4th February, 2019

လုပ်ငန်းခွင်စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဒေါသတွေကိုထိန်းချုပ်နည်း

လူတွေရဲ့သဘောသဘာဝအရ တစ်ခါတလေမှာ ဒေါသတွေပေါက်ကွဲတတ်ပါတယ်။ အများစုဟာ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကြောင့် အတိုင်းအတာတစ်ခုရောက်သွားတဲ့အခါမှာ သည်းခံစိတ်တွေကုန်လာပြီး ဒေါသတွေပေါက်ကွဲတတ်ပါတယ်။

ဒေါသတခြောင်းခြောင်းထွက်ပြီး ဘာကိုမှသေချာမစဉ်းစားနိုင်တော့တဲ့အချိန်မှာ ဖြစ်လာတဲ့အပူမီးတွေကို ငြိမ်းသက်နိုင်ဖို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ လွယ်ကူပါတယ်။ လုပ်ငန်းခွင်မှာ ပညာရှင်ဆန်ဆန် မပြုမူနိုင်လောက်အောင်ဖြစ်စေတဲ့ ဒေါသတွေကိုထိန်းချုပ်နိုင်ပြီး အေးဆေးတည်ငြိမ်စွာနဲ့ ဘယ်လိုပြန်လည်ပြုမူရမလဲဆိုတာကို လွယ်ကူရိုးရှင်းတဲ့အဆင့်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

 

၁။ လမ်းလျှောက်ထွက်လိုက်ပါ

သည်းခံနိုင်စိတ်အတိုင်းအတာကိုကျော်လွန်ပြီး အရမ်းဒေါသထွက်လာအောင် ပြုမူတာမျိုးနဲ့ကြုံရတဲ့အခါမှာ စကားရင့်ရင့်သီးသီးတွေပြောပစ်လိုက်ချင်တာမျိုး ဒါမှမဟုတ် ကိုယ်ထိလက်ရောက်ပြုမူချင်လိုက်တာမျိုးကို ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မျိုးမှာ ကိုယ့်ရဲ့စိတ်ကို သတိနဲ့ကပ်နေပါစေ။ ကိုယ့်ရဲ့အပြုအမူက ကိုယ့်ရဲ့ဂုဏ်သိက္ခာကို သွားပြီးထင်ဟပ်စေပါတယ်။ ဒါကြောင့် အဲဒီလိုစိတ်ထဲမှာဖြစ်လာပြီဆိုရင် ချက်ချင်းနေရာကနေထပြီး လမ်းလျှောက်ထွက်လိုက်ပါ။ ကိုယ့်ရဲ့စိတ်တွေမငြိမ်မချင်း လမ်းလျှောက်ထွက်လိုက်ပါ။  

 

၂။ ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ရင်ဖွင့်ကြည့်ပါ

ယုံကြည်ရတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ကိုယ့်ရဲ့ပြဿနာကို ရင်ဖွင့်ပြောပြကြည့်ပါ။ အဲဒီလူက ကိုယ့်ကြုံနေရတဲ့အခြေအနေနဲ့ ပုဂ္ဂိုလ်ရေးအရတိုက်ရိုက် မပတ်သက်တဲ့အပြင်လူဖြစ်တာကြောင့် သူရဲ့မတူညီတဲ့အမြင်က ကိုယ့်အတွက်အကူအညီဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ရင်ဖွင့်စရာလူရှိတဲ့အတွက်ကြောင့် မြိုသိပ်ထားစရာမလိုတော့ပဲ ဒေါသတွေဖြေလျော့သွားတတ်ပါတယ်။ သေချာမှတ်ထားရမှာ ကိုယ်တကယ်ယုံကြည်ရတဲ့သူနဲ့ပဲတိုင်ပင်ပါ။ မဟုတ်ရင် ကိုယ့်ရဲ့စကားကိုတဖက်လူဆီသွားပို့တဲ့အခါမှာ ကိုယ်ပဲပိုပြီးဒေါသဖြစ်ရပါလိမ့်မယ်။

 

၃။ ခပ်ပြင်းပြင်းအသက်ရှူလိုက်ပါ

ဒါကတော့ အရမ်းကိုရိုးရှင်းပါတယ်။ ရိုးရှင်းပေမဲ့လည်း ဒေါသကြောင့်တဒုန်းဒုန်းခုန်နေတဲ့ နှလုံးခုန်နှုန်းတွေကို လျော့ကျစေနိုင်ပြီး ကိုယ့်ရဲ့အတွေးတွေကို ပြန်လည်စုစည်းပေးနိုင်ဖို့ အရမ်းကိုထိရောက်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။

 

၎။  ၁ ကနေ ၁၀ အထိ ရေလိုက်ပါ

အသက်ခပ်ပြင်းပြင်းရှူတဲ့နည်းလမ်းလိုမျိုးပဲ ၁ ကနေ ၁၀ အထိရေတွက်တာကလည်း ကိုယ့်ရဲ့စိတ်ကိုငြိမ်သက်ပြီး အာရုံတွေပြန်လည်စုစည်းစေနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုဖြစ်စေတဲ့အခြေအနေကနေ ထွက်လာနိုင်ပြီး စိတ်လိုက်မာန်ပါပြုမူလောက်အောင်ဖြစ်စေမယ့် ဒေါသစိတ်တွေကိုလည်း ပြေလျော့စေပါတယ်။

 

၅။ ရည်ရွယ်ချက်ပန်းတိုင်မှာပဲ အာရုံစိုက်ပါ

ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်းကို သွားနေတဲ့လမ်းမှာ ဘာမဟုတ်တဲ့အသေးအမွှားပြဿနာတွေက ကိုယ့်ကိုမနှောက်ယှက်ပါစေနဲ့။ ဘယ်သူ့ရဲ့အမှားပဲဖြစ်ဖြစ် ကိုယ့်ရဲ့အစီအစဉ်တွေကို မပျက်ပြားစေပါနဲ့။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အာရုံစိုက်ပါ။ ပြီးရင် အဲဒီကိုဘယ်လိုရောက်အောင် သွားရမလဲဆိုတာကို အဖြေရှာပါ။ ကျန်တာတွေက အရေးမပါတဲ့အရာလို့ မှတ်ယူထားပါ။

 

၆။ ပညာရှင်ဆန်ဆန် ပညာရှိပီပီသသပြုမူပါ

ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ အရမ်းကိုဂွတိဂွကျ ပြောရဆိုရခက်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ဆက်ဆံနေရပြီဆိုရင်တော့ သူနဲ့ဖက်ပြီး အရွဲ့တိုက်ပြုမူပြောဆိုနေတာက ပြဿနာကိုဖြေရှင်းတာမဟုတ်ပါဘူး။ သူ့ကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ပညာရှိနည်းနဲ့ပြုမူဆက်ဆံပြီး လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားပါ။

နားကနေမီးခိုးအူတွေထွက်လာအောင်ကို အဖက်ဖက်ကနေစိတ်ဖိစီးမှုတွေပေးပြီး သည်းခံစိတ်ကို ပေါက်ကွဲထွက်လာအောင်လုပ်တဲ့အချိန်မှာ ဘယ်သူမဆို ကိုယ့်ရဲ့ဒေါသစိတ်ကို ထိန်းချုပ်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့လည်း အဲဒီလိုအချိန်မှာကို စိတ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်ထားပြီး လုပ်ရမယ့်အလုပ်ကိုအာရုံစိုက်ပြီးလုပ်နိုင်ခြင်းဟာ ခေါင်းဆောင်မှုကောင်းဖြစ်တယ်ဆိုတာကိုဖော်ပြနေတဲ့ အချက်တစ်ခုပါပဲ။ တကယ်လို့များ နောင်တစ်ချိန် ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ စီမံခန့်ခွဲမှုအဆင့်အထိတက်ရောက်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ဒေါသကိုထိန်းချုပ်နိုင်တဲ့အကျင့်ကို မွေးမြူပျိုးထောင်သင့်ပါတယ်။