11th June, 2020

ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကို ဘယ်လိုရွေးချယ်မလဲ

အလုပ်နဲ့ပတ်သက်ပြီးပြောဆိုဆွေးနွေးကြတဲ့အခါမှာ ကိုက်ညီမှုဆိုတဲ့အရာကိုလည်းမကြာခဏဆွေးနွေးကြပါတယ်။ ယေဘုယျအားဖြင့်အများစုကတော့ ကိုက်ညီမှုလို့ပြောတဲ့အခါ ကုမ္ပဏီနဲ့တာဝန်ယူရမယ့်အလုပ်မှာ ဘယ်လောက်အထိအံဝင်ခွင်ကျမှုဖြစ်သလဲဆိုတာကို ဆိုလိုချင်ကြပါတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ သတိမထားမိတဲ့အချိန်အတွင်းမှာ အလုပ်တစ်ခုဟာကိုယ်နဲ့သူ့အလိုလိုကိုက်ညီသွားတာပါပဲ။ အောင်မြင်တဲ့အလုပ်အကိုင်တစ်ခုဟာ အဲဒီအချက်နှစ်ခုအပေါ်မှာအခြေခံပါတယ်။ အဲဒါကြောင့် အလုပ်အကိုင်ဈေးကွက်ထဲကိုမဝင်ရောက်ခင်မှာ ကိုယ်ကဘယ်လိုအလုပ်မျိုးရှာဖွေနေသလဲဆိုတာကို နားလည်အောင်သိရှိခြင်းဟာ ကိုယ့်အတွက်အရေးပါတဲ့အချိန်နဲ့စွမ်းအင်ကို သက်သာစေပါတယ်။

ဒါဆိုအဲဒါကို ဘယ်လိုသိအောင်လုပ်မလဲ။ အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့စိတ်အားထက်သန်မှုကို တွန်းအားပေးတဲ့အကြီးမားဆုံးအရာကဘာလဲ၊ ဘယ်လောက်အထိအလုပ်လုပ်ချင်စိတ်ရှိသလဲဆိုတာနဲ့ အလုပ်ပြင်ပမှာကိုယ့်ရဲ့အချိန်တွေကို ဘယ်လိုမျိုးအသုံးချသလဲဆိုတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားခြင်းက ကိုယ့်ဘဝနဲ့တကယ်အံဝင်ခွင်ကျပြီး ကိုက်ညီမှုရှိတဲ့အလုပ်အကိုင်မျိုးကိုသိရှိဖို့အတွက် အရေးကြီးတဲ့သဲလွန်စတွေကိုပေးပါတယ်။

အဲဒါကြောင့် မိမိနဲ့ကိုက်ညီသင့်တော်တဲ့အလုပ်တစ်ခုကိုရှာဖွေတဲ့အခါမှာ ဘယ်လိုအချက်တွေကိုအဓိကထားပြီး စဉ်းစားသင့်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။ 

၁။ လက်ရှိအလုပ်ကိုဆန်းစစ်ပါ

နောက်ထပ်ဘယ်လိုအလုပ်အကိုင်အသစ်ကိုရှာဖွေရမလဲဆိုတာကို မဆုံးဖြတ်ရသေးခင်မှာ လက်ရှိအလုပ်နဲ့ပတ်သက်ပြီး ကိုယ့်အနေနဲ့ဘယ်လိုမျိုးခံစားရသလဲဆိုတာကို သေချာအောင်ပြုလုပ်ပါ။ ကိုယ့်အတွက်ဘယ်အရာက အလုပ်ဖြစ်သလဲဆိုတာကိုဆုံးဖြတ်ပါ။ ပြောင်းလဲမှုပြုလုပ်ဖို့အတွက် ဘယ်နေရာကကိုယ့်ကိုစိတ်အားထက်သန်စေသလဲဆိုတာကို သိအောင်လုပ်ပါ။

ဝန်ထမ်းတစ်ယောက်ရဲ့လက်ရှိအလုပ်ဟာ သူနဲ့ဘယ်လောက်တောင်ကိုက်ညီမှုရှိသလဲဆိုတာကိုဆုံးဖြတ်ချင်ရင် သူဘယ်လောက်အထိအလုပ်မှာ ကြိုးစားအားထုတ်မှုရှိသလဲဆိုတာကိုကြည့်လိုက်ပါ။ အဲဒါဟာ ကိုက်ညီတဲ့အလုပ် “ဟုတ်၊ မဟုတ်” ဆိုတာကိုလေ့လာသိရှိဖို့အတွက် အဓိကရည်ညွှန်းကိန်းတစ်ခုပါပဲ။ ကိုယ့်ရဲ့လက်ရှိအလုပ်မှာ အခြေခံအားဖြင့်ရှိသင့်တဲ့ကြိုးစားအားထုတ်မှုနဲ့ လန်းဆန်းတက်ကြွမှုတွေဟာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ပေါ်လာသလဲ ဆိုတာကိုစဉ်းစားပါ။ အဲဒါကိုသိတဲ့အခါမှာ ကိုယ်ရဲ့လက်ရှိအလုပ်နဲ့ပတ်သက်ပြီး ဘယ်နေရာမှာစိတ်ပါဝင်စားမှုမရှိသလဲဆိုတာကို မီးမောင်းထိုးပြနိုင်ပါတယ်။ အဲဒါဟာ ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်နယ်ပယ်ကိုသိရှိစေနိုင်ပြီး နောက်ထပ်အလုပ်ရှာဖွေအတွက်လည်း ကိုယ်ဘယ်နေရာကိုသွားချင်သလဲဆိုတဲ့ လမ်းကြောင်းကိုသိရှိစေပါတယ်။

Continue reading >>> ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူဘယ်လိုရှာဖွေမလဲ

၂။ စွန့်စားမှုတွေကိုလက်ခံဖို့အသင့်ဖြစ်ပါစေ

တစ်ခါတလေမှာ ကိုယ့်ရဲ့သံလိုက်အိမ်မြှောင်က ကိုယ်သွားချင်တဲ့နေရာကိုညွှန်ပြတဲ့အခါမှာ စိတ်ဖိစီးမှုတွေကိုဖြစ်စေတတ်တဲ့ စွန့်စားမှုတွေကိုလည်းဖိတ်ခေါ်နိုင်ပါတယ်။ တကယ်လို့ကိုယ့်အလုပ်ကပျင်းစရာကောင်းတယ်ဆိုရင် စွန့်စားလိုတဲ့အလားအလာတွေဟာ ကိုယ့်ကိုစိတ်ကျေနပ်မှုနဲ့လန်းဆန်းတက်ကြွမှုကို ဖြစ်စေပါတယ်။ အဲဒါဟာ ပိုကြီးတဲ့ရင်းနှီးမြှုပ်နှံမှုမှာ ကိုယ်ရဲ့အဆင်သင့်ဖြစ်မှုကို ပြောနေပါတယ်။

တကယ်လို့ ကြီးမားတဲ့အလုပ်အကိုင်လမ်းကြောင်းပြောင်းလဲမှုတစ်ခုက ကိုယ့်စိတ်ထဲမှာဖြစ်ပေါ်နေပြီဆိုရင်တော့ စူးစမ်းရှာဖွေမှုတွေဖြစ်လာဖို့ အာမခံချက်တွေပေးနေပါပြီိ။ အဲဒါကြောင့် ဘယ်လိုကုမ္ပဏီမျိုးနဲ့အလုပ်မျိုးက ကိုယ့်အတွက်သင့်တော်ကိုက်ညီမှုရှိမလဲဆိုတာနဲ့ နောက်ထပ်တက်လှမ်းမယ့် ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ ဘယ်လိုအခွင့်အလမ်းကောင်းတွေကိုပေးမလဲဆိုတာကို စူးစမ်းရှာဖွေချင်တယ်ဆိုရင် အခုလက်ရှိအချိန်ကိုကောင်းစွာအသုံးချပါ။

လက်ရှိတွင်အလုပ်ခေါ်ယူနေသော အလုပ်အကိုင်များနှင့်ကုမ္ပဏီများ

၃။ ကိုယ်နဲ့ကိုက်ညီမယ့်အကျိုးရလဒ်တွေကို သိအောင်လုပ်ပါ

အကျိုးရလဒ်ဆိုတာဟာ အဓိကအရာအပြင်ထပ်ဆောင်းရရှိတဲ့အရာကိုပဲ ရည်ညွှန်းတာမဟုတ်ပါဘူး။ အဲဒါဟာ မိမိကို အလုပ်မှာအကောင်းဆုံးကြိုးစားအားထုတ်နိုင်စေဖို့အတွက် ကျန်းမာခြင်း၊ သက်သောင့်သက်သာဖြစ်ခြင်းနဲ့ နေရာကောင်းတစ်ခုမှာအခြေကုပ်နိုင်ခြင်း စတာတွေကိုပေးပါတယ်။

အလုပ်ရှာဖွေသူအားလုံးရဲ့ထက်ဝက်ကျော်ဟာ အလုပ်အသစ်တစ်ခုကိုလက်မခံခင်မှာ အဲဒီအလုပ်ကနေဘယ်လိုမျိုးအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို ဦးစားပေးစဉ်းစားကြပါတယ်။ ဥပမာ - Paid Time Off လိုမျိုးလစာနဲ့ခွင့်၊ မိသားစုခွင့်၊ ကျန်းမာရေးအာမခံ အစရှိတာမျိုးတွေပေါ့။ အဲဒါကြောင့် ကိုယ့်အတွက်အရေးအကြီးဆုံးအကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာကို အရင်ဆုံးစဉ်းစားဆုံးဖြတ်ပါ။ ပြီးရင် ကိုယ်လိုချင်တဲ့အကျိုးရလဒ်တွေရနိုင်တဲ့ အလုပ်အကိုင်ပန်းတိုင်တစ်ခုကိုရှာဖွေပါ။

၎။ မိမိရဲ့အလုပ်အကိုင်သတင်းအချက်တွေကို အလုပ်ရှင်တွေသိအောင်ပြုလုပ်ပါ

မြန်မာနိုင်ငံမှာရှိတဲ့အလုပ်ရှင်တိုင်းဟာ အလုပ်မှာအံဝင်ခွင်ကျဖြစ်ကာ တာဝန်တွေကိုထိထိရောက်ရောက်ပြီးစီးအောင်လုပ်နိုင်တဲ့ အရည်အချင်းရှိဝန်ထမ်းမျိုးကိုလိုချင်ကြပါတယ်။ အလုပ်ရှာဖွေသူတိုင်းကလည်း သူတို့မြတ်နိုးတဲ့အလုပ်ကိုလိုချင်ကြပါတယ်။ အရည်အချင်းရှိကျွမ်းကျင်ဝန်ထမ်းနဲ့ ပြီးပြည့်စုံတဲ့အလုပ်ဆိုတာ ရှာဖွေဖို့ခက်ခဲတဲ့အရာတွေပါ။ ဒါပေမဲ့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ မိမိရဲ့အရည်အချင်းတွေ၊ အတွေ့အကြုံတွေအစရှိတဲ့သတင်းအချက်တွေကို အလုပ်အကိုင်ဈေးကွက်ထဲမှာ အလုပ်ခေါ်ယူမှုတွေပြုလုပ်နေတဲ့အလုပ်ရှင်တွေသိအောင်မြင်အောင် အဆက်မပြတ်ပေးပို့နိုင်မယ်ဆိုရင်တော့ ကိုယ့်ကိုအလုပ်ခေါ်ယူခံရဖို့အခွင့်အလမ်းကပိုများပါတယ်။

Continue reading >>> ကိုယ့်ရဲ့ CV ကိုအလုပ်ခေါ်ယူနေသူတွေ ဖတ်စေချင်ရင်

မိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာအချက်အလက်တွေကို မြန်မာနိုင်ငံကထိပ်တန်းကုမ္ပဏီတွေက အလုပ်ခေါ်ယူနေသူတွေသိအောင် ပေးပို့ချင်တယ်ဆိုရင် မိမိရဲ့ CV နဲ့ Cover Letter တွေကိုသေချာပြင်ပါအဆက်မပြတ်အလုပ်ရှာဖွေမှုကိုလုပ်ဆောင်ပါ၊ ခေါ်ယူနေတဲ့အလုပ်ကြော်ငြာစာကိုသေချာလေ့လာဖတ်ရှုပါ၊ ခေါ်ယူနေတဲ့ကုမ္ပဏီတွေရဲ့ လုပ်ငန်းခွင်အလေ့အထနဲ့ တန်ဖိုးတွေကိုသိအောင်လုပ်ပါ၊ အင်တာဗျူးမှာမေးလာနိုင်တဲ့မေးခွန်းတွေကိုလေ့လာပြင်ဆင်ပါ အစရှိတာတဲ့အရာတွေကို ပြုလုပ်ပါ။

အရေးအကြီးဆုံးကတော့ ထိပ်တန်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ JobNet.com.mm မှာစာရင်းပေးသွင်းပြီး မိမိရဲ့ JobSeeker Profile ကိုပြည့်ပြည့်စုံစုံသေချာဖြည့်စွက်ကာ ထိပ်တန်းကုမ္ပဏီတွေရဲ့ talent ရှာဖွေမှုတွေမှာ မိမိရဲ့အချက်အလက်တွေကို ပါဝင်အောင်ပြုလုပ်လိုက်ပါ။ နောက်ထပ်အရေးအကြီးဆုံးအချက်ကတော့ လက်ရှိမှာဖြစ်ပေါ်နေတဲ့အလုပ်အကိုင်ဈေးကွက်ရဲ့အခြေအနေတွေကို အဆက်မပြတ်သိရှိဖို့အတွက်လေ့လာမှုကိုပြုလုပ်ပါ။