နယ်ပယ်တစ်ခုတည်းမှာပဲနက်နက်ရှိုင်းရှိုင်းကျွမ်းကျင်မှုရှိတဲ့သူဟာ အလုပ်အကိုင်လမ်းကြောင်းမှာ လျင်လျင်မြန်မြန်တိုးတက်နိုင်တယ်၊ ယုံကြည်အားကိုးမှုပိုရရှိတဲ့အပြင် လစာလည်းမြန်မြန်တိုးတယ်လို့ အများစုကပြောကြပါတယ်။ အခြားတစ်ဖက်ကကြည့်မယ်ဆိုရင်လည်း နယ်ပယ်တော်တော်များများမှာ ယေဘုယျကျွမ်းကျင်မှုရှိတဲ့သူကို များသောအားဖြင့် ရေရေရာရာအာရုံစူးစိုက်မှုမရှိဘဲ ဟိုစပ်စပ်ဒီစပ်စပ်ဝင်ပါတတ်တဲ့သူအဖြစ် ပစ်ပယ်ထားကြပါတယ်။
ဒါပေမဲ့ အနာဂတ်မှာအဲဒါနဲ့ပတ်သက်တဲ့အမြင်တွေဟာ ပြောင်းလဲသွားနိုင်ပါတယ်။ အမြင်ကျယ်ကျယ်နဲ့ နယ်ပယ်တော်တော်များများမှာနှံစပ်ကျွမ်းဝင်တဲ့အရည်အချင်းဟာ အရာတစ်ခုတည်းမှာပဲကျွမ်းကျင်တဲ့အရည်အချင်းလိုမျိုး အရေးကြီးတဲ့အရာတစ်ခုဖြစ်လာနိုင်ပါတယ်။
လျင်မြန်စွာပြောင်းလဲတိုးတက်လာတဲ့နည်းပညာတွေနဲ့အတူ စီးပွားရေးဈေးကွက်ထဲမှာဖြစ်ပေါ်နေတဲ့မရေရာမသေချာမှုတွေဟာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး အရင်တုန်းကလက်ခံထားတဲ့အယူအဆတွေနဲ့ဆန့်ကျင်တဲ့ အရေးကြီးဆုံးအတွေးအခေါ်တွေကို ပြောင်းလဲပေးနေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကမ္ဘာကြီးကပြောင်းလဲနေပေမဲ့ အရည်အသွေးပိုင်းဆိုင်ရာတိုးတက်မှုတွေအတွက် လူတွေရဲ့အတွေးအခေါ်တွေကအခုချိန်အထိမပြောင်းလဲသေးပါဘူး။
ဟားဗတ်တက္ကသိုလ်ကနည်းပြကထိကတစ်ဦးလည်းဖြစ်သလို စီးပွားရေးပညာရှင်တစ်ဦးလည်းဖြစ်တဲ့ Vikram Mansharamani က ဆန်းသစ်တီထွင်တိုးတက်မှုတွေကိုပြုလုပ်နေကြတဲ့ကုမ္ပဏီများစွာဟာ လုပ်ငန်းတာဝန်မျိုးစုံမှာအတွေ့အကြုံရှိပြီး လုပ်ဆောင်နိုင်တဲ့သူတွေကို ရှာဖွေငှားရမ်းခေါ်ယူမှုတွေကိုပြုလုပ်နေတယ်လို့ဆိုထားပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အဖွဲ့တစ်ခုကနေနောက်တစ်ခု ဒါမှမဟုတ် အလုပ်နေရာတစ်ခုကနေနောက်တစ်ခုကိုပြောင်းပြီး အလုပ်လုပ်နိုင်တဲ့ကုမ္ပဏီကြီးတွေမှာဆိုရင် လုပ်ငန်းနယ်ပယ်တော်တော်များများမှာအတွေ့အကြုံနဲ့အရည်အချင်းရှိတဲ့လူတွေကို မရှိမဖြစ်လိုအပ်ပါတယ်။
နိုင်ငံတကာနာမည်ကြီးဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုအတွက် ဝန်ထမ်းခေါ်ယူမှုပိုင်းဆိုင်ရာမှာ ထိပ်တန်းတာဝန်ရှိသူတစ်ဦးရဲ့ပြောပြချက်အရ သူတို့ရဲ့ကုမ္ပဏီဟာ ခန့်အပ်ထားတဲ့လုပ်ငန်းရာထူးနဲ့သက်ဆိုင်တဲ့ဗဟုသုတအပြင် အခြားနယ်ပယ်တွေမှာ ယေဘုယျအသိအမြင်စွမ်းရည်ရှိတဲ့ပြဿနာဖြေရှင်းနိုင်သူတွေကို တန်ဖိုးထားရှာဖွေလေ့ရှိပါတယ်။ အကယ်၍သူတို့ကုမ္ပဏီဟာ သီးသန့်အလုပ်တစ်ခုတည်းကိုပဲလုပ်ကိုင်နိုင်တဲ့သူတစ်ယောက်ကို ငှားရမ်းခဲ့မယ်ဆိုရင် ကုမ္ပဏီအနေနဲ့နိုင်ငံတကာဈေးကွက်မှာယှဉ်ပြိုင်နိုင်စေဖို့ ပြောင်းလဲမှုတွေပြုလုပ်ရတဲ့အခါမှာ အလုပ်တစ်ခုတည်းကိုပဲလုပ်ကိုင်နိုင်တဲ့ဝန်ထမ်းတွေဟာ လုပ်ငန်းပြောင်းလဲမှု ဒါမှမဟုတ် တာဝန်ပြောင်းလဲမှုတွေကိုလက်ခံနိုင်အောင် အရမ်းတွန်းအားပေးရပါတယ်။ အဲဒါကြောင့် အလုပ်ခေါ်မှုစတင်ကတည်းက လုပ်ငန်းနယ်ပယ်အစုံမှာအသိအမြင်နဲ့အတွေ့အကြုံများတဲ့သူကို ဦးစားပေးခေါ်ယူဖို့အစီအစဉ်တွေပြန်လည်ရေးဆွဲခဲ့ပါတယ်။
အခုဆိုရင်လည်း မြန်မာနိုင်ငံရဲ့အလုပ်အကိုင်ဈေးကွက်ထဲက နိုင်ငံတကာကုမ္ပဏီတွေရော ပြည်တွင်းကုမ္ပဏီတွေရဲ့အလုပ်ခေါ်စာတွေကို လေ့လာကြည့်မယ်ဆိုရင် အလုပ်အကိုင်ပေါင်းစပ်မှုတွေဖြစ်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ မြန်မာနိုင်ငံတစ်ခုတည်းမှာပဲဖြစ်ပေါ်နေတဲ့အရာမဟုတ်ပါဘူး။ တိုးတက်လာတဲ့နည်းပညာနဲ့အတူ ယှဉ်ပြိုင်မှုမြင့်မားလာပြီးပြောင်းလဲလာတဲ့ဈေးကွက်ကိုအမီလိုက်နိုင်ဖို့အတွက် နိုင်ငံတကာမှာလည်းအလုပ်အကိုင်ပေါင်းစပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ဥပမာပြောရမယ်ဆိုရင် ယခင်ကလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု HR လုပ်ငန်းနယ်ပယ်မှာလုပ်ကိုင်ချင်တဲ့လူတစ်ယောက်ဟာ HR အသိအမြင်တစ်ခုတည်းကိုပဲလိုအပ်ခဲ့ပေမဲ့ အခုဆိုရင် ကုမ္ပဏီတွေဟာသူ့ထက်ငါအပြိုင်အဆိုင် ကျွမ်းကျင်ဝန်ထမ်းတွေကိုရှာဖွေစုဆောင်းလာတဲ့အတွက်ကြောင့် HR လုပ်ငန်းနယ်ပယ်မှာလုပ်ကိုင်မယ့်သူတစ်ယောက်ဟာ HR အသိအမြင်တွေအပြင် မိမိရဲ့ကုမ္ပဏီကို ဈေးကွက်ထဲမှာအလားအလာရှိတဲ့အလုပ်လျှောက်ထားသူတွေက ပုံရိပ်ကောင်းတွေနဲ့မြင်တွေ့နိုင်အောင်လို့ Recruitment Marketing နဲ့ Employer Branding အစရှိတဲ့အသိအမြင်တွေလိုအပ်လာပါတယ်။ အဲဒီအပြင် နည်းပညာရဲ့တိုးတက်မှုကြောင့် တကယ့်အရည်အချင်းရှိတဲ့အလုပ်ရှာဖွေလျှောက်ထားသူတွေဟာ သမာရိုးကျနည်းလမ်းတွေနဲ့ အလုပ်ရှာဖွေလျှောက်ထားမှုတွေမပြုလုပ်တော့ပဲ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တွေနဲ့ Professional Branding ပြုလုပ်လို့ရတဲ့ Platform တွေမှာ သူတို့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအချက်အလက်တွေနဲ့ ပုံရိပ်တွေကိုမြှင့်တင်ပြီး အလုပ်ရှင်တွေမြင်လာအောင်ပြုလုပ်လာကြပါတယ်။ အဲဒါကြောင့် HR ဝန်ထမ်းတစ်ယာက်ဟာ မိမိရဲ့ကုမ္ပဏီအတွက် ဝန်ထမ်းရှာဖွေတဲ့နေရာမှာ နည်းပညာကိုကျွမ်းကျင်စွာအသုံးပြုပြီး လိုအပ်တဲ့အရည်အချင်းရှိသူတွေကို ရှာဖွေနိုင်တဲ့စွမ်းရည်ရှိရပါမယ်။
မြန်မာနိုင်ငံမှာရှိတဲ့အလုပ်ရှာဖွေသူအများစုဟာ နယ်ပယ်တစ်ခုတည်းကိုပဲတစိုက်မတ်မတ်သွားတာက ပိုမိုကောင်းမွန်တိုးတက်တဲ့အလုပ်အကိုင်လမ်းကြောင်းကို ရရှိတယ်ဆိုပြီးယုံကြည်လက်ခံထားကြပါတယ်။ အဲဒီအယူအဆဟာ အချိန်အတိုင်းအတာတစ်ခုအထိတော့အလုပ်ဖြစ်နိုင်ပေမဲ့ အနာဂတ်မှာပြောင်းလဲတိုးတက်လာမယ့်နည်းပညာတွေကြောင့် အမြဲတမ်းအလုပ်ဖြစ်နိုင်မယ်လို့တော့ယူဆလို့မရတော့ပါဘူး။ အဲဒီလိုမျိုး နယ်ပယ်တစ်ခုတည်းကိုပဲကျွမ်းကျင်သင့်တယ်လို့ ယူဆလိုက်တဲ့အတွက်ကြောင့် မိမိမှာရှိပြီးသားဖြစ်တဲ့အခြားသောလုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေကို မြင်အောင်ကြည့်ပြီးဖော်ထုတ်ဖို့မေ့လျော့သွားတတ်ပါတယ်။
ဥပမာ - အရောင်းပိုင်းဆိုင်ရာဝန်ထမ်းတစ်ယောက်ဟာ မိမိကိုယ်ကိုယ်ကိုအရောင်းပိုင်းဆိုင်ရာအလုပ်တစ်ခုတည်းကိုပဲ လုပ်တတ်တယ်လို့ထင်တတ်ကြပါတယ်။ တကယ်တမ်းက အရောင်းသမားတစ်ယောက်ဟာ သူ့ရဲ့လုပ်ငန်းတာဝန်ကြောင့်မသိမသာနဲ့ ဈေးကွက်ရှာဖွေတိုးမြှင့်ရေး Marketing အလုပ်ကိုလုပ်နိုင်သလို ဝယ်ယူသူနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့အတွက်ကြောင့် Customer Service အတွေ့အကြုံတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ အများစုကတော့ ဒါတွေကိုမြင်အောင်မကြည့်ဘဲ သူတို့ရဲ့ CV တွေထဲမှာလည်း ထည့်ဖို့မေ့လျော့နေတတ်ကြပါတယ်။ အဆိုးဆုံကတော့ အလုပ်ရှာဖွေတဲ့နေရာမှာ အရောင်း Sales ဆိုတဲ့စကားလုံးတစ်ခုတည်းကိုပဲ ကြည့်ပြီးအလုပ်ရှာတာပဲဖြစ်ပါတယ်။ ကိုယ်ကအရောင်းဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ပေမဲ့ အဲဒီအလုပ်နဲ့ဆက်စပ်နေတဲ့တခြားအလုပ်တွေက အလုပ်ဖော်ပြချက်တွေကိုသေချာဖတ်ရှုပြီး ကိုယ်နဲ့ကိုက်ညီတယ်ဆိုရင် လျှောက်ထားနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ CV မှာလည်း အဲဒီလုပ်ငန်းတာဝန်တွေကိုလုပ်ဆောင်ဖူးတယ်ဆိုတာကို ဖော်ပြရပါမယ်။
တကယ်တမ်းတော့ မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းမှာအောင်မြင်ဖို့ဆိုတာ နာရီချိန်သီးလှုပ်ရှားတဲ့ပုံစံလိုမျိုးသွားတာနဲ့တူပါတယ်။ နာရီချိန်သီးရဲ့အရှည်အနက်ဟာ လွှဲချက်တိုင်းမှာဘေးဘက်ကို များများရောက်ရှိစေပါတယ်။ ဆိုလိုတာကတော့ မိမိအလုပ်အကိုင်လမ်းကြောင်းရဲ့ပထမအစမှာ နေရာတစ်ခုမှာကောင်းစွာခြေကုပ်ယူပြီး နောက်ပိုင်းမှာသူနဲ့ဆက်စပ်နေတဲ့လုပ်ငန်းနယ်ပယ်တွေကိုပါ သိမြင်နှံစပ်အောင်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါဆို မြန်မာနိုင်ငံရဲ့ဈေးကွက်မှာ အလုပ်အကိုင်တွေကိုဘယ်လိုမျိုးခေါ်ယူနေသလဲဆိုတာကို လေ့လာချင်တယ်ဆိုရင် JobNet.com.mm မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
ဆက်လက်ဖတ်ရှုရန် >>> လုပ်ငန်းခွင်ကောင်းတစ်ခုက မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ