9th June, 2021

လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုတွေကို CV မှာဘယ်လိုဖော်ပြမလဲ

အလုပ်လျှောက်လွှာရေးသားမှုနဲ့ပတ်သက်ပြီး JobNet ရဲ့အတွေ့အကြုံနဲ့လေ့လာတွေ့ရှိမှုတွေအရ အလုပ်လျှောက်ထားသူတွေဟာ ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုတွေကို ဖော်ပြနိုင်ဖို့အားနည်းနေခြင်းပဲဖြစ်ပါတယ်။ Resume သို့မဟုတ် CV ရေးသားတဲ့အခါမှာ လူအများစုဖော်ပြလေ့ရှိတာက တာဝန်ယူလုပ်ကိုင်ရတဲ့လုပ်ငန်းဆောင်တာတွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းအလုပ်တစ်ခုကိုလျှောက်ထားတဲ့အခါမှာ ကိုယ့်ရဲ့အောင်မြင်မှုတွေကိုသိသိသာသာပြသပေးခြင်းဟာ ကိုယ်ဟာအဲဒီအလုပ်အတွက် တကယ်ကိုက်ညီတဲ့သူဖြစ်တယ်ဆိုတာကို အလုပ်ရှင်တွေသိမြင်လာစေဖို့ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုတွေကို ကိုယ်တိုင်သိရှိစေပြီး အလုပ်လျှောက်လွှာမှာ ဘယ်လိုမျိုးဖော်ပြနိုင်မလဲဆိုတဲ့အချက် ၅ ချက်ကိုဖော်ပြပေးလိုက်ပါတယ်။ 

 

၁။ လုပ်ငန်းတာဝန်နဲ့ အောင်မြင်မှုရဲ့ကွဲပြားချက်ကိုသိအောင်လုပ်ပါ
လူအများစုဟာ သူတို့ရဲ့အရင်အလုပ်မှာ ဘယ်လိုအောင်မြင်မှုတွေရရှိအောင်ပြုလုပ်နိုင်ခဲ့တယ်ဆိုတာကို ဖော်ပြခြင်းထက် လုပ်ဆောင်ရတဲ့အလုပ်တာဝန်တွေကိုပဲဖောြ်ပလေ့ရှိပါတယ်။ ပြောရမယ်ဆိုရင် Responsibility/Duties နဲ့ achievement ကို ကွဲပြားအောင်လုပ်ရပါ့မယ်။ တာဝန်ယူလုပ်ဆောင်ရတဲ့အလုပ်တွေဟာ ကိုယ့်ရဲ့အလုပ်ကို ဘယ်လောက်ထိရောက်မှုရှိလဲဆိုတဲ့ဇာတ်လမ်းအပြည့်အစုံကို မပြောပြနိုင်ပါဘူး။ အလုပ်ရှင်တွေနဲ့ အလုပ်ခေါ်ယူနေတဲ့မန်နေဂျာတွေ စိတ်ဝင်စားတဲ့အရာက ကိုယ့်ရဲ့သက်ဆိုင်ရာကဏ္ဍမှာ အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့အရာတွေပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အရာတွေက ဘယ်လိုမျိုးအရည်အချင်းတွေနဲ့အတွေ့အကြုံတွေကို ရရှိစေနိုင်ခဲ့သလဲ ဒါမှမဟုတ် ကုမ္ပဏီမှာ တခြားဘယ်သူမှမလုပ်နိုင်ခဲ့တဲ့အရာတစ်ခုကို ကိုယ်ကလုပ်နိုင်ခဲ့သလား အစရှိတာတွေကို ဖော်ပြပေးသင့်ပါတယ်။


၂။ ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ပြီး ကိုယ့်ရဲ့အောင်မြင်မှုတွေကိုသိအောင်လုပ်ပါ
တစ်ခါတရံမှာ ကိုယ်လုပ်ခဲ့ဖူးတဲ့အောင်မြင်မှုတွေကို သတိမမူမိတဲ့အခါမျိုးတွေရှိတတ်ပါတယ်။ အဲဒီအခါမှာ အောင်မြင်အောင်လုပ်ဆောင်ခဲ့တဲ့အရာတွေမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်မြင်တတ်ပါတယ်။ ဒါဆိုရင် အခုပြောပြမယ့်မေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ မကြာသေးခင်က ကိုယ်ကိုယ်တိုင်အောင်မြင်ပြီးစီးအောင် လုပ်ဆောင်ခဲ့ဖူးတဲ့ပရောဂျက်တစ်ခုကိုစဉ်းစားကြည့်ပါ။ အဲဒီပရောဂျက်က ကုမ္ပဏီရဲ့ရောင်းအား ဒါမှမဟုတ် ဘယ်လောက်အထိအကျိုးအမြတ်ရရှိစေခဲ့သလဲ။ ပြီးခဲ့တဲ့နှစ်မှာ မိမိရဲ့အကြီးမားဆုံးလုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုကဘာလဲ။ customer တစ်ယောက်က ကိုယ့်နဲ့ပတ်သက်ပြီးဘယ်လိုမျိုးမှတ်ချက်ကောင်းကောင်းပေးခဲ့ပေးဖူးသလဲ။ မကြာသေးမီကလုပ်ဆောင်ခဲ့တဲ့ပရောဂျက်တွေထဲမှာ ကိုယ်နဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုမျိုးကူညီပေးခဲ့ဖူးသလဲ။ 
 

၃။ ကိုယ့်ရဲ့အောင်မြင်မှုတွေကိုကိန်းဂဏန်းတွေနဲ့ဖော်ပြပေးပါ
CV ထဲမှာ အောင်မြင်မှုတွေကိုဖော်ပြတဲ့အခါမှာ “Challenge, Action, Result” ဆိုတဲ့ပုံစံကိုအသုံးပြုပြီးဖော်ပြပေးပါ။ အောင်မြင်မှုတွေကို ဖော်ပြတဲ့အခါမှာ ငွေကြေး၊ ကိန်းဂဏန်းနဲ့ အချိန်အစရှိတဲ့စကားလုံးတွေကိုသုံးနှုန်းပြီး ကိန်းဂဏန်းတွေနဲ့ဖော်ပြနိုင်အောင်ပြုလုပ်ပါ။ ဥပမာ - ပထမဆုံး “I was given the responsibility to…” ဟုအစပြုပြီး Challenge ကိုအရင်ဆုံးဖောြ်ပပါ။ ပြီးရင် ဘယ်လို Action မျိုးလုပ်ဆောင်ခဲ့သလဲဆိုတာကို “So, I…” ဆိုပြီးပြောပါ။ နောက်ဆုံးမှာ ရလဒ် Result ကို “As a result of my efforts…” ဆိုပြီး အဆုံးသတ်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ရလဒ် ဒါမှမဟုတ် အောင်မြင်မှုကိုဖော်ပြတဲ့နေရာမှာ ကိန်းဂဏန်းတွေကိုအသုံးပြုစေချင်ပါတယ်။ ဥပမာ - “I saved $100K year on year by decreasing the operating budget by 52%.”

 

၄။ ကိန်းဂဏန်းနဲ့မဖော်ပြနိုင်တဲ့အောင်မြင်မှုတွေကိုလည်းသိအောင်လုပ်ပါ
အလုပ်ရာထူးအားလုံးကတော့ တိုင်းတာလို့ရတဲ့ရလဒ်တွေကို ပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း စိတ်မပူပါနဲ့။ အဲဒီလိုအခြေအနေမှာ ကိုယ့် CV ထဲမှာထည့်လို့ရမယ့် ကိန်းဂဏန်းနဲ့ဖော်ပြစရာမလိုတဲ့အောင်မြင်မှုတွေကို စဉ်းစားကြည့်ပါ။ ဥပမာ - အဓိကဝယ်ယူသူ Key Clients တွေရဲ့ ပရောဂျက်တွေကို စနစ်တကျအသေအချာလေ့လာဆန်းစစ်မှုတွေပြုလုပ်ပြီး သူတို့တွေနဲ့အရေးကြီးတဲ့ဆက်ဆံရေးတွေကို တိုးတက်အောင်ပြုလုပ်ခဲ့တာမျိုးတွေ၊ နောက်ပြီး ဘယ်ကုမ္ပဏီက ဘယ်လိုရာထူးမျိုးရှိတဲ့ Client ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်က မိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အသွေးကို ပေးခဲ့တဲ့မှတ်ချက်မျိုးတွေကို ဖော်ပြနိုင်ပါတ
 

၅။ အလုပ်ခေါ်စာမှာဖော်ပြထားတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့အောင်မြင်မှုတွေကိုပြင်ဆင်ပါ
အလုပ်ခေါ်စာမှာဖော်ပြထားတဲ့လိုအပ်ချက်တစ်ခုချင်းစီကို သေချာလေ့လာကြည့်ပါ။ ပြီးရင် ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေနဲ့ အတွေ့အကြုံတွေက အဲဒီဖော်ပြချက်တွေနဲ့ဘယ်လိုမျိုးကိုက်ညီလဲဆိုတာကို မှတ်စုချရေးပါ။ အဲဒီအခါမှာ ကိုယ်လုပ်ဆောင်ခဲ့ဖူးတဲ့ဘယ်လိုမျိုးအောင်မြင်မှုက ကိုယ်လျှောက်ထားမယ့်ဘယ်လိုအလုပ်နဲ့ပိုပြီးကိုက်ညီမလဲဆိုတာကို ပိုပြီးမြင်သာလာပါလိမ့်မယ်။ အင်တာဗျူးဖြေဆိုတဲ့အခါမှာလည်း ကိုယ်လျှောက်ထားမယ့်ကုမ္ပဏီနဲ့အလုပ်ရာထူးအကြောင်းကို သေသေချာချာလေးနားလည်သဘောပေါက်ထားမယ်ဆိုရင် လုပ်ဆောင်ရမယ့်တာဝန်တွေနဲ့ ကိုက်ညီတဲ့အရည်အချင်းနဲ့ဗဟုသုတတွေကိုတွဲစပ်နိုင်ပါလိမ့်မယ်။ 
လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုတွေကို CV ထဲမှာဘယ်လိုမျိုးရေးသားဖော်ပြရမလဲဆိုတာဟာ စစချင်းမှာတော့ လွယ်ကူမှာမဟုတ်ပါဘူး။ အထူးသဖြင့် ကိုယ့်လုပ်ဆောင်ခဲ့တဲ့အောင်မြင်မှုတွေကို သေသေချာချာမသိတဲ့အခါမျိုးမှာ ပိုပြီးဖြစ်တတ်ပါတယ်။ နောက်ပိုင်း ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုတွေကို ကိုယ့်ရဲ့ CV မှာရေးသားပြောဆိုရင်း အသားကျသွားရင်တော့ ပိုမိုအားကောင်းတဲ့အလုပ်လျှောက်လွှာတွေကိုရေးသားနိုင်လာပြီး အလုပ်ရှင်တွေရဲ့အထင်ကြီးလေးစားမှုကို ပိုပြီးရရှိသွားနိုင်ပါတယ်။