်မှာလဲဆိုတာတွေကိုပဲအရမ်းအာရုံစိုက်နေမယ့်အစား လူအချင်းချင်းစကားပြောဆိုနေတယ်ဆိုတာအရာကိုလည်း မမေ့မလျော့ဘဲစိတ်ဝင်စားမှုပြပါ။
ကဲ… ဒါဆို အင်တာဗျူးမေးမယ့်သူက ကိုယ့်အပေါ်သတိထားမိလာအောင် ရင်းနှီးဖော်ရွေတဲ့စကားဝိုင်းတစ်ခုဖြစ်အောင် ဘယ်လိုစတင်သင့်သလဲဆိုတာကိုလေ့လာကြည့်ရအောင်…
အားလပ်ရက်အကြောင်းပြောဆိုပါ
တစ်ခါတလေမှာ ကိုယ့်ရဲ့အင်တာဗျူးဟာ စနေ၊ တနင်္ဂနွေပြီးတဲ့နောက်ပိုင်း ဒါမှမဟုတ် အားလပ်ရက်ပိတ်ရက်ရှည်ပြီးတဲ့နောက်ပိုင်းဖြစ်တတ်ပါတယ်။ အဲဒီကျရင်အင်တာဗျူးမေးတဲ့သူက အားလပ်ရက်နဲ့ပတ်သက်ပြီး စကားဝိုင်းကိုစတင်လိုက်ရင် “Yes” “Fine” “ဟုတ်ကဲ့ ကောင်းပါတယ်” အဲဒါနဲ့တင်စကားကိုမရပ်ပစ်လိုက်ပါနဲ့။ နည်းနည်းပါးပါး ကိုယ့်ရဲ့အားလပ်ရက်အတွေ့အကြုံလေးကိုထည့်ပြီး နွေးထွေးတဲ့စကားဝိုင်းကိုစတင်ပါ။ ဒါပေမဲ့လည်း အရာအားလုံးအများကြီး ပြောရမယ်လို့လဲမဆိုလိုပါဘူး။ နောက်ပြီးသူလည်း အဆင်ပြေတဲ့ပိတ်ရက်လေးဖြစ်မယ်မျှော်လင့်ကြောင်းပြောပါ။ စပ်စုမိသလိုမျိုးမဖြစ်အောင် မေးခွန်းတော့မမေးပါနဲ့။ ဖော်ဖော်ရွေရွေဂရုစိုက်တတ်တဲ့ပုံစံမျိုးကိုပြသပါ။ တကယ်လို့သူကမစခဲ့ရင်လည်း ကိုယ့်ကစပြီးစိတ်ဝင်စားမှုကိုပြသပါ။
အစားအသောက်အကြောင်းပြောဆိုပါ
အစားအသောက်ဆိုတာ လူတွေကိုဆုံမှတ်တစ်ခုတည်းကိုရောက်လာအောင် ကောင်းကောင်းချိတ်ဆက်ပေးနိုင်တဲ့ခေါင်းစဉ်တစ်ခုပါ။ ရင်းနှီးဖော်ရွေတဲ့စကားဝိုင်းတစ်ခုဖြစ်အောင် ဖန်တီးပေးနိုင်တဲ့အကောင်းဆုံးပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ - အင်တာဗျူးမှာ အလုပ်ခေါ်ယူတဲ့မန်နေဂျာက “ရုံးကိုလာရတာအဆင်ပြေလား” လို့မေးခဲ့ရင် ကိုယ့်ကအဲဒီနေရာနဲ့အကျွမ်းဝင်နေပြီး အဲဒီနားမှာရှိတဲ့အစားအသောက်ဆိုင်ကောင်းကောင်းလေးတွေကိုသိရင် “လာရတာအဆင်ပြေပါတယ်… ဒီနားပတ်ဝန်းကျင်ကိုလည်းရင်းနှီးပါတယ်… ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းထိပ်နားမှာရှိတဲ့ (……….) ဆိုင်က လာစားနေကြဆိုင်ပါ… သွားစားဘူးလားမသိဘူး” အစရှိသဖြင့်ဖော်ဖော်ရွေရွေဖြေပေးပါ။ ဒါဆို အင်တာဗျူးမေးမယ့်သူကိုယ်တိုင်ကိုက ဒီစကားကိုဆက်စပ်ပြီးပြောဆိုချင်လာပါလိမ့်မယ်။ ကိုယ့်ကိုမှတ်မိသွားမယ့်အပြင်ကို နောက်ပိုင်းမှာကျေးဇူးပါတင်ချင်တင် သွားနိုင်ပါတယ်။
ကိုယ့်အကြောင်းကိုပြောပြပါ
ရင်းနှီးဖော်ရွေတဲ့စကားဝိုင်းတစ်ခုဖြစ်ဖို့ နောက်ထပ်နည်းလမ်းကတော့ ကိုယ့်ရဲ့အကြောင်းကိုပြောပြပါ။ မှန်ကန်တဲ့လမ်းကြောင်းနဲ့ ချဉ်းကပ်ပြောဆိုမယ်ဆိုရင် ဒီနည်းလမ်းဟာကိုယ်နဲ့ အင်တာဗျူးမေးမြန်းတဲ့သူကို နှီးနွှယ်ဆက်စပ်သွားစေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာအားကောင်းပြီးကောင်းမွန်တဲ့စစ်မှန်တဲ့အမှတ်ရစရာတွေကို ဦးတည်သွားစေပါတယ်။
စကားဝိုင်းကိုရင်းနှီးဖော်ရွေစေဖို့အစပြုတဲ့စကားတွေဟာ အင်တာဗျူးရဲ့အစမှာပဲပြောရမယ်လို့ မဆိုလိုပါဘူး။ အင်တာဗျူးမေးမြန်းတဲ့သူနဲ့ ချိတ်ဆက်မှုတစ်ခုကိုအစပြုပြီးပြီဆိုရင် အင်တာဗျူးအဆုံးသတ်မှာလည်း အတွေးတစ်ခုကိုလှုံဆော်ပေးနိုင်တဲ့မေးခွန်းမျိုးမေးပြီး ကိုယ့်ကိုသိသာထင်ပေါ်အောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာ - အလုပ်အကိုင်လမ်းကြောင်းနဲ့ပတ်သက်တဲ့အနှစ်သက်ဆုံးဆောင်ပုဒ်၊ အောင်မြင်စွာအကောင်အထည်ဖော်ခဲ့တဲ့အရာ အစရှိတဲ့မေးခွန်းမျိုးတွေကို အင်တာဗျုးဖြေဆိုပြီးတဲ့နောက်ပိုင်းစကားစမြည်ပြောရင်းနဲ့ မေးကြည့်ပါ။
အခုဆိုရင် မြန်မာနိုင်ငံကို နိုင်ငံခြားကုမ္ပဏီအများစုဝင်ရောက်လာသလို ပြည်တွင်းကုမ္ပဏီအများစုကလည်း နိုင်ငံတကာစီးပွားရေးဈေးကွက်မှာဝင်ရောက်ထိုးဖောက်နိုင်ဖို့ နိုင်ငံတကာစီးပွားရေးအတွေ့အကြုံရှိတဲ့ နိုင်ငံခြားကကျွမ်းကျင်သူတွေကိုစီမံခန့်ခွဲမှုနေရာတွေမှာ ခန့်ထားလာကြပါတယ်။ အဲဒီအခြေအနေတွေကြောင့် မိမိကိုအင်တာဗျူးခေါ်ဆိုတဲ့အခါမှာ နိုင်ငံခြားသားအင်တာဗျူးမေးမြန်းမယ့်သူတွေနဲ့တွေ့ဆုံနိုင်ပါတယ်။ သူတို့တွေရဲ့ယဉ်ကျေးမှုအရ အထူးသဖြင့်အနောက်နိုင်ငံကယဉ်ကျေးမှုအများစုဟာ စကားပြောစမြည်ပြောဆိုပြီး လူတစ်ယောက်ရဲ့အရည်အသွေးနဲ့ဖန်တီးနိုင်စွမ်းတွေကို လေ့လာလေ့ရှိကြပါတယ်။ စကားပြောကောင်းခြင်းနဲ့ သင့်တင့်လျောက်ပတ်တဲ့ဟာသဉာဏ်ထည့်သွင်းပြောဆိုနိုင်စွမ်းဟာလည်း ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကောင်းမွန်ကို ပြသတာပဲဖြစ်ပါတယ်။
အခုလတ်တလော မြန်မာနိုင်ငံမှာရှိရဲ့နိုင်ငံတကာကုမ္ပဏီတွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေကခေါ်ယူနေတဲ့အလုပ်အကိုင်တွေကို လေ့လာချင်တယ်ဆိုရင်တော့ ဒီနေရာမှာဝင်ရောက်လေ့လာပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်တွေကိုလျှောက်ထားနိုင်ပါပြီ။
ဆက်လက်ဖတ်ရှုရန် >>> အွန်လိုင်းကနေဗီဒီယိုနဲ့အလုပ်အင်တာဗျူး ဖြေရတော့မယ်ဆိုရင်
ဆက်လက်ဖတ်ရှုရန် >>> အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာနဲ့ပတ်သက်ပြီးဘယ်လိုညှိနှိုင်းမလဲ