1st July, 2019

ရုံးမှာ လစာတိုးပြီလား

ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုရရှိစေပြီး လုပ်ငန်းခွင်ပျော်ရွှင်မှုကိုဖြစ်စေတဲ့အကြောင်းအရင်းတွေထဲမှာ လုပ်ခလစာကလည်း အဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလမှာ JobNet ကနေပြုလုပ်ခဲ့တဲ့ လုပ်ငန်းခွင်ပျော်ရွှင်မှုဆိုင်ရာစစ်တမ်းနဲ့ လစာကျေနပ်မှုဆိုင်ရာမေးခွန်းရဲ့ရလဒ်တွေအရ လုပ်ခလစာအပေါ် ကျေနပ်မှုမရှိသူတွေဟာ လုပ်ငန်းခွင်မှာမပျော်ရွှင်ကြဘူးလို့ ဖြေဆိုထားတာတွေ့ရပါတယ်။ ကိုယ့်ရဲ့အချိန်တွေကို အလုပ်တစ်ခုမှာ အတိုင်းအတာတစ်ခုအထိ ကုန်ဆုံးစေခဲ့ပြီး ကိုယ်မျှော်မှန်းထားတဲ့လစာကို မရသေးဘူးဆိုရင် အောက်မှာဖော်ပြထားတဲ့အဆင့်တစ်ခုချင်းစီကို သေချာပြင်ဆင်ပြီး လစာတိုးအောင်ပြုလုပ်သင့်ပါတယ်။

တကယ်လို့ ကိုယ်ကလက်ရှိအလုပ်မှာပဲ ဆက်ပြီးအလုပ်လုပ်ချင်တယ် နောက်ပြီးလက်ရှိလစာထက်လည်း ပိုရချင်တယ်ဆိုရင်တော့ လစာတိုးပေးဖို့တောင်းဆိုသင့်နေပါပြီ။ လစာတိုးပေးဖို့တောင်းဆိုရတာဟာ တော်တော်လေးကိုလည်း စိတ်ကသိကအောက်နိုင်တဲ့အလုပ်တစ်ခုပါ။ ဒါပေမဲ့လည်း ကိုယ့်ဘက်ကအဲဒါနဲ့ပတ်သက်လို့ သေသေချာချာပြင်ဆင်ပြီး အထက်လူကြီးဆီကို တောင်းဆိုမယ်ဆိုရင်တော့ မျှော်မှန်းထားတဲ့ရလဒ်ကောင်းတွေ ရရှိနိုင်ပါတယ်။ အဲဒါကြောင့် ဒီနှစ်ထဲမှာလစာတိုးအောင် ပြုလုပ်ဖို့ရည်ရွယ်ထားတယ်၊ နောက်ပြီး ဘယ်လိုတောင်းဆိုရမလဲဆိုတာကို မသိဘူးဆိုရင်တော့ အခုပြောပြမယ့်အဆင့်တစ်ဆင့်ချင်းစီကို အသုံးပြုပြီး ထိထိရောက်ရောက်နဲ့ လစာတိုးတောင်းကြည့်ပါ။

၁။ ဘယ်တွေပြင်ဆင်သင့်သလဲ

ဘာမှမပြင်ဆင်ဘဲနဲ့တော့ လစာတိုးပေးဖို့ ကိုယ့်ရဲ့အထက်လူကြီးကို မတောင်းဆိုပါနဲ့။ ဘယ်လောက်ပဲ ကိုယ့်နဲ့ အထက်လူကြီးရဲ့ဆက်ဆံရေးက ကောင်းမွန်နေပါစေ ကိုယ့်ကိုဘာကြောင့်လစာတိုးပေးသင့်သလဲဆိုတဲ့ အကြောင်းအရင်းကို ပြောပြတာဖို့လိုအပ်ပါတယ်။ အဲဒီလိုပြောပြဖို့ ပထမဆုံးလုပ်ရမယ့်အရာက ကိုယ်လုပ်ခဲ့တဲ့လုပ်ငန်းတွေ အထူးသဖြင့် အောင်မြင်မှုရရှိခဲ့တဲ့လုပ်ငန်းအစီအစဉ်တွေကို စာရင်းပြုစုပါ။ ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်မှုတွေရရှိခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုပါ မှတ်ထားပါ။

ဒုတိယအချက်ကတော့ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်သိအောင်ပြုလုပ်ပါ။  အဲဒါကိုသိဖို့ရင် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ ကိုယ့်လိုရာထူးမျိုးနဲ့ လုပ်သက်အတွေ့အကြုံရှိတဲ့သူတွေဆိုရင် အလုပ်အကိုင်ဈေးကွက်ထဲမှာ လစာဘယ်လောက်ရကြသလဲ၊ လုပ်ငန်းတူကုမ္ပဏီတွေကရော ကိုယ့်လိုရာထူးမျိုးကို ဘယ်လောက်ကမ်းလှမ်းကြသလဲ၊ လက်ရှိလစာနဲ့ ဘယ်လိုကွာခြားမှုတွေရှိသလဲ အစရှိတာတွေကို လေ့လာဖို့လိုပါတယ်။ ပြီးရင် လက်ရှိအလုပ်မှာ လုပ်လာခဲ့တဲ့လုပ်သက်နဲ့ အောင်မြင်မှုတွေကို ချိန်ညှိပြီးတော့ ကိုယ့်ဘက်ကနေ လိုချင်တဲ့ပမာဏကိုတောင်းဆိုသင့်ပါတယ်။ အဲဒါမှ ကိုယ့်အထက်လူကြီးကလည်း စဉ်းစားချိန်ဆပြီး ညှိုနှိုင်းပေးနိုင်မှာပါ။

လက်ရှိအလုပ်အကိုင်ဈေးကွက်ရဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ခေါ်ယူကမ်းလှမ်းနေတဲ့လစာတွေကို သိချင်တယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းအသိုင်းအဝိုင်းက မိတ်ဆွေအပေါင်းအသင်းအချင်းချင်းကို မေးမြန်းနိုင်သလို၊ JobNet.com.mm မှာ အလုပ်အကိုင်ခေါ်ယူနေတဲ့ကုမ္ပဏီတွေရဲ့ အလုပ်ခေါ်စာအများစုနဲ့  အလုပ်အကိုင်ဈေးကွက်အစီရင်ခံစာတွေကိုလေ့လာပြီး ဆွေးနွေးဖို့အတွက်လိုအပ်တဲ့အရေးကြီးအချက်အလက်တွေကို ရရှိဖို့အထောက်အကူပြုပါတယ်။

၂။ လစာတိုးပေးဖို့ ပြောသင့်တဲ့အကောင်းဆုံးအချိန်

လစာတိုးပေးဖို့အကြောင်းဆွေးနွေးသင့်တဲ့အချိန်ကို ရွေးချယ်ရတာကလည်း အရေးကြီးပါတယ်။ လစာအကြောင်းဆွေးနွေးဖို့ကောင်းတဲ့အချိန်တွေထဲမှာ ပထမအချိန်ကတော့ နှစ်စဉ်လုပ်ငန်းဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်တဲ့အချိန် (Annual Performance Review) ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ကိုယ့်ရဲ့အထက်လူကြီးကို လစာတိုးပေးဖို့နဲ့ပတ်သက်ပြီး သဘာဝကျကျစကားစပြောလို့ ကောင်းတဲ့အချိန်ဖြစ်ပါတယ်။

နောက်တစ်ချိန်ကတော့ အရေးကြီးတဲ့စီမံချက်တစ်ခု ဒါမှမဟုတ်  ပေးအပ်ထားတဲ့လုပ်ငန်းတွေကို အောင်မြင်ပြီးဆုံးသည်အထိ လုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာ ပြောသင့်ပါတယ်။ အရေးကြီးဆုံးအချိန်ကတော့ ကိုယ့်အထက်လူကြီးရဲ့မိုးလေဝသအခြေအနေပေါ့။ သူအရမ်းကိုအလုပ်တွေရှုပ်နေပြီး စိတ်ဖိစီးမှုဖြစ်နေချိန်မှာ ကိုယ့်ရဲ့လစာအကြောင်းသွားဆွေးနွေးမယ်ဆိုရင် စိတ်ရှည်လက်ရှည်နဲ့ သေချာနားထောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့အထက်လူကြီး စိတ်ကြည်နေတဲ့အချိန်မှာ လစာကိစ္စကိုညှိနှိုင်းပါ။

၃။ လစာတိုးပေးချင်အောင် ဘယ်လိုပြောမလဲ

ကိုယ့်ကိုဘာကြောင့်လစာတိုးပေးသင့်သလဲဆိုတဲ့အချက်နဲ့ အထက်လူကြီးနဲ့ဆွေးနွေးဖို့အချိန်ကောင်းတွေကို ပြင်ဆင်ပြီးပြီးဆိုရင် အရေးကြီးတဲ့အချက်ကတော့ ဆွေးနွေးတဲ့အခါမှာ ကိုယ်ပြောတာကိုလက်ခံလာအောင် ဘယ်လိုပြောမလဲ ဆိုတာပါပဲ။ အဓိကကတော့ ပြောချင်တဲ့အကြောင်းအရာကို ရှင်းရှင်းလင်းလင်းနဲ့စပြောပါ။ ပြီးရင်တော့ အသေးစိတ်အချက်အလက်တွေကို တင်ပြပါ။

အထက်မှာပြောခဲ့သလိုပဲ ကိုယ်အနေနဲ့ ဒီအလုပ်လုပ်လာတာ ဘယ်လောက်ကြာနေပြီ၊ ဘာတွေကိုလည်း အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်၊ နောက်ပြီး လုပ်ငန်းအတွက် လိုအပ်တဲ့အရည်အချင်းတွေနဲ့ ဗဟုသုတတွေကိုလည်း အဆက်မပြတ်လေ့လာဖြည့်ဆည်းနေတယ် (တကယ်လို့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ သင်တန်းတွေတက်ရောက်ခဲ့တာရှိရင်လည်း ထည့်ပြောပါ)။ အဲဒါကြောင့် လက်ရှိထက်ပိုပြီးစိန်ခေါ်မှုတွေရှိတဲ့တာဝန်တွေကိုလည်း ယူဖို့အဆင်သင့်ဖြစ်နေတယ်ဆိုတာကို ဖော်ပြပါ။

အလုပ်အကိုင်ဈေးကွက်မှာ ကိုယ့်လိုလုပ်သက်အတွေ့အကြုံနဲ့ အရည်အချင်းရှိသူတွေကိုဆိုရင် ဘယ်လောက်ကမ်းလှမ်းနေပြီဆိုတာနဲ့ ကိုယ့်ရဲ့လစာကိုလည်း ဘယ်လောက်အထိတိုးပေးစေချင်ပါတယ် ဆိုတာကိုပြောပြပါ။ နောက်တစ်ချက်ကတော့ လစာတစ်ခုတည်းကိုပဲ ဆွေးနွေးရမယ်လို့ ပုံသေမှတ်မထားပါနဲ့။ တချို့အလုပ်တွေမှာ လစာကပုံသေဖြစ်နေတတ်ပြီး အပိုဆုကြေးတွေ၊ KPI တွေနဲ့ အချိန်ပိုကြေးတွေ ရှိပါတယ်။ အဲဒီအခြေအနေတွေကျရင် လစာညှိနှိုင်းလို့မရရင် အဲဒါတွေကိုတိုးပေးဖို့ဆွေးနွေးကြည့်ပါ။ အဲဒါအပိုကြေးတွေကလည်း ကိုယ့်ရဲ့လစာကို သွက်ဝိုက်ပြီးတိုးအောင်ပြုလုပ်ပေးနိုင်ပါတယ်။

မမေ့သင့်တဲ့အချက်ကတော့ အထက်လူကြီးနဲ့ဆွေးနွေးပြောဆိုတဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည့်ချက်ရှိရှိပြောဆိုပါ။ နောက်ပြီး ဒီကုမ္ပဏီမှာအလုပ်လုပ်လာရင်း ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတွေကို ဘယ်လိုတိုးတက်လာသလဲဆိုတဲ့ သူတို့ကိုကျေနပ်စေမယ့်အရာတွေ ထည့်ပြောပါ။ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ပတ်သက်ပြီး ရှေ့ဆက်မယ့်အစီအစဉ်နဲ့ ကုမ္ပဏီရဲ့မျှော်မှန်းထားတဲ့ရည်မှန်းချက်တွေဟာ ဘယ်လိုကိုက်ညီမှုရှိနေကြောင်းကို ဖော်ပြခြင်းဟာလည်းပဲ ဒီအလုပ်မှာ ကိုယ့်ဟာဘယ်လောက်အထိစိတ်နှစ်ပြီး တက်ကြွမှုရှိသလဲဆိုတာကို ဖော်ပြပါလိမ့်မယ်။

တစ်ခါတလေမှာ လစာတိုးပေးပြောဆိုဆွေးနွေးရတာဟာ စိတ်ကသိကအောင့်ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း ဒါဟာ ကိုယ့်ရဲ့လုပ်ငန်းမှာ ကိုယ့်ရဲ့တန်ဖိုးကိုအထက်လူကြီးသိအောင်မြင်လာအောင် ပြောပြလို့ရတဲ့အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ဒီနှစ်မှာ လစာတိုးတောင်းဖို့အစီအစဉ်ရှိတယ်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့အတိုင်းပြင်ဆင်စရာ လေ့လာစရာရှိတာတွေကို သေချာပြုလုပ်ပါ။ ထို့အပြင် မြန်မာနိုင်ငံရဲ့အလုပ်အကိုင်ဈေးကွက်ဆိုင်ရာစစ်တမ်းတွေနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးက ကုမ္ပဏီတွေရဲ့ခေါ်ယူကမ်းလှမ်းနေတဲ့လစာတွေကို JobNet.com.mm မှာ ဝင်ရောက်လေ့လာပြီး ကိုယ်မျှော်မှန်းထားတဲ့လစာရအောင် တောင်းဆိုဖို့သေချာပြင်ဆင်လေ့လာလိုက်ပါ။