22th May, 2019

အချိန်မဖြုန်းဘဲ အလုပ်တွေမြန်မြန်ဆန်ဆန်ပြီးစီးအောင်

တစ်ခါတလေမှာ အလုပ်လုပ်ချင်စိတ်သိပ်မရှိလို့ အလုပ်တွေသိပ်မပြီးတဲ့ရက်တွေကို ဘယ်သူမဆိုကြုံတွေ့ဖူးမှာပါ။ အလုပ်ပြီးမြောက်မှုတွေ တဖြည်းဖြည်းနဲ့ကျဆင်းနေတယ်ဆိုတာဟာ ကိုယ့်ရဲ့လက်ရှိအလုပ်ကို အာရုံစူးစိုက်ပြီးအလုပ်လုပ်ရမှာထက် အချိန်တွေဖြုန်းနေမိလို့ပါပဲ။ အဲဒီလိုအကျင့်ဟာ ပိုပြီးကြီးထွားလာပြီဆိုရင်တော့ အဲဒီအကျင့်ကိုမြန်မြန်ထိန်းချုပ်သင့်ပါတယ်။ အဲဒါမှ အလုပ်နဲ့ပတ်သက်တဲ့ထိခိုက်မှုတွေကို လျော့ချနိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ မိုးတွင်းဝင်လာပြီဆိုတော့ တစ်ခါတလေ မိုးရွာတဲ့နေ့မှာ မိုးအေးအေးနဲ့ အတွေးလေးတွေတွေးပြီး အလုပ်မှာအချိန်ဖြုန်းမိတတ်ပါလိမ့်မယ်။ ဒါဆိုအလုပ်မှာ အချိန်မဖြုန်းဘဲနဲ့ သတ်မှတ်ထားတဲ့အလုပ်တွေကို ထိထိရောက်ရောက်ပြီးဖို့ ဘယ်လိုတွေပြုလုပ်သင့်သလဲဆိုတဲ့ အချက်တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ တိတ်ဆိတ်ငြိမ်သက်ပြီး အာရုံစူးစိုက်နိုင်မယ့်နေရာကိုရှာပါ။

လုပ်ငန်းခွင်မှာ ဘေးနားကလုပ်ဖော်ကိုင်ဖက်တွေက စကားတွေအကျယ်ကြီးပြောပြီးဖောင်ဖွဲ့နေတဲ့အခါ ဒါမှမဟုတ် စကားဝိုင်းအကြောင်းအရာက အရမ်းကိုစိတ်ဝင်စားစရာကောင်းနေတဲ့အခါမှာဆိုရင်တော့ အလုပ်မှာအာရုံစူးစိုက်လို့ မရတော့ပါဘူး။ အဲဒီစကားဝိုင်းထဲမှာ ကိုယ်ကပါရောပြီး စကားတွေဖောင်ဖွဲ့နေမယ်ဆိုရင်တော့ အလုပ်တွေအချိန်နဲ့မပြီးလို့ အထက်လူကြီးရဲ့အမျက်ဒေါသသင့်တာကိုပါ ခံရနိုင်ပါတယ်။ ဒါဆိုရင် အဲဒီလိုအခြေအနေမျိုးတွေကို ဘယ်လိုကျော်လွှားမလဲ။ လွယ်ပါတယ်။ ကိုယ့်ရဲ့အချိန်တွေကိုဖြုန်းနိုင်တဲ့ အဲဒီစကားဝိုင်းဘေးကနေ ထွက်သွားပြီး အေးအေးဆေးဆေးအလုပ်လုပ်လို့ရလောက်မယ့် နေရာတစ်နေရာကိုရှာပါ။ ဥပမာ - အစည်းအဝေးခန်းရဲ့ထောင့်မှာ ဒါမှမဟုတ် ရုံးနားကအေးအေးဆေးဆေးရှိတဲ့ကော်ဖီဆိုင်မှာ အစရှိတဲ့ အေးအေးဆေးဆေး၊ သက်သက်သာသာနဲ့ အာရုံစူးစိုက်ပြီး အလုပ်လုပ်လို့ရမယ့်နေရာတစ်ခုကိုရှာပြီး အလုပ်လုပ်ကြည့်ပါ။

၂။ ဖုန်းပိတ်ထားပါ

အလုပ်လုပ်နေတုန်းမှာ တကယ်မက်ဆေ့ခ်ျပို့ဖို့လိုတဲ့နေရာတွေကို မြန်မြန်ပို့တာဟာ ကိုယ့်ရဲ့အချိန်တွေကို သိပ်ပြဿနာမရှိစေပေမဲ့ အလုပ်နဲ့လည်းမဆိုင်တဲ့ကိစ္စတစ်ခုကို မက်ဆေ့ခ်ျတွေအပြန်အလှန်မပြီးနိုင်မစီးနိုင် ပို့ပြီးစကားပြောနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့အရေးကြီးအလုပ်တွေပြီးစီးဖို့ အနှောက်အယှက်ဖြစ်ပါလိမ့်မယ်။ ရုံးမှာ အချိန်မဖြုန်းဘဲ တကယ်ကိုအလုပ်ထိထိရောက်ရောက်လုပ်ချင်တယ်ဆိုရင် ဖုန်းနဲ့ဝေးဝေးမှာ ဒါမှမဟုတ် ဖုန်းပိတ်ပြီးအလုပ်လုပ်ပါ။ တကယ်လို့ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေဆီက အရေးကြီးဖုန်းလာမှာစိုးရင် ရုံးဖုန်းတစ်ခုခုကိုပေးထားပါ။ အလုပ်ပြီးသွားရင် ဒါမှမဟုတ် အလုပ်နားချိန်ကျရင်တော့ ဖုန်းပြန်ဖွင့်လိုက်ပေါ့။

၃။ နေ့စဉ်မှတ်တမ်း အချိန်ဇယားတွေကို သေချာစီစဉ်ပါ။

လုပ်ငန်းခွင်မှာ နေ့စဉ်လုပ်ရမယ့်အလုပ်တွေနဲ့ပတ်သက်ပြီး ကြိုတင်အချိန်ဇယားတွေမဆွဲထားဘူးဆိုရင် အချိန်တွေဖြုန်းမိတတ်ပြီး အလုပ်မပြီးဖြစ်တတ်ပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့အချိန်တွေအကျိုးရှိရှိနဲ့ အလုပ်တွေမြန်မြန်ပြီးမြောက်ချင်တယ်ဆိုရင် နေ့စဉ်လုပ်ရမယ့်အလုပ်အချိန်ဇယားသေချာဆွဲပြီးအလုပ်လုပ်ပါ။ ဥပမာပြောရမယ်ဆိုရင် ညနေပိုင်း ၁ နာရီလောက် ဒါမှမဟုတ် မနက်ပိုင်း ၁ နာရီလောက်ကို အချိန်ပေးပြီး တစ်ပတ်စာဘာတွေလုပ်ရမလဲဆိုတာ ဘယ်အချိန် ဘယ်နေ့ပြီးအောင်လုပ်မလဲဆိုတာတွေကို အချိန်ဇယားဆွဲပါ။ ဒါလိုပြုလုပ်ခြင်းအားဖြင့် အလုပ်ထဲမှာအချိန်ဖြုန်းတာတွေကို လျော့ချစေနိုင်ပြီး ဘယ်အလုပ်ကို ဘယ်အချိန်မှာပြီးအောင်လုပ်ရမလဲဆိုတာကို မျက်လုံးထဲမှာ မြင်စေပါတယ်။

၎။ အလုပ်စားပွဲကို သပ်သပ်ရပ်ရပ်ထားပါ။

အလုပ်ကောင်းကောင်းလုပ်ချင်ရင်တောင် ရှုပ်ယှက်ခပ်နေတဲ့အလုပ်စားပွဲဟာ ကိုယ့်ရဲ့အလုပ်လုပ်ချင်စိတ်တွေကို ဖျက်စီးနိုင်ပါတယ်။ ကိုယ့်ရဲ့အလုပ်စားပွဲမှာ ပစ္စည်းတွေပြန့်ကျဲပြီးရှုပ်ယှက်ခပ်နေပြီဆိုရင် အချိန်နည်းနည်းပေးပြီး အဲဒါတွေကိုစနစ်တကျစီစဉ်ပါ။ အသုံးမလိုတော့တဲ့စာရွက်တွေကို စနစ်တကျစွန့်ပစ်ပါ။ လိုအပ်တဲ့စာရွက်စာတမ်းတွေကို သူ့အကန့်နဲ့သူ အမျိုးအစားတွေခွဲပြီး ဖိုင်နဲ့သေချာထားပါ။ လိုအပ်တဲ့ ရုံးသုံးစာရေးကိရိယာပစ္စည်းတွေကို အလွယ်တကူယူနိုင်တဲ့နေရာမှာထားပါ။ စနစ်တကျနဲ့သပ်သပ်ရပ်ရပ် ဖြစ်တဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့အချိန်တွေကို ပိုပြီးကုန်ဆုံးလေလေ အလုပ်လုပ်နိုင်စွမ်းတွေပိုပြီး တိုးတက်လေဖြစ်ပါတယ်။ တကယ်တော့ သပ်ရပ်တဲ့အလုပ်စားပွဲတစ်ခုဟာ ကိုယ်ထင်ထားတာထက်ကို ပိုတဲ့အကျိုးကျေးဇူးတွေကိုပေးစွမ်းပါတယ်။

၅။ ခဏတဖြုတ် အနားပေးပါ။

တစ်ခါတလေကျတော့လည်း အလုပ်မှာအချိန်အကြာကြီးအလုပ်လုပ်ပြီးတဲ့နောက်မှာ ဦးနှောက်နဲ့စိတ်ကို အနားပေးသင့်တဲ့အနေနဲ့ လုပ်ဖော်ကိုင်ဖက်နဲ့စကားပြောတာ၊ မက်ဆေ့ခ်ျပို့တာ၊ အင်တာနက်သုံးတာ စတာတွေနဲ့ အချိန်နည်းနည်းဖြုန်းကြပါတယ်။ ဒါဟာ ကိုယ့်ရဲ့လုပ်ရပ်နဲ့တူနေပြီဆိုရင် နေ့စဉ်အလုပ်အချိန်ဇယားဆွဲတဲ့အခါမှာ ဘယ်အချိန်မှာခဏတဖြုတ်နားပြီး အားပြန်ယူမလဲဆိုတဲ့အချိန်ကိုပါ ထည့်ပြီးဆွဲပါ။ ဥပမာ မနက်ပိုင်း ဒါမှမဟုတ် ညနေပိုင်းမှာ မိနစ် ၂၀ လောက်ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်နဲ့စကားပြောတာတို့ ကိုယ့်နှစ်သက်တဲ့ဝက်ဘ်ဆိုက်ဒ်တစ်ခုခု ဝင်ကြည့်တာတို့ကို သတ်မှတ်ထားလိုက်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် နေ့စဉ်အလုပ်တာဝန်တွေကနေ ခဏတဖြုတ်အနားယူနိုင်စေပြီး ပြန်ပြီးအလုပ်ကိုလည်းအာရုံစူးစိုက်စေနိုင်ပါတယ်။

အလုပ်မှာ ယောင်ယောင်ဝါးဝါးနဲ့ အချိန်တွေပိုပြီးဖြုန်းမိလေလေ ကိုယ့်ရဲ့မန်နေဂျာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက အဲဒါကို ပိုပြီးသတိထားမိနိုင်လေလေပါပဲ။ ဒါဟာ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့နာမည်နဲ့ အလုပ်ကိုထိခိုက်စေနိုင်တဲ့ အလွယ်ဆုံးနည်းလမ်းပါပဲ။ အဲဒါကြောင့် ကိုယ့်ရဲ့အမူအကျင့်ကို သေချာလေ့ကျင့်ပြီး အလုပ်ပိုပြီးတွင်ကျယ်စေနိုင်တဲ့နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

တစ်ခါတလေမှာ ဝန်ထမ်းတွေအလုပ်ကိုထိထိရောက်ရောက်လုပ်နိုင်ပြီး အလုပ်ပြီးမြောက်ဖို့ဆိုတာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေဘက်က ဝန်ထမ်းတွေအတွက် ဘယ်လိုမျိုးလုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးထောက်ပံ့ပေးထားသလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ မြန်မာနိုင်ငံက ဘယ်လိုကုမ္ပဏီမျိုးတွေက ဝန်ထမ်းတွေအတွက် လုပ်ငန်းပတ်ဝန်းကျင်ကောင်းတွေကိုဖန်တီးပေးပြီး လုပ်ငန်းခွင်ပျော်ရွှင်မှုကိုအလေးပေးသလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီနေရာမှာဝင်ရောက်ပြီး အသေးစိတ်လေ့လာနိုင်ပါတယ်။ အဲဒီကုမ္ပဏီတွေက ခေါ်ယူနေတဲ့အလုပ်အကိုင်တွေကို လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဝင်ရောက်လျှောက်ထားလိုက်ပါ။