ဝန်ဆောင်မှုပိုင်းဆိုင်ရာလုပ်ငန်းဆိုတာ (Customer Service) ကိုယ့်ရဲ့ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး ဝယ်ယူသုံးစွဲနေသူတွေ (Customers) ရဲ့လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးဖို့နဲ့ အတွေ့အကြုံကောင်းတွေရရှိအောင် ဖြည့်ဆည်းပေးဖို့အတွက် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုတွေဟာ (Customer Service Skills) ပြဿနာဖြေရှင်းခြင်း (Problem-solving) နဲ့ ဆက်သွယ်ပြောဆိုမှု (Communications) တွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ အဲဒါကြောင့်လည်း ဝန်ဆောင်မှုပိုင်းဆိုင်ရာလုပ်ငန်းတွေမှာ ဂရုတစိုက်နားထောင်နိုင်စွမ်းအပြင် Verbal ရော Non-verbal အရိပ်အမြွတ်တွေကို ဖတ်ရှုနိုင်တဲ့ အရည်အချင်းတွေပါဝင်တဲ့အတွက်ကြောင့် အဲဒီလုပ်ငန်းကို Soft Skill တစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။
ဒါဆိုရင် ဝန်ဆောင်မှုပိုင်းဆိုင်ရာအလုပ်အကိုင်လမ်းကြောင်းမှာ လုပ်ကိုင်နေသူတွေဟာ ဘယ်လိုမျိုးလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို လိုအပ်သလဲ။ ဝန်ဆောင်မှုပိုင်းဆိုင်ရာလုပ်ငန်း ကျွမ်းကျင်မှုတွေဆိုတာ Customer နဲ့ အပြန်အလှန်ဆက်သွယ်ပြောဆိုတဲ့အခါမှာ အဓိကလိုအပ်တဲ့အပြုအမူတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ ကိုယ်ဟာနည်းပညာကုမ္ပဏီတစ်ခုရဲ့ ဝန်ဆောင်မှုပိုင်းမှာလုပ်ကိုင်နေသူတစ်ယောက်ဆိုရင် အဲဒီကုမ္ပဏီက ထုတ်လုပ်ရောင်းချတဲ့နည်းပညာထုတ်ကုန်တွေနဲ့ပတ်သက်ပြီး Customer တွေ ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးရပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့အလုပ်တာဝန်ကိုပြီးမြောက်အောင်ဆောင်ရွက်ဖို့ဆိုရင် အခုဖော်ပြပေးမယ့်လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အချင်းတွေကို လေ့ကျင့်ပြင်ဆင်ထားရပါမယ်။
၁။ ရှင်းလင်းစွာဆက်သွယ်ပြောဆိုနိုင်ခြင်း
ဒီအချက်ကတော့ ဝန်ဆောင်မှုပိုင်းဆိုင်ရာလုပ်ငန်းမှာ အောင်မြင်ချင်တဲ့သူအတွက် မရှိမဖြစ်အရေးပါတဲ့အချက် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Customer ကဘာကိုလိုချင်တာလဲဆိုတာကို သိအောင်လုပ်ဖို့လိုအပ်သလို ကိုယ်ကရော သူ့အတွက်ဘာပြန်လုပ်ပေးနိုင်သလဲဆိုတာကို ပြန်ပြောနိုင်ဖို့လည်း လိုပါတယ်။ ပြတ်သားပြီး လုံလောက်တဲ့အသံအကျယ်နဲ့ ကြည်ကြည်လင်လင်ပြောဆိုခြင်းဟာ ကိုယ့်ရဲ့ Customer တွေနဲ့ ဆက်သွယ်တဲ့အခါမှာ ရှင်းလင်းပြီး အကောင်းမြင်မှုတွေကိုရရှိစေပါတယ်။ ဒီလိုအရည်အချင်းတွေဟာ ဖုန်းနဲ့ဆက်သွယ်ပြောဆိုရာမှာဖြစ်စေ လူချင်းတွေ့ဆုံပြီးပြောဆိုရာမှာဖြစ်စေ မရှိမဖြစ်လိုအပ်ပါတယ်။ E-mail ပို့တာ ဒါမှမဟုတ် စာရေးသားပြီးဆက်သွယ်တဲ့အခါမှာလည်း မှန်ကန်သင့်တော်တဲ့သဒ္ဒါနဲ့ စကားလုံးပေါင်းအပြင် စိတ်ပျော်ရွှင်မှုကိုဖြစ်စေနိုင်မယ့် စကားလုံးအသုံးအနှုန်းတွေကို ရွေးချယ်ပါ။ အရေးကြီးတာကတော့ Customer တွေသိလိုသမျှကို ကိုယ့်ဘက်ကနေအချိန်မီ ပြန်လည်ဖြေကြားခြင်းဟာလည်း Professional ကျတဲ့အပြုအမူပဲ ဖြစ်ပါတယ်။
၂။ နားထောင်နိုင်သူကောင်းတစ်ယောက်ဖြစ်ခြင်း
နားထောင်နိုင်မှုစွမ်းရည်ဟာလည်း ဆက်သွယ်ပြောဆိုနိုင်တဲ့စွမ်းရည်လောက်ကို အရေးကြီးတဲ့အရာဖြစ်ပါတယ်။ Customers တွေဘာကိုလိုအပ်နေသလဲဆိုတာနဲ့ ကိုယ့်ဘက်က ဘယ်လိုကူညီနိုင်မလဲဆိုတာကို တိတိကျကျသိရဖို့အတွက်က သူတို့ပြောတာကို ဂရုတစိုက်နားထောင်ဖို့လိုပါတယ်။ သူတို့ပြောနေတာကိုလည်း ကိုယ့်ဘက်ကသေချာနားထောင်နေပါတယ်ဆိုတာကို ကိုယ်အမူအရာနဲ့ပဲဖြစ်ဖြစ် တုံ့ပြန်မှုတွေကိုပြပေးပါ။ ဥပမာ - သူတို့ပြောတာကိုနားလည်တဲ့အခါမှာ ခေါင်းညိတ်ပြတာတို့၊ မျက်လုံးချင်းဆုံအောင်ပြုလုပ်ပေးတာတို့ အစရှိတာတွေကို ပြုလုပ်ပေးပါ။ နောက်တစ်ခုကတော့ သူတို့ပြောတာတွေနဲ့ပတ်သက်ပြီး ကိုယ်ဘယ်လိုနားလည်လိုက်သလဲဆိုတာကို သေချာအောင်အတည်ပြုမေးခွန်းမေးဖို့လည်း အားမနာပါနဲ့။ Customer Service လုပ်ငန်းမှာအရေးကြီးတဲ့အချက် Customer တွေရဲ့ခံစားချက်ကို နားလည်အောင်ပြုလုပ်ရတာပဲဖြစ်ပါတယ်။ ဖုန်းနဲ့ဆက်သွယ်ပြောဆိုရတဲ့အခါမှာလည်း သူတို့ပြောစကားမပြီးမချင်း စကားဖြတ်မပြောပါနဲ့။ သေချာဆုံးအောင်နားထောင်ပြီးမှ တုံ့ပြန်ပေးပါ။
၃။ ခံစားနားလည်ပေးနိုင်ခြင်း
Customer Service လုပ်ငန်းပိုင်းမှာလုပ်ကိုင်နေသူတစ်ယောက်ဟာ ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး အဆင်မပြေဖြစ်နေတဲ့သူတွေ၊ စိတ်ပျက်နေတဲ့သူတွေနဲ့ အပြန်အလှန်ဆက်သွယ်နေရမှာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ သူတို့တွေရဲ့ခံစားချက်ကို နားလည်သိရှိနိုင်ပြီး ကိုယ်ချင်းစာပြီးပြောဆိုနိုင်ဖို့က အရေးကြီးပါတယ်။ ဒါဟာလည်း အရေးကြီးတဲ့ Soft Skill တစ်ခုဖြစ်ပါတယ်။ သူတို့တွေရဲ့ခံစားချက်တွေကို နားလည်ခံစားပေးနိုင်ဖို့ဆိုရင် သူတို့တွေရဲ့နေရာကနေ ခဏခံစားကြည့်ပေးပါ။ ကိုယ်အနေနဲ့ ဘယ်လိုခံစားရမလဲ၊ ဘယ်လိုမျိုး ပြုမူဆက်ဆံတာမျိုးကိုဖြစ်စေချင်သလဲ၊ ကိုယ်သာ ကိုယ့် Customer တွေလိုမျိုး ပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရရင် ဘယ်လိုမျိုးခံစားရမလဲ။ ဒီမေးခွန်းတွေဟာ Customer တွေရဲ့ခံစားချက်နဲ့ သူတို့ကိုဘယ်လိုမျိုးပိုမိုကောင်းမွန်တဲ့ အကူအညီတွေပေးရမလဲဆိုတာကို သိရှိဖို့အတွက် ကူညီပေးနိုင်ပါတယ်။
၎။ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း
ဝန်ဆောင်မှုလုပ်ငန်းပိုင်းမှာလုပ်ကိုင်နေသူတွေဟာ Customer တွေအားလုံးကို အထူးသဖြင့် မကျေမနပ်ဖြစ်နေတဲ့သူကိုတောင် စိတ်သက်သာရာရသွားအောင် ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ ကိုယ့် Customer ကိုစိတ်သက်သာအောင် မပြုလုပ်မီမှာ ကိုယ့်ရဲ့စိတ်ကို စုစည်းပြီးတည်ငြိမ်အေးဆေးနေအောင် အရင်ဆုံးနဲ့အမြဲတမ်း ပြုလုပ်ရပါမယ်။ စိတ်ရှည်သည်းခံနိုင်မှုနဲ့ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းခြင်းတို့ဟာ Customer တွေကိုဆက်ဆံတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်တတ်တာတွေနဲ့ မှားယွင်းပြောဆိုမိတတ်တာတွေကနေ ထိန်းချုပ်ပေးနိုင်ပါတယ်။ Customer ကစိတ်အနှောက်အယှက်ဖြစ်လို့ မကျေမနပ်ပြောဆိုခဲ့လျှင်တောင်မှ ကိုယ့်ကိုတမင်ရည်ရွယ်ပြီးပြောတယ်လို့ စိတ်ထဲမှာမခံစားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး တခြားဘယ်သူမှလည်းကူညီပေးနိုင်မှာလည်း မဟုတ်သလို မေးခွန်းတွေလည်းအများကြီးရှိလို့ ဖြစ်ပါတယ်။ သူအနေနဲ့ ဒေါသထွက်ပြီးပြောဆိုနေတယ်ဆိုရင်တောင်မှ ကိုယ့်အနေနဲ့ သူ့ဒေါသကိုပြေစေမယ့် စကားမျိုးနဲ့အစပြုပြီး အခြေအနေတွေကိုတည်ငြိမ်သွားအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။
၅။ ထုတ်ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဗဟုသုတရှိခြင်း
ပြဿနာဖြေရှင်းခြင်းဆိုတာ Customer Service လုပ်ငန်းအတွက် လိုအပ်တဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ အဲဒီလို ပြဿနာတွေကိုထိထိရောက်ရောက်ဖြေရှင်းဖို့ဆိုလျှင် ကိုယ့်လုပ်ငန်းပိုင်းနဲ့သက်ဆိုင်တဲ့ နည်းပညာတွေ၊ ထုတ်ကုန်ပစ္စည်းတွေ၊ လုပ်ငန်းအကြောင်းတွေနဲ့ ပတ်သက်တဲ့ဗဟုသုတတွေရှိထားဖို့ လိုအပ်ပါတယ်။
Customer Service ကို ကျွမ်းကျင်မှုတစ်ခုလို့ မြင်ကြပေမဲ့လည်း အဲဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ အရည်အချင်းတွေကိုကောင်းမွန်အောင်ထောက်ပံ့ပေးနိုင်တဲ့ ဆက်စပ်ကျွမ်းကျင်မှုတွေလည်း အများကြီးရှိပါသေးတယ်။ ဥပမာ - အကောင်းမြင်စိတ်ရှိခြင်း၊ ယုံကြည်မှုရှိရှိပြောဆိုဆက်သွယ်နိုင်ခြင်း၊ ပဋိပက္ခတွေကိုဖြေရှင်းနိုင်စွမ်း၊ တာဝန်ယူမှုရှိခြင်းနဲ့ ဟာသဉာဏ်ရှိခြင်းတို့လည်း ပါဝင်ပါတယ်။
ဒီလုပ်ငန်းပိုင်းနဲ့သက်ဆိုင်တဲ့အရည်အချင်းတွေနဲ့ အတွေ့အကြုံတွေ ကိုယ့်မှာရှိနေတယ်ဆိုရင် အဲဒီကျွမ်းကျင်မှုတွေကို အလုပ်ရှင်တွေသိမြင်လာအောင် ဘယ်လိုတွေပြုလုပ်ထားရမလဲ။ JobNet.com.mm မှာ Job-Seeker Profile ရှိပြီးသားဆိုလျှင်လည်း ကိုယ့်ရဲ့ Profile နဲ့ CV attachment မှာ အဲဒီအလုပ်နဲ့သက်ဆိုင်တဲ့အရည်အချင်းတွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေကို သိသာအောင်ရေးသားဖော်ပြထားပါ ကိုယ့်နဲ့ကိုက်ညီမယ့် Customer Service အလုပ်အကိုင်တွေကို လျှောက်ထားနိုင်ပါတယ်။ Profile မရှိသေးဘူးဆိုလျှင်လည်း အခုပဲ ဒီနေရာမှာ register ပြုလုပ်ပြီးလျှောက်ထားနိုင်ပါတယ်။
တကယ်တမ်းတော့ Customer Service အလုပ်အကိုင်တွေဟာ လုပ်ငန်းနယ်ပယ်အပေါ်ပြီး အလုပ်လိုအပ်ချက်အပြောင်းအလဲတွေရှိပေမဲ့လည်း အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကတော့ ဘယ်လုပ်ငန်းနယ်ပယ်မှာပဲ ဖြစ်ဖြစ်အသုံးဝင်တဲ့ Soft Skills တွေပဲဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်း telecom ကုမ္ပဏီတွေ၊ အာမခံကုမ္ပဏီတွေနဲ့ ဘဏ်လုပ်ငန်းတွေအပြင် အခြားကုမ္ပဏီကြီးတွေက ခေါ်ယူနေတဲ့ Customer Service/Support အလုပ်အကိုင်အမျိုးအစားတွေကို သိရှိပြီးလျှောက်ထားလိုပါက ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။