29th November, 2015

Permit for importing Onion will expire after December

မိုးကြက်သွန်နီပေါ်ချိန် တွင် တောင်သူများဈေးရရှိမှု နည်းမည်ကို စိုးရိမ်ခြင်းကြောင့် ကြက်သွန်တင်သွင်းမှုကို ဇန်န၀ါရီလဆန်းအထိသာ ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ မီးဖိုချောင်သုံး စားသောက်ကုန်အသင်းမှ သတင်းရရှိသည်။ 

 

  ယခုလအတွင်း ကြက်သွန်နီ သိုလှောင်ထားသော ကုန်သည်ကြီးအချို့၏ ဈေးဆွဲတင်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်း များစံချိန်တင် မြင့်တက်လာခဲ့ကာ စားသုံးသူများအခက်အခဲ ဖြစ်လာသဖြင့် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့မှ ကြက်သွန်များကို ပြည် တွင်းသို့ တင်သွင်းရန် အသင်းက ဆုံးဖြတ်ခဲ့သည်။     ပြည်ပမှ ကြက်သွန်နီပြန် လည်တင်သွင်းရာတွင်လည်း ကုမ္ပဏီအချို့ကိုသာ ခွင့်ပြုပေးပြီး တန်ချိန် ရှစ်ရာခန့်သာ တင်သွင်း ခွင့်ပြုရန် စီးပွားကူးသန်းဝန်ကြီး ဌာနသို့ အကြံပြုထားကြောင်း သိရသည်။   

 

‘‘အသစ်ပေါ်ချိန်မှာ ပြည်ပက တင်သွင်းနေတာကို ရပ်ဖို့လိုင်စင် တွေကိုတောင် ရက်တိုပဲပေးထား တယ်’’ဟု မြန်မာနိုင်ငံမီးဖိုချောင် သုံး စားသောက်ကုန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။    ပြည်ပမှ ကြက်သွန်များတင် သွင်းရာတွင် လက်ရှိ လိုင်စင်ရ ယူထားသော ကုမ္ပဏီများသည် ပင်လယ်ရေကြောင်းမှ လိုင်စင် သက်တမ်းကို ၂၁ ရက်ပေးထား ပြီး နယ်စပ်မှ တင်သွင်းမှုကို သီတင်းနှစ်ပတ်သာ ပေးထားသည်ဟုသိရသည်။    

 

လက်ရှိတွင် ပြည်ပမှ ကြက်သွန်နီများ ဈေးကွက်သို့ ၀င်ရောက်လာချိန်၌ ပြည်တွင်းကြက်သွန်ဈေးသည် တစ်ပိဿာ ပျမ်းမျှကျပ် ၁,၀၀၀ မှ ၁,၅၀၀ ကြားဈေးနှုန်း ကျဆင်းလာသည် ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှစုံစမ်းသိရသည်။ ကြက်သွန်နီဈေးသည် လက်ရှိဘုရင့်နောင်ဈေးကွက်တွင် တစ်ပိဿာလျှင်ကျပ် ၁,၅၀၀ မှ၂,၅၀၀ကြားသာဈေးရှိသည်။    မိုးရာသီစိုက် ကြက်သွန်နီ သည် နှစ်စဉ် ဇန်န၀ါရီ၌ ပိဿာ ချိန်များစွာ ထွက်ကြောင်း တောင် သူအချို့က ဆိုသည်။ ယခုနှစ်တွင် ကြက်သွန်ဈေး ကောင်းသော်လည်း မိုးကြက်သွန်ပေါ်ချိန်၌ဈေးနှုန်းပြန်ကျနိုင်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာမှ ကြက်သွန်စိုက်တောင်သူ ဦးဌေးမြင့်က ပြောသည်။    ‘‘ရွာမှာက စိုက်ပျိုးနိုင်တဲ့ မြေကနည်းတယ်။ တစ်ရွာလုံးက  ကြက်သွန်ကိုပဲ အဓိကထားစိုက် ကြတယ်’’ ဟု ဦးဌေးမြင့်က ပြော ကြားသည်။    

 

ဆည်တော်ကျေးရွာတွင် အိမ်ခြေလေးရာကျော်ရှိပြီး စိုက် ပျိုးနိုင်သည့် မြေ ၁၉၅ ဧကသာရှိကြောင်း၊ မိုးရာသီတွင် စပါး၊ ပြောင်းဖူးတို့ အနည်းငယ်စိုက် ပျိုးပြီး ဆောင်းသီးနှံ ကြက်သွန်ကို ရွာလုံးကျွတ်စိုက်ပျိုးကြောင်း ၎င်းကပြောသည်။    ထိုကဲ့သို့ ကြက်သွန်အဓိကထားစိုက်ပျိုးသဖြင့် သီးနှံပေါ်ချိန်တွင် ကြက်သွန်နီဈေး တစ်ပိဿာလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကြား ရရှိလိုကြောင်း ဦးဌေးမြင့်က ပြောသည်။    မြန်မာနိုင်ငံတွင် တစ်နှစ် လျှင် ကြက်သွန်နီစိုက်ပျိုးသူ တစ်သန်းခန့်ရှိပြီး အထွက်နှုန်းမှာ ပိဿာချိန် သိန်း၃၀၀၀ခန့် ပျမ်းမျှထွက်ရှိကြောင်း၊ စားသုံးမှုခန့်မှန်းခြေ ပိဿာချိန်သိန်း ၁,၅၀၀ခန့်ရှိကြောင်း မြန်မာနိုင်ငံမီးဖိုချောင်သုံးစားသောက်ကုန်အသင်းစာရင်းများအရ သိရသည်။    

 

REF:7DayDaily