21st May, 2020

Quarantine နေထိုင်စဉ်အတွင်းမှာ အကျိုးရှိသောအရာများကိုလုပ်ဆောင်ခဲ့သည့် သမိုင်းထဲမှလူငါးဦး

ယခုနှစ်အစပိုင်းမှာဖြစ်ပျက်နေတဲ့ကျန်းမာရေးပြဿနာတွေကြောင့် လူတွေရဲ့နေထိုင်မှုပုံစံတွေဟာ ၂၀၂၀ မှာလျင်မြန်စွာပြောင်းလဲသွားပါတယ်။ ယခုလိုအိမ်မှာနေနေရတဲ့အချိန်ဟာ ကိုယ့်ဘဝရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ရပ်တန့်နိုင်တဲ့အကြောင်းပြချက်တစ်ခုမဖြစ်ပါစေနဲ့။ အခုဖော်ပြမယ့် သမိုင်းမှာထင်ရှားခဲ့တဲ့လူငါးယောက်ဟာ အခုလိုမျိုးကမ္ဘာ့ကပ်ရောဂါတစ်ခုကြောင့် အိမ်မှာပဲအချိန်တွေကိုကုန်ဆုံးခဲ့ရတဲ့အတောအတွင်းမှာ သူတို့ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ပတ်သက်ပြီး အရမ်းကိုထူးခြားပြောင်မြောက်တဲ့အရာတွေကိုပြုလုပ်ခဲ့ကြပါတယ်။

William Shakespeare

၁၇ ရာစုအစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ပလိပ်ရောဂါဟာ လန်ဒန်ကပြဇာတ်တွေကိုပိတ်ဖို့ဖြစ်လာတုန်းက ဝီလီယမ်ရှိတ်စပီးယားဟာ “The King’s Men” ပြဇာတ်အဖွဲ့ရဲ့ရှယ်ယာပိုင်ရှင်တစ်ယောက်ဖြစ်သလို ပြဇာတ်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒီရောဂါကြောင့်သေဆုံးသူအရေအတွက် ၃၀ ကျော်သွားပြီး ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါမှာတော့ ပြဇာတ်ရုံတွေပိတ်ရမယ်ဆိုပြီးတရားဝင်အမိန့်ထုတ်လိုက်ပါတယ်။ လန်ဒန်မြို့ကိုပလိပ်ရောဂါပြန်လည်ဝင်ရောက်လာတဲ့ ၁၆၀၆ ခုနှစ်မှာတော့ ပြဇာတ်ရုံလုပ်ငန်းတွေတုံ့ဆိုင်းကုန်ပါတယ်။ အဲဒီအချိန်မှာ ရှိတ်စပီးယားဟာ ပုံမှန်အလုပ်တစ်ခုမရှိတော့တဲ့အတွက်ကြောင့် အားလပ်ချိန်တော်တော်များများရရှိသွားပါတယ်။ အဲဒီမှာ စတင်ပြီးစာတွေရေးပါတော့တယ်။ သူ့ရဲ့နာမည်ကြီးပြဇာတ်တွေဖြစ်တဲ့ King Lear, Macbeth နဲ့ Antony and Cleopatra တို့ကို ရေးသားခဲ့ပါတယ်။

Edvard Munch

ထိတ်လန့်စရာပန်းချီကားတွေကိုရေးသူဆွဲသူ Edvard Munch ဟာနော်ဝေမှာနေထိုင်နေစဉ် ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့စပိန်တုပ်ကွေးဖြစ်ပွားခဲ့ပါတယ်။ သူဟာအဲဒီရောဂါကိုမျက်မြင်တွေ့ရရုံတင်မကဘဲ ၁၉၁၉ အစပိုင်းမှာရောဂါကူးစက်ခံရသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ Munch ဟာများစွာသောရောဂါကူးစက်ခံထားရတဲ့သူတွေလို အိပ်ယာထဲလဲမနေဘဲ သူ့ရဲ့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်သွားပါတယ်။ သူ့ကိုယ်သူသယ်နိုင်တဲ့အချိန်အတွင်းမှာ ပန်းချီပစ္စည်းတွေကိုစုဆောင်းပြီး သူ့ရဲ့လက်ရှိပုံတူပန်းချီကားကိုသူကိုယ်တိုင်ရေးဆွဲသွားခဲ့ပါတယ်။

Thomas Nashe

သူဟာ အဲလစ်ဇဘက်ဘုရင်မကြီးခေတ်ရဲ့ပြဇာတ်ရေးဆရာတစ်ယောက်ဖြစ်ပြီး ဝီလီယမ်ရှိတ်စပီးယားနဲ့ခေတ်ပြိုင်တွေလည်း ဖြစ်ပါတယ်။ ၁၅၉၂ ခုနှစ်တွင် လန်ဒန်မြို့မှာပလိပ်ရောဂါကြီးဖြစ်ပွားတဲ့အခါမှာ Nashe ဟာကျေးလက်ဒေသတစ်နေရာမှာ ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ Summers Last Will and Testament ဆိုတဲ့ကျော်ကြားတဲ့ပြဇာတ်တစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။ အဲဒီပြဇာတ်ဟာ ကပ်ရောဂါကြီးပျက်ပွားတဲ့အချိန်မှာ ရှင်သန်နေထိုင်ခဲ့ရတဲ့သူ့ဘဝအတွေ့အကြုံတွေကို မှီငြမ်းပြီးရေးသားထားတာဖြစ်ပါတယ်။

Isaac Newton

၁၆၆၅ ခုနှစ်မှာ ပလိပ်ရောဂါဟာအင်္ဂလန်နိုင်ငံအတွင်းကူးစက်ပြန့်ပွားလာတဲ့အခါမှာတော့ နယူတန်ဟာအသက် ၂၀ အစောပိုင်းအရွယ်လောက်ပဲ ရှိပါသေးတယ်။ ကမ်းဘရစ်တက္ကသိုလ်ရဲ့အတန်းတွေကိုလည်း ရပ်ဆိုင်းကန့်သတ်လိုက်ပါတယ်။ အဲဒါကြောင့် နယူတန်ဟာ မိုင် ၆၀ အဝေးမှာရှိတဲ့မိသားစုပိုင်အိမ်ခြံဝန်းတစ်ခုဆီကိုသွားရောက်နေထိုင်ပြီး အဲဒီမှာပဲသူ့ရဲ့လေ့လာမှုတွေကို ဆက်လက်ပြုလုပ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ပါမောက္ခဆီက Email တွေနဲ့ Video conferencing တွေကိုလည်း စိတ်ပူစရာမလိုခဲ့ပါဘူး။ ဘာမှမရှိတဲ့အခြေအနေမှာအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တဲ့ကျောင်းသားဖြစ်ပါတယ်။ လူငယ်သင်္ချာပညာရှင်တစ်ယောက်ဖြစ်တဲ့နယူတန်ဟာ ကပ်ရောဂါကြောင့်မိမိအိမ်မှာပဲနေရတဲ့အချိန်အတွင်းမှာ အစောပိုင်း Calculus သင်္ချာစာတမ်းနဲ့ သူ့အိပ်ခန်းထဲမှာသုံးမြှောင့်ဖန်တုံးကိုလေ့လာပြီး အလင်းနဲ့သက်ဆိုင်တဲ့သီအိုရီတွေကို တိုးတက်အောင်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့လူသိများတဲ့ကမ္ဘာ့ဆွဲငင်အားသီအိုရီကို သိရှိခဲ့တာပဲဖြစ်ပါတယ်။

Giovanni Boccaccio

ဖလောရင့်စ်နယ်သားစာရေးဆရာနဲ့ ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ Giovanni Boccaccio ဟာပလိပ်ရောဂါကူးစက်မှုကို ကိုယ်တွေ့ကြုံခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။ ၁၃၄၈ ခုနှစ်မှာဖလောရင့်စ်မြို့ကို အဲဒီကပ်ရောဂါကျရောက်လာတဲ့အချိန်မှာ သူ့ရဲ့အဖေရော မိထွေးရောဟာအဲဒီရောဂါကူးစက်ခံရပြီး သေဆုံးသွားကြပါတယ်။ Boccaccio တစ်ယောက်ပဲအသက်ရှင်ကျန်ရစ်ပြီး Tuscan နယ်ပယ်ဘက်မှာရောဂါကိုတိမ်းရှောင်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာ The Decameron ဆိုတဲ့ ရောဂါဖြစ်ပွားနေချိန်မှာ သူ့ရဲ့မိတ်ဆွေတချို့လည်းဘယ်လိုမျိုး Quarantine လုပ်ပြီး နေထိုင်ကြသလဲဆိုတဲ့အတွေ့အကြုံတွေပေါ်အခြေခံထားတဲ့ဝတ္တုတိုပေါင်းချုပ်ကိုရေးသားခဲ့ပါတယ်။ 

အထက်မှာဖော်ပြခဲ့တဲ့လူတွေဟာ အခက်အခဲတွေဖြစ်နေတဲ့ကာလအတွင်းမှာ ရရှိတဲ့အချိန်တွေအကောင်းဆုံးအသုံးချပြီး သူတို့ရဲ့အလုပ်အကိုင်လမ်းကြောင်းအတွက် အရေးပါအရာရောက်တဲ့အရာတွေကိုပြုလုပ်ကာ အောင်မြင်မှုတွေရရှိသွားတဲ့သူတွေပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို တိုးတက်အောင်ပြလုပ်ချင်တဲ့သူတွေအနေနဲ့လည်း အခုလိုအချိန်မိမိအိမ်မှာquarantine လုပ်နေတဲ့အတောအတွင်း ရရှိအချိန်တွေကိုသေချာအသုံးချသင့်ပါတယ်။ အခုလိုအချိန်မှာ ကိုယ့်ရဲ့ CV ကိုအကောင်းဆုံးပြင်ဆင်ထားပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်အကိုင်ဈေးကွက်ပြန်လည်ဦးမော့လာတဲ့အချိန်အတွက် အသင့်ပြင်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ CV ကိုအကောင်းဆုံးပြင်ဆင်ထားပေမဲ့လည်း အလုပ်ရှင်တွေနဲ့အလုပ်ခေါ်ယူနေသူတွေက ကိုယ့်ရဲ့အရည်အချင်းတွေကိုမမြင်ရင်လည်း ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကအလကားဖြစ်သွားနိုင်ပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံကထိပ်တန်းကုမ္ပဏီတွေရဲ့အလုပ်ခေါ်ယူနေသူတွေဆီမှာ မိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေကို Professional တစ်ယောက်အဖြစ် မြင်တွေစေချင်တယ်ဆိုရင် www.jobnet.com.mm မှာ register ပြုလုပ်ပြီး မိမိရဲ့ကိုယ်ပိုင် JobSeeker Profile ကို လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံအရည်အချင်း၊ ပညာအရည်အချင်း၊ ကိုယ်ရေးအချက်အလက်တွေနဲ့ သေချာပြင်ဆင်လိုက်ပါ။ လတ်တလောမှာခေါ်ယူနေတဲ့အလုပ်အကိုင်တွေထဲက ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို လေ့လာရှာဖွေချင်တယ်ဆိုရင် ဒီနေရာမှာရှာဖွေနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> စီးပွားရေးနယ်ပယ်မှာ စိန်ခေါ်မှုတွေများနေချိန် အလုပ်အကိုင်ရှာဖွေမှုအတွက် ဘာတွေပြင်ဆင်ထားမလဲ

ဆက်လက်ဖတ်ရှုရန် >>> Work From Home မှာအလုပ်တွင်ကျယ်စေဖို့နည်းလမ်းကောင်းများ