12th May, 2020

Work From Home မှာအလုပ်တွင်ကျယ်စေဖို့နည်းလမ်းကောင်းများ

အိမ်မှာနေရင်းအလုပ်လုပ်တဲ့အခါမှာ အာရုံစူးစူးစိုက်စိုက်နဲ့အလုပ်လုပ်ဖို့ဆိုတာ တကယ်မလွယ်တဲ့အရာပါ။ အနှောက်အယှက်တွေဟာ နေရာတိုင်းကနေရောက်လာတတ်ပါတယ်။ အတူနေတဲ့မိသားစုဝင်တွေ ဒါမှမဟုတ် အခန်းဖော်တွေရဲ့ အနှောက်အယှက်ဖြစ်မှု၊ ဒါမှမဟုတ် အကြောင်းပြချက်အမျိုးမျိုးနဲ့ ခဏလေးအနားပေးမယ်ဆိုပြီး တီဗွီဖွင့်ကြည့်လိုက်မိတာကနေ လုံးဝအဆက်မဖြတ်နိုင်တော့တာမျိုးတွေပေါ့။ အိမ်မှာနေရင်းအလုပ်လုပ်တဲ့အခါ တွင်တွင်ကျယ်ကျယ်နဲ့အလုပ်ပြီးဖို့ဆိုရင် အလုပ်လုပ်တဲ့နေရာမှာအနှောက်အယှက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားလျော့ချနိုင်ဖို့ကအရေးကြီးပါတယ်။ အိမ်ဆိုတာလုပ်ငန်းခွင်မဟုတ်ဘူးဆိုတာကို နားလည်ထားပေမဲ့လည်း အခြေအနေအမျိုးမျိုးကြောင့် ဒါဟာပိုင်းခြားဖို့မလွယ်တော့ပါဘူး။ အဲဒါကြောင့် တိကျသေချာတဲ့လုပ်ငန်းအစီအစဉ်တွေရှိဖို့ လိုအပ်လာပါပြီ။

အခုဆိုရင် Work From Home ကိုကျင့်သုံးလာတဲ့လုပ်ငန်းခွင်တွေဟာ အရင်ကနေမတူဘဲ ပိုပြီးများလာပါတယ်။ အဲဒီလိုမျိုးလုပ်ကိုင်တဲ့အခါမှာလည်း အလုပ်တွေကိုတတ်နိုင်သမျှထိထိရောက်ရောက်နဲ့ ပြီးစီးဖို့အတွက် လိုအပ်ချက်တွေကလည်းများလာပါတယ်။ အဲဒါကြောင့် အိမ်မှာနေရင်းအလုပ်လုပ်တဲ့အခါမှာ တတ်နိုင်သမျှဘယ်လိုမျိုးအလုပ်တွင်အောင်လုပ်ကြမလဲဆိုတဲ့ အချက် ၅ ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ သီးသန့်ကိုယ်ပိုင်နေရာတစ်ခုကို ရွေးချယ်ထားပါ

မိမိရဲ့အလုပ်မှာအာရုံစူးစူးစိုက်စိုက်နဲ့ အလုပ်လုပ်ချင်စိတ်ရှိခြင်းမရှိခြင်းဟာ  အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ရဲ့အနေအထားအပေါ်မှာ အများကြီးမူတည်ပါတယ်။ အလုပ်လုပ်ဖို့နေရာကို စဉ်းစားတဲ့အခါမှာ တိတ်ဆိတ်ငြိမ်သက်ပြီး ပတ်ဝန်းကျင်အနှောက်အယှက်သိပ်မရှိတဲ့ သီးသန့်နေရာတစ်ခုကို ပထမဆုံးရွေးချယ်ပါ။ အဲဒါမှ ကိုယ့်ရဲ့အလုပ်ကိုပိုပြီးအာရုံစူးစိုက်လို့ရမှာ ဖြစ်ပါတယ်။ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလင်းရောင်ဟာ စိတ်အာရုံတက်ကြွမှုအတွက် အကျိုးသက်ရောက်မှုအများကြီးရှိသလို လေကောင်းလေသန့်က လန်းဆန်းမှုကိုဖြစ်စေပါတယ်။ ဖြစ်နိုင်ရင်တော့ အိပ်ယာထဲ၊ ဆိုဖာပေါ်နဲ့ တီဗွီအနားမှာအလုပ်လုပ်တာတွေကို ရှောင်သင့်ပါတယ်။ အဲဒီနေရာတွေက တစိုက်မတ်မတ်အလုပ်လုပ်ချင်စိတ်ဖြစ်စေဖို့ကို အနှောက်အယှက်ပေးပါလိမ့်မယ်။

၂။ လိုအပ်တဲ့အရာတွေမှန်သမျှကို အသင့်လုပ်ထားပါ

အထက်လူကြီး ဒါမှမဟုတ် အဖွဲ့နဲ့အွန်လိုင်းကနေ Video Meeting လုပ်နေတုန်းမှတ်စရာပေါ်လာလို့ မှတ်ဖို့စာအုပ်နဲ့ဘောပင်ကအနားမှာ အသင့်ရှိမနေတာ၊ ဒါမှမဟုတ် အရေးကြီးအလုပ်ကိစ္စတွေကို မှတ်ထားတဲ့မှတ်စုစာအုပ်က အနီးနားမှာမရှိလို့လိုက်ရှာရတာအစရှိတာတွေဟာ အလုပ်ပြီးစီးဖို့အတွက်နှောင့်နှေးစေပါတယ်။ အဲဒါကြောင့် အလုပ်အတွက်လိုအပ်တဲ့အရာအားလုံးကို အဆင်သင့်အလွယ်တကူရှာတွေ့နိုင်အောင်လို့ ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းတွေကိုသပ်သပ်ရပ်ရပ်စနစ်တကျထားပါ။ အိမ်ကနေအလုပ်လုပ်တဲ့အခါမှာ နည်းပညာကိုအဓိကအခြေခံပြီးအလုပ်လုပ်ရတဲ့အတွက်ကြောင့် ကိုယ်အသုံးပြုနေတဲ့နည်းပညာပစ္စည်းတွေကိုလည်း သေသေချာချာစစ်ဆေးထားသင့်ပါတယ်။ Video Conference လုပ်နေတုန်းအင်တာနက်လိုင်းကျသွားတဲ့အခါ၊ လိုအပ်တဲ့ဆော့ဖ်ဝဲလ်တွေကို မထည့်ထားမိတဲ့အခါ၊ မီးပြတ်သွားတဲ့အချိန်မှာ ကွန်ပျူတာကဘက်ထရီကုန်ခါနီးဖြစ်နေတာ၊ အလုပ်မှာလိုအပ်တဲ့ဒေတာတွေကို Backup အနေနဲ့တခြားနေရာမှာမသိမ်းထားမိတာ အစရှိတဲ့အခြေအနေတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါ။ Benjamin Franklin ရဲ့ “ကြိုတင်ပြင်ဆင်ခြင်းမရှိတာက ဆုံးရှုံးဖို့အတွက်ပြင်ဆင်လိုက်ခြင်းဖြစ်တယ်” ဆိုတဲ့စကားလေးကို အမှတ်ရနေပါစေ။

ဆက်လက်ဖတ်ရှုရန် >>> အွန်လိုင်းကနေဗီဒီယိုနဲ့ အလုပ်အင်တာဗျူးဖြေရတော့မယ်ဆိုရင်

၃။ အချိန်ဇယားတစ်ခုဆွဲပြီး အဲဒီအတိုင်းပြီးစီးအောင်ဆောင်ရွက်ပါ

တစ်ခါတလေ အိမ်ကနေအလုပ်လုပ်ရတာက ပုံမှန်ရုံးတက်တာထက်တောင် အချိန်တွေပိုပေးနေရတာကို သတိထားမိကြမှာပါ။ အဲဒါဟာ တစ်ခါတလေမှာအထက်လူကြီးရဲ့လိုအပ်တာထက်ပိုပြီးတောင်းဆိုမှုတွေ ဒါမှမဟုတ် မိမိရဲ့အချိန်ကိုစီမံခန့်ခွဲတဲ့နေရာမှာ အားနည်းမှုတွေကြောင့်ဖြစ်တတ်ပါတယ်။ အဲဒီတော့ သတ်မှတ်ထားတဲ့ရုံးချိန်အတွင်းမှာ တစ်နေ့တာကိုယ်လုပ်ရမယ့်အလုပ်တွေကို ဦးစားပေးအစီအစဉ်အလိုက် ချရေးလိုက်ပါ။ ပြီးရင် အလုပ်တစ်ခုချင်းစီကို ဘယ်လောက်အချိန်သုံးပြီး ပြုလုပ်မလဲဆိုတာကိုပါ သတ်မှတ်ထားပါ။ တကယ်လို့ ကိုယ်ကအဖွဲ့ခေါင်းဆောင် ဒါမှမဟုတ် မန်နေဂျာတစ်ယောက် ဖြစ်တယ်ဆိုရင် အလုပ်တွေအချိန်မီပြီးစီးစေဖို့ မိမိကိုယ်ကိုသာမကအဖွဲ့သားတွေကိုလည်း အချိန်စီမံခန့်ခွဲမှုကိုသေချာပြုလုပ်ဖို့ သတိပေးပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်ပိုင်အချိန်နဲ့ အလုပ်အချိန်ကညီမျှနေမှ စိတ်ဖိစီးမှုမရှိဘဲရေရှည်အလုပ်လုပ်ကိုင်နေမှာ ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ သတ်မှတ်ထားတဲ့အချိန်အတိုင်းပြီးစီးနိုင်တဲ့အလုပ်ပမာဏနဲ့ လက်တွေ့ကျတဲ့ပန်းတိုင်တွေဖြစ်ဖို့ လုပ်ရမယ့်အရာတွေကိုအဖွဲ့သားအားလုံးနဲ့ တိုင်ပင်ဆွေးနွေးပြီးသဘောတူညီမှုတွေရယူထားဖို့ကလည်း အရေးကြီးပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> အိမ်မှာနေရင်း စိတ်ရောကိုယ်ပါကျန်းမာစေရန်

၎။ ဖုန်းနဲ့ဆိုရှယ်မီဒီယာအသုံးပြုခြင်းကို ကန့်သတ်ထားပါ

အထက်မှာပြောခဲ့သလိုပဲ WFH မှာဝန်ထမ်းအများစုကြုံတွေ့နေရတာဟာ အချိန်ကိုစနစ်တကျစီမံခန့်ခွဲမှုပါပဲ။ အဲဒီမှာ အဓိကသတိထားရမယ့်အချက် ဖုန်းနဲ့ဆိုရှယ်မီဒီယာအသုံးပြုခြင်းပါပဲ။ အလုပ်လုပ်နေတုန်းမှာ ခဏလောက်နားမယ်ဆိုပြီး Facebook/Instragram ကိုသုံးမိတဲ့အခါမျိုးတွေ ဒါမှမဟုတ် ဖုန်း Chat Box ကနေ ခဏခဏတက်လာတဲ့ notification အသံတွေကြောင့် ဖုန်းသုံးမိတာမျိုးတွေကြောင့် အလုပ်မတွင်ကျယ်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အလုပ်လုပ်နေတုန်းမှာ အလုပ်ပြီးစီးဖို့အတွက်မလိုအပ်ဘူးဆိုရင် ဆိုရှယ်မီဒီယာကိုမသုံးပါနဲ့။ ဖုန်းကိုလည်းအသံပိတ်ထားပါ။ လုံးဝမသုံးပါနဲ့။ Vibrate လုပ်ထားမယ်ဆိုရင်တောင်သိနိုင်တာမလို့ အသံကိုလုံးဝပိတ်ထားလိုက်ပါ။ အရေးကြီးတဲ့ဖုန်းလာစရာရှိရင် အဲဒီအချိန်မှာပဲအသံကိုဖွင့်ထားပါ။ ကွန်ပျူတာမှာလည်းအလုပ်အတွက်လိုအပ်တဲ့ Application နဲ့ Website တွေကိုပဲဖွင့်ထားပါ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလုပ်ချိန်မှာအလုပ်ကိုအာရုံစိုက်ထားတာ အကောင်းဆုံးပါပဲ။

၅။ မိမိရဲ့အလုပ်ချိန်ကိုအလေးထားပေးဖို့ အိမ်မှာအတူနေသူတွေကိုပြောထားပါ

အိမ်မှာနေပြီးအလုပ်လုပ်ရမယ်လို့ပြောလိုက်ရင် အတူနေတဲ့မိသားစုနဲ့ အခန်းဖော်တွေက ကိုယ်မှာအားလပ်ချိန်တွေအများကြီးရတော့မယ်လို့ ထင်တတ်ကြပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး Wင်္FH ရဲ့ကောင်းကျိုးတစ်ခုက အလုပ်ချိန်နဲ့ကိုယ်ပိုင်အချိန်အကြားမှာ Flexible ပိုဖြစ်စေပါတယ်။ ဒါပေမဲ့ အဲဒါကိုဟန်ချက်ကောင်းဖြစ်အောင်ထိန်းထားဖို့လည်း လိုအပ်ပါတယ်။ အိမ်ထောင်ရှင်ဝန်ထမ်းတွေအနေနဲ့ ကလေးကိစ္စနဲ့အိမ်မှုကိစ္စတွေမှာ မိမိရဲ့အိမ်ထောင်ဖက်ကိုကူညီပေးရတဲ့အခါ အလုပ်အချိန်တွေကဘယ်အချိန်တွေ၊ အရေးကြီးအစည်းအဝေးက ဘယ်အချိန်တွေရှိတတ်တယ် အစရှိတာမျိုးတွေကိုပြောပြထားပြီး သဘောတူညီမှုတွေလုပ်ထားပါ။ အတူနေမိသားစုဝင်တွေနဲ့ အခန်းဖော်တွေကိုလည်း မိမိအလုပ်အချိန်အတွင်းမှာ အနှောက်အယှက်မပေးမိစေဖို့ တောင်းဆိုထားပါ။

တကယ်တော့ အိမ်မှာနေပြီးအလုပ်လုပ်ခြင်းဟာ မိမိကိုယ့်ကိုစီမံခန့်ခွဲတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေဖြစ်လာဖို့ အထောက်အပံ့တွေအများကြီးပေးပါတယ်။ အားလုံးပဲ Work From Home ကာလမှာ စိတ်ရောကိုယ်ပါကျန်းမာပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေနဲ့ တွေ့ဆုံနိုင်ကြပါစေ။