ရာထူးအတိုးခံရတယ်ဆိုတာဟာ အလုပ်ကောင်းကောင်းလုပ်တာထက်ကိုပိုပါတယ်။ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ နောက်ထပ်တဆင့်မြင့်တဲ့နေရာကို တက်လှမ်းချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့လုပ်ငန်းအဖွဲ့အစည်းမှာ ကိုယ်ဟာ ဒီထက်ပိုပြီးစိန်ခေါ်မှုတွေများတဲ့အလုပ်တာဝန်တွေကိုယူဖို့ အဆင်သင့်ဖြစ်နေပြီ၊ လုပ်နိုင်နေပြီဆိုတာကို ကိုယ့်ရဲ့အထက်လူကြီးနဲ့ စီမံခန့်ခွဲရေးအပိုင်းကလူကြီးတွေ သိအောင်သက်သေပြနိုင်ဖို့လိုပါတယ်။ အဲဒီလိုသက်သေပြဖို့ဆိုတာ ကိုယ့်ရဲ့အလုပ်မှာနှစ်မြှုပ်ပြီး အကောင်းဆုံးကြိုးစားဆောင်ရွက်တာတွေအပြင် အများကြီးပိုပါသေးတယ်။
အလုပ်မှာရာထူးအတိုးခံရဖို့ ခဏခဏလွဲချော်နေပြီဆိုရင် အောက်မှာဖော်ပြမယ့် လုပ်ငန်းခွင်မှာ ရာထူးအတိုးခံရလေ့ရှိတဲ့လူမျိုးတွေရဲ့ အလေ့အထတွေကို လေ့လာကြည့်လိုက်ပါ။ ပြီးရင်တော့ ကိုယ့်မှာလိုအပ်တဲ့အချက်အနည်းငယ်ကို ပြုပြင်ပေါင်းထည့်ပြီးတော့ အလုပ်အကိုင်လမ်းကြောင်းတဆင့်မြင့်ဖို့အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်လိုက်ပါ။
၁။ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေကိုချမှတ်ပြီး အမြဲမပြတ်ချိတ်ဆက်နေပါစေ
ချမှတ်ထားတဲ့ပန်းတိုင်ကိုအမြဲရှေ့ရှုနေတဲ့သူမျိုးတွေ
ကုမ္ပဏီအများစုမှာ ဘဏ္ဍာရေးနှစ်တစ်နှစ်မစခင် အထက်လူကြီးကသူ့ရဲ့အဖွဲ့သားဝန်ထမ်းတွေနဲ့ လာမယ့်နှစ်မှာ ဘယ်လိုအရည်အသွေးတွေကို တိုးတက်အောင်ဆောင်ရွက်ကြမလဲဆိုပြီး တစ်ယောက်ချင်းစီနဲ့အစည်အဝေးပြုလုပ်တဲ့အခါ ဒါမှမဟုတ် ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့စွမ်းဆောင်ရည်ကို ပြန်လည်လေ့လာဆန်းစစ်သုံးသပ်တဲ့အစည်းအဝေး (Performance Review Meeting) ပြုလုပ်တဲ့အခါမှာ အထက်လူကြီးနဲ့သေချာထိုင်ပြီး ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေကို သေချာဆွေးနွေးပြီး ချမှတ်ပါ။ ကိုယ့်ရဲ့အထက်လူကြီးကသာ တကယ်တော်ပြီးကောင်းတဲ့သူဆိုရင် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို တကယ်ဖြစ်လာအောင် လိုအပ်တဲ့အခွင့်အလမ်းတွေနဲ့ လမ်းကြောင်းပေါ်ကိုရောက်အောင် သူကထောက်ပံ့ကူညီပေးပါလိမ့်မယ်။
အထက်လူကြီးတွေအနေနဲ့ သူ့ရဲ့အဖွဲ့သားတွေကို “နောက် ၂ နှစ်အတွင်းမှာ ကိုယ့်ကိုယ်ကိုဘယ်နေရာမှာ ရောက်နေစေချင်လဲ” “ဒီနှစ်အတွင်းမှာ ဘာတွေတိုးတက်သွားချင်သလဲ၊ ဘာတွေလုပ်ဖို့အစီအစဉ်တွေရှိသလဲ” အစရှိတဲ့မေးခွန်းမျိုးတွေ မေးလေ့ရှိပါတယ်။ ဒီလိုမေးရတဲ့ရည်ရွယ်ချက်ကလည်း ဝန်ထမ်းတွေရဲ့ရည်ရွယ်ချက်တွေ၊ လုပ်ငန်းတာဝန်တွေ တကယ်ပြီးမြောက်ပြီးအောင်မြင်စေဖို့ သူအနေနဲ့ဘာတွေကူညီနိုင်မလဲဆိုတာကို တကယ်သိချင်လို့နဲ့ လာမယ့်နှစ်မှာ စီမံကိန်းအသစ်တွေလုပ်ဆောင်တဲ့အခါမှာ ဘယ်သူ့ကိုဘယ်နေရာမှာထားပြီး သူတို့တွေလိုချင်တဲ့အတွေ့အကြုံအသစ်တွေကို ရရှိအောင်ဖြည့်ဆည်းပေးနိုင်ဖို့ မေးရခြင်းဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့်အနေနဲ့ ကြိုတင်ပြီးလာမယ့်နှစ်တွေမှာ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘယ်လိုတွေလုပ်ဖို့အစီအစဉ်ရှိသလဲဆိုတာကို ကိုယ့်ရဲ့အထက်လူကြီးကိုမချပြနိုင်ဘူးဆိုရင် ဘာမှဖြစ်လာမှမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ်ရည်ရွယ်ထားတဲ့လုပ်ငန်းပိုင်းဆိုင်ရာအစီအစဉ်တွေကို ချပြဖို့တွန့်ဆုတ်နေမယ့်အစား ကိုယ်ရဲ့စိတ်ကူးတွေ ရည်မှန်းချက်တွေကိုကြီးကြီးတွေးပြီးတော့ ကိုယ့်ရဲ့အထက်လူကြီးကကူညီနိုင်မယ်လို့ထင်ရင် သူနဲ့ဆွေးနွေးဖို့အဆင်သင့်ဖြစ်နေပါစေ။
နောက်တစ်ချက်မှတ်ထားရမှာက ရည်ရွယ်ချက်ကိုချမှတ်ဖို့ကိုတော့ အထက်လူကြီးကိုစောင့်နေစရာမလိုပါဘူး။ လာမယ့်အနာဂတ်အတွက် ကိုယ့်ရဲ့ပန်းတိုင်ကို တိကျအောင်၊ တိုင်းတာလို့ရအောင်၊ အောင်မြင်မှုရရှိအောင်၊ လက်တွေ့ကျအောင်နဲ့ အချိန်မီပြီးစီးအောင် ကြိုတင်ပြင်ဆင်မယ်ဆိုရင် ကိုယ်သွားချင်တဲ့လမ်းကြောင်းမှာ ဖြစ်ချင်တာတွေဟာ လိုချင်တဲ့ပုံစံအတိုင်းဖြစ်လာပါလိမ့်မယ်။
၂။ ကစားသမားကောင်းတစ်ယောက်အမြဲဖြစ်နေပါစေ
အတူတူပူပေါင်းလုပ်ဆောင်တတ်သူတွေ
အလုပ်ရှင်တွေဟာ “ကျွန်တော်/ကျွန်မ” ဆိုတဲ့ဝန်ထမ်းတွေထက် “ကျွန်တော်တို့/ကျွန်မတို့” ဆိုတဲ့ဝန်ထမ်းတွေကို ပိုပြီးနှစ်သက်ပါတယ်။ သူတို့တွေဟာ အဖွဲ့ကိုပိုပြီးကောင်းမွန်အောင်ကူညီနိုင်တဲ့ကစားသမားကောင်းတွေကို ပိုပြီးလိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုအဖွဲ့တွေဟာ ကုမ္ပဏီအတွက်ပိုပြီးအကျိုးဖြစ်ထွန်းစေလို့ပဲဖြစ်ပါတယ်။ ဝန်ထမ်းကောင်းတစ်ယောက်ဟာ သူ့ရဲ့အလုပ်ဖော်ပြချက်တွေထက်ကိုကျော်လွန်တဲ့အရာတွေဖြစ်ခဲ့ရင်တောင်မှ အကူအညီမတောင်းခင်ကတည်းကို သူတို့တတ်စွမ်းသမျှကို ကူညီပေးတတ်ကြပါတယ်။ အဲဒီလိုလူမျိုးတွေဟာ အကျိုးကိုမြင်လို့ညောင်ရေလောင်းတာမျိုးမဟုတ်ဘဲ လုပ်ရမယ့်အရာတွေနဲ့ ယူရမယ့်တာဝန်တွေကို ကူညီပြီးဆောင်ရွက်ပေးတတ်ပါတယ်။ အဲဒါကြောင့် ရာထူးတိုးပေးဖို့စဉ်းစားတဲ့အခါမှာ အဲဒီလိုလူတစ်ယောက်ရဲ့အဲဒီလိုစိတ်ဓာတ်အပြုအမူတွေဟာ လုပ်ငန်းခွင်မှာ အများနဲ့မတူအောင် အထက်လူကြီးတွေကို သတိထားမိစေပါတယ်။
၃။ အရေးပါတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ
ကိုယ့်ရဲ့နေရာကိုအစားထိုးလို့မရအောင် အမြဲကြိုးစားနေသူတွေ
အဖွဲ့ထဲမှာ ကိုယ့်ရဲ့နေရာကိုအစားထိုးလို့မရအောင် ဘယ်လိုတွေလုပ်နိုင်မလဲ။ တစ်ခုတည်းသောနည်းလမ်းကတော့ လုပ်ငန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခု ဒါမှမဟုတ် နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်ပိုင်နိုင်အောင်တတ်မြောက်ပြီး သိမြင်နှံစပ်တဲ့သူဖြစ်အောင်ပြုလုပ်ပါ။ ဥပမာပြောရမယ်ဆိုရင် ပြောရဆိုရ ဆက်ဆံရခက်ခဲတဲ့ဝယ်သူတွေနဲ့ဆက်ဆံရတဲ့အခါမှာ အမြဲအဆင်အောင်ပြောဆိုသိမ်းသွင်းတတ်ပြီး အရည်အချင်းရှိတဲ့အရောင်းသမားတစ်ဦးဖြစ်နေအောင် အမြဲကြိုးစားနေသူတွေ။ နောက်တစ်မျိုးကတော့ စီးပွားရေးလုပ်ငန်းမှာ အခြေခံကျပြီးအရေးကြီး လုပ်ငန်းစဉ်နဲ့မူဝါဒတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။ အဲဒီလိုလူမျိုးတွေဟာ ပြိုင်ဘက်မရှိကြိုးစားနေသူတွေဖြစ်လို့ သူ့အလိုလိုထင်ပေါ်နေတတ်ပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်းကနှစ်သက်ရုံသာမက အထက်လူကြီးတွေကလည်း သူတို့တွေကိုမြင်ထားပြီးသားဖြစ်ပါတယ်။
၎။ အဆက်မပြတ်လေ့လာနေပါ
လေ့လာမှုနဲ့ပတ်သက်ပြီး ကနဦးစတင်လုပ်ဆောင်တတ်သူတွေ
လုပ်ငန်းပိုင်းဆိုင်ရာကိုယ့်ရဲ့အရည်အချင်းတွေ အဆက်မပြတ်အမြဲတိုးတက်လာစေဖို့ သင်ယူလေ့လာနိုင်တဲ့အခွင့်အလမ်းတွေကို လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် အမြဲလိုလိုရှာဖွေနေတတ်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ကိုယ့်ရဲ့အထက်လူကြီးသိအောင်ပြုလုပ်ပါ။ အမြဲသင်ယူလေ့လာရမယ်ဆိုလို့လည်း အလုပ်နဲ့သက်ဆိုင်တဲ့ပညာရပ်တွေမှာ မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေကို တတ်ခိုင်းနေတာမဟုတ်ပါဘူး။ အလုပ်နဲ့လည်းသက်ဆိုင်ပြီး ကိုယ်ရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် အွန်လိုင်းဟောပြောပို့ချမှုတွေမှာ စာရင်းသွင်းပြီးလေ့လာတာတွေ၊ အလုပ်အကိုင်နဲ့သက်ဆိုင်တဲ့ဆွေးနွေးဟောပြောပွဲတွေကို သွားရောက်လေ့လာတာတွေ၊ ဒါမှမဟုတ် ရုံးတွင်း၊ ဌာနအတွင်းမှာ လေ့ကျင့်သင်ကြားပေးမှုတွေကို တောင်းဆိုတာ အစရှိတာတွေမှာ ကိုယ့်ရဲ့အရည်အချင်းတွေကိုတိုးတက်အောင်ပြုလုပ်ပြီး လေ့လာနိုင်ပါတယ်။ ဒီလိုမျိုးလေ့လာမှုတွေကြောင့် အလုပ်အကိုင်လမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လာရင် ကိုယ်ဟာတကယ်ကိုလေးလေးနက်နက်နဲ့လေ့လာတတ်ပြီး ကိုယ်လိုချင်တဲ့နေရာ၊ လိုချင်တဲ့ရာထူးကိုရောက်ဖို့ ကြုံတွေ့နိုင်မယ့်စိန်ခေါ်မှုတွေကို သေချာကိုင်တွယ်ပြီး ဘယ်သူ့ကိုမှအားကိုးပြီးမစောင့်တတ်တဲ့သူဆိုတာကို ပြသနေပါတယ်။
၅။ ကိုယ့်ရဲ့အောင်မြင်မှုတွေကို စနစ်တကျသိမ်းဆည်းထားပါ
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို အမြဲသိမ်းဆည်းပြီးအသိအမှတ်ပြုတတ်သူတွေ
ရာထူးတိုးပေးဖို့တောင်းဆိုတဲ့အခါမှာ ကိုယ့်အနေနဲ့ကုမ္ပဏီစီးပွားရေးအတွက် ဘယ်လိုမျိုးကြိုးစားအားထုတ်မှုတွေကို လုပ်ဆောင်ပေးခဲ့သလဲဆိုတာကို ဆုံးဖြတ်ချက်ချရမယ့်စီမံခန့်ခွဲသူတွေကသိမှသာ ရာထူးတိုးပေးဖို့အတွက် ဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်။ အလုပ်မှာအောင်မြင်အောင်လုပ်ခဲ့တဲ့အရာတွေကို သူတို့အရှေ့ရောက်မှစဉ်းစားတာထက်စာရင် တစ်နှစ်လုံးလုပ်ဆောင်ခဲ့တဲ့အရာတွေနဲ့ အောင်မြင်မှုတွေကို စုစည်းဖော်ပြပေးနိုင်တဲ့ Working Portfolio တစ်ခုကိုတည်ဆောက်ပါ။ အရေးပါတဲ့လုပ်ငန်းအစီအစဉ်တစ်ခုကို အောင်မြင်အောင်ပြီးစီးဆောင်ရွက်နိုင်ခဲ့တဲ့အခါမှာ ဒါမှမဟုတ် သတ်မှတ်ထားတဲ့အရောင်းစံချိန်တွေကို ပြည့်မီအောင်လုပ်နိုင်တဲ့အခါမှာ အဲဒီအရာတွေအားလုံးကို စနစ်တကျသိမ်းဆည်းပါ။ ဘယ်လိုအောင်မြင်မှုတွေရခဲ့သလဲဆိုတာကို မှတ်ချက်လုပ်တဲ့အခါမှာလည်း အရေးအကြီးဆုံးအရာတွေကို အဓိကထားပါ။ ဒီလိုမှတ်တမ်းမှတ်ရာတွေဟာ ကိုယ်အလုပ်လုပ်နေတဲ့အလုပ်မှာ ဘယ်လောက်တောင်ရင်းနှီးမြှုပ်ခဲ့သလဲဆိုတာနဲ့ ကုမ္ပဏီအတွက် ဘယ်လိုအောင်မြင်တိုးတက်အောင်ပြုလုပ်နိုင်ခဲ့တယ်ဆိုတာကို သက်သေပြနေပါတယ်။
၆။ စီမံကြီးကြပ်ကွပ်ကဲရမှာကို ကြောက်ရွံ့မနေပါနဲ့
ခေါင်းဆောင်နိုင်မှုအရည်အသွေးတွေကို ပြသတတ်သူတွေ
လုပ်ငန်းနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေ၊ စိတ်ချအားကိုးနိုင်မှုတွေ၊ ဆုံးဖြတ်နိုင်စွမ်းရှိတာတွေနဲ့ ယုံကြည်မှုတွေကို ပြသဖူးလား။ ဒီလိုမျိုးခေါင်းဆောင်နိုင်မှုအရည်အချင်းတွေကိုပိုင်ဆိုင်ခြင်းဟာ ရာထူးတိုးမြှင့်ခံရဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ တကယ်တော့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ပထမဆုံးခြေလှမ်းက ခေါင်းဆောင်တစ်ယောက်လို ပြုမူနေတတ်ဖို့ပါပဲ။ ရုံးမှာချမှတ်ထားတဲ့မူဝါဒတွေ ဒါမှမဟုတ် ရုံးနောက်ကျတာနဲ့ ပြီးရမယ့်အလုပ်တွေကို သူ့အချိန်နဲ့သူမပြီးတာအစရှိတဲ့ မကောင်းတဲ့အမူအကျင့်တွေကို မချိုးဖောက်မိအာင်နေထိုင်ရပါမယ်။ ခေါင်းဆောင်ဆိုတာ နမူနာအနေနဲ့ကို သူကိုယ်တိုင်စီမံကွပ်ကဲပြီး အလုပ်အတူတူလုပ်ရမယ့်ဝန်ထမ်းတွေအတွက် စံနမူနာကောင်းတစ်ယောက်ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ မဟုတ်ရင်တော့ စီမံခန်ခွဲမှုရာထူးကိုတိုးဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။
၇။ စိတ်ပါဝင်စားမှုရှိတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပါစေ
အလုပ်ကိုစိတ်ဝင်တစားပါဝင်ပတ်သက်တတ်သူတွေ
အလုပ်မှာစိတ်ပါဝင်စားမှုရှိတယ်ဆိုတာ အစည်းအဝေးမှာအာရုံစူးစိုက်ပြီး ပြောသမျှလိုက်မှတ်ရုံနဲ့မလုံလောက်ပါဘူး။ အလုပ်ထဲမှာ စိတ်ပါဝင်စားရှိတယ်ဆိုတာ အားလပ်ချိန်မှာ အလုပ်အကိုင်အကြောင်းတွေဆွေးနွေးရင် ပါဝင်နားထောင်တာတွေ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ အတွေးအခေါ်အယူအဆအသစ်တွေဖော်ထွက်လာအောင် ဝေမျှဆွေးနွေးမှုတွေပြုလုပ်တဲ့အခါမှာ ပါဝင်ဆွေးနွေးတာတွေ အစရှိတာတွေကို ဆိုလိုပါတယ်။ ဒါတွေဟာ ကုမ္ပဏီအတွက်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အောင်မြင်မှုအတွက် လစာထက်ပိုပြီးကိုယ့်ရဲ့တာဝန်ယူမှုကို ဖော်ပြနေပါတယ်။
အလုပ်မှာပျော်ပွဲရွှင်ပွဲတွေအပြင် အဖွဲ့ထဲမှာရှိတဲ့လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း အလုပ်အကြောင်းတွေမပါတဲ့ ပေါ့ပေါ့ပါးပါးနေ့လည်စာသွားစားကြတာတို့ လုပ်ဖော်ကိုင်ဖက်အသစ်တွေကို အလုပ်အကြောင်းရင်းနှီးအောင်ပြောပြပေးတာတို့ ဒါတွေဟာလည်း အလုပ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုတွေကို ဖြစ်စေပါတယ်။
အလုပ်ရာထူးအတိုးခံရတယ်ဆိုတာဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ ကိုယ့်ရဲ့အလုပ်မှာ စဉ်ဆက်မပြတ်အရည်အသွေးကောင်းတဲ့အလုပ်တွေဖြစ်လာဖို့ မြှုပ်နှံခဲ့ရတဲ့လေ့လာမှုတို့အတွက် အချိန်ယူရတဲ့အလုပ်ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အချက် ၇ ချက်အပေါ်အခြေခံပြီး ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို အောင်မြင်အောင်သေချာစီမံခန့်ခွဲမယ်ဆိုရင် ကိုယ်မျှော်လင့်ထားတဲ့အလုပ်ရာထူးအဆင့်တစ်နေရာကို တိုးမြှင့်ခံရပါလိမ့်မယ်။