22th November, 2019

အလုပ်တွင်တဲ့ရုံးတက်ရက်ဖြစ်စေမယ့်နည်းလမ်း ၅ သွယ်

သင့်အနေနဲ့ အလုပ်မှာတစ်နေ့တာပြီးစီးအောင်လုပ်မယ်ဆိုတဲ့အလုပ်တွေကို အောင်မြင်အောင်လုပ်ကိုင်နိုင်ဖို့ အချိန်အလုံအလောက်မရှိဘူးလို့ ခံစားရပါတယ်။ အဲဒါဟာ လုပ်စရာတွေအများကြီးရှိလို့လည်းဖြစ်နိုင်သလို မေးသမျှမေးခွန်းတွေနဲ့ ဖြစ်သမျှအကြောင်းအရာတွေကို အချိန်ပြည့်အမြဲတမ်းတုံ့ပြန်ပေးနေရလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့အလုပ်ချိန်ဇယားကို ပြန်လည်ထိန်းချုပ်စီမံသင့်ပြီး ထိထိရောက်ရောက်အလုပ်လုပ်လို့ရမယ့် အချိန်တွေကို ကိုယ့်ကိုယ်ကိုပေးပါ။ အဲဒါကြောင့် လုပ်ငန်းခွင်မှာအောင်မြင်သူတွေဟာ သူတို့ရဲ့အလုပ်ချိန်တွေကို ဘယ်လိုမျိုးစနစ်တကျစီမံခန့်ခွဲပြီး အလုပ်တွေကိုပြီးစီးအောင်မြင်အောင်ပြုလုပ်ကြသလဲဆိုတဲ့ နည်းလမ်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရေးကြီးကိစ္စတွေအတွက်အချိန်ပိုရအောင်လို့ အသေးအမွှားကိစ္စတွေကိုရိုးရှင်းလွယ်ကူအောင်ပြုလုပ်ပါ

ဆုံးဖြတ်ချက်တွေအများကြီးချရတဲ့ကိစ္စဟာ တော်တော်အချိန်ကုန်ပါတယ်။ အဲဒီလိုအခြေအနေမှာ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့အလုပ်တွေကို လွယ်ကူရိုးရှင်းအောင်ပြုလုပ်ပါ။ လုပ်ငန်းခွင်မှာအောင်ြမင်တဲ့သူတွေဟာ ပိုပြီးအရေးကြီးတဲ့ကိစ္စတွေအတွက် အချိန်ပိုရအောင်လို့ ဘယ်လိုအလုပ်တွေဟာ အလိုအလျောက်ပြီးစီးနိုင်မလဲ ဒါမှမဟုတ် ချုံ့လို့ရမလဲဆိုတာကို သိအောင်ပြုလုပ်ပါတယ်။ ဥပမာ - တူညီတဲ့စာတစ်စောင်ကို ထပ်ခါထပ်ခါအများကြီးရေးမယ့်အစား ပုံစံ (template) တစ်ခုကို ပထမဆုံးပြုလုပ်ပြီး အဲဒီအထဲမှာအစားထိုးထည့်သွင်းရေးပါ။ ကိုယ့်အနေနဲ့ Excel လိုမျိုး Spreadsheet တစ်ခုသုံးစွဲတယ်ဆိုရင်လည်း တွက်ချက်မှုတွေအများကြီးပြုလုပ်စရာမလိုအောင် ပုံသေနည်းတွေ ဒါမှမဟုတ် macros ဆော့ဖ်ဝဲလ်တွေ သုံးပြီးတွက်ချက်ပါ။

၂။ ကိုယ့်ရဲ့အချိန်ဇယားမှာ ကိုယ်ပိုင်အချိန်တွေကို သတ်မှတ်ထားပါ

ကိုယ့်ရဲ့အချိန်ဇယားကို အခြားသူတွေရဲ့အစည်းအဝေးတွေနဲ့ပဲ မပြည့်နေပါစေနဲ့။ ကိုယ့်ရဲ့အချိန်ဇယားဆိုတာ ကိုယ့်အချိန်ပါပဲ။ လုပ်ငန်းခွင်မှာအောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့အချိန်ဇယားကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ကြပါတယ်။ အဲဒီအချိန်ဇယားကို အသုံးပြုပြီး ကိုယ့်ရဲ့အချိန်တွေကို သူများတွေမယူနိုင်အောင်ပြုလုပ်ပါ။ ရုံးချိန်တစ်နေ့တာရဲ့ နေ့လည်ပိုင်းမှာဖြစ်ဖြစ် ဒါမှမဟုတ် မနက်ပိုင်းမှာဖြစ်ဖြစ် နှစ်နာရီလောက်ကိုကိုယ့်အတွက်ချန်ပြီး ကိုယ်လိုအပ်တာ ဒါမှမဟုတ် ပြီးစီးအောင်လုပ်ချင်တဲ့အလုပ်ကို လွတ်လွတ်လပ်လပ်နဲ့အေးအေးဆေးဆေးပြုလုပ်လို့ရအောင် ပြုလုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အလုပ်တွေရဲ့နောက်ဆုံးပြီးရမယ့်အချိန်ကို ကိုယ်ကလွဲပြီးဘယ်သူကမှ စိတ်ပူမှာမဟုတ်လို့ပါပဲ။

၃။ မလိုအပ်တဲ့အစည်းအဝေးတွေတတ်တာ၊ ပြုလုပ်တာတွေကိုရှောင်ပါ

အစည်းအဝေးတွေဟာ အကျိုးသက်ရောက်မှုမရှိဘူးလို့ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူအများစုက ယုံကြည်ကြပါတယ်။ လေ့လာမှုတစ်ခုအရ အစည်းအဝေးတွေရဲ့ ၆၇ ရာခိုင်နှုန်းဟာ မျှော်မှန်းထားသလိုမျိုးအလုပ်မဖြစ်တာကို တွေ့ရပါတယ်။ မန်နေဂျာအဆင့်ရှိတဲ့သူတွေအနေနဲ့ အလုပ်ချိန်ရဲ့ ၃၅ ရာခိုင်နှုန်းကို အစည်းအဝေးတွေထဲမှာ ကုန်ဆုံးရလေ့ရှိပြီး စီမံခန့်ခွဲမှုအဆင့်ရှိတဲ့သူတွေအနေနဲ့ကတော့ အလုပ်ချိန်ရဲ့ ၅၀ ရာခိုင်နှုန်းကို အစည်းအဝေးတွေထဲမှာ ကုန်ဆုံးလေ့ရှိပါတယ်။ ဝန်ထမ်းတွေအနေနဲ့ တစ်ပတ်မှာ ၄ နာရီလောက်ကို အစည်းအဝေးပြုလုပ်ဖို့ ပြင်ဆင်ရတာနဲ့ပဲအချိန်ကုန်ဆုံးလေ့ရှိနေပါတယ်။

အဲဒါကြောင့် မလိုအပ်တဲ့အစည်းအဝေးအချိန်ဇယားတွေ မလုပ်ဘဲနဲ့ အစည်းအဝေးတွေကို နည်းအောင်လျော့ချပါ။ ဒါမှမဟုတ် လုပ်ရမယ်ဆိုလျှင်လည်း အဲဒီအစည်းအဝေးကို အချိန်တိုတိုအတွင်းမှာ ထိရောက်မှုရှိရှိအောင်ပြုလုပ်ပါ။ “ဒီအစည်းအဝေးကို မဖြစ်မနေတကယ်တတ်သင့်သလား” ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုမေးပါ။ အဲဒီအစည်းအဝေးက ဘာအတွက်လုပ်သလဲဆိုတာကိုမသိလျှင် အဲဒီမှာကိုယ်ဘာလုပ်ရမလဲဆိုတဲ့အရာကို စီစဉ်သူကိုမေးပါ။ ကိုယ့်အနေနဲ့ အဲဒါကို တက်ဖို့မလိုအပ်ဘူးထင်တယ်ဆိုရင် ဦးစားပေးအရေးကြီးကိစ္စလုပ်စရာရှိတာကို ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို သိအောင်လေးလေးစားစားပြောပြပေးပြီး တခြားဘယ်လိုအကူအညီပေးလို့ရနိုင်မလဲဆိုတာကို မေးပါ။ နောက်ပြီး အစည်းအဝေးတစ်ခုမှာ တတ်ရောက်မယ့်လူအရေအတွက်ကန့်သတ်ပေးတဲ့ “Two-pizza rule” အတွက်လည်း အသုံးဝင်တဲ့အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

တကယ်လို့ တတ်ရမယ်ဆိုလျှင်လည်း အဲဒီအစည်းအဝေးဟာဘာကိုအဓိကထားပြီးပြုလုပ်သလဲဆိုတာကို သိအောင်လုပ်ပြီး လိုအပ်တာတွေကိုပြင်ဆင်ပါ။ လုပ်ငန်းခွင်မှာအောင်မြင်တဲ့သူတွေဟာ အလုပ်တွေကိုပြီးစီးအောင်လို့သာ အစည်းအဝေးအချိန်ဇယားတွေပြုလုပ်တာ ဒါမှမဟုတ် အစည်းအဝေးတတ်ရောက်တာပါ။ မျက်နှာပြဖို့တစ်ခုတည်းအတွက် မဟုတ်ပါဘူး။

၎။ အလုပ်တာဝန်တွေကို ခွဲဝေပေးပါ

ကိုယ်က မန်နေဂျာတစ်ယောက်ဆိုလျှင် တချို့အလုပ်တွေကို ကိုယ့်အောက်ကလူတွေကို ခွဲဝေပေးဖို့စဉ်းစားပါ။ လုပ်ငန်းခွင်မှာအောင်မြင်တဲ့သူတွေဟာ အသေးအမွှားကိစ္စတွေကို လိုက်ပြီးစီမံခန့်ခွဲတတ်သူတစ်ယောက်မဟုတ်သလို အခြားသူတွေကို တာဝန်ခွဲဝေပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။ အရာအားလုံးကို အောက်ခြေသိမ်းလိုက်လုပ်စရာမလိုဘူးဆိုတာကို သူတို့တွေသိကြပါတယ်။ အဖွဲ့အစည်းတစ်ခုလုံးတိုးတက်ဖို့အတွက် ကူညီကြတဲ့အခါမှာ အဖွဲ့သားတွေရဲ့စွမ်းဆောင်ရည်ကိုပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးဖို့ပဲဖြစ်ပါတယ်။

၅။ အလုပ်တွေကို ဦးစားပေးအလိုက်ခွဲထားပါ

အလုပ်ကိစ္စအားလုံးဟာ တစ်ချိန်တည်းမှာပဲအပြီးလုပ်စရာမလိုဘူးဆိုတာကို လုပ်ငန်းပိုင်းဆိုင်ရာမှာအတွေ့အကြုံရှိပြီး ကျွမ်းကျင်သူတိုင်းသိကြပါတယ်။ ဘယ်အလုပ်ဟာ ချက်ချင်းအရေးတကြီးပြီးဖို့လိုသလဲ၊ ဘယ်အရာကတော့ မလိုဘူးသလဲဆိုတာကို သိနိုင်စွမ်းရှိဖို့လိုပါတယ်။ အလုပ်တွေကို နောက်ဆုံးပြီးစီးအောင်ဆောင်ရွက်ရမယ့် ဦးစားပေးအဆင့်အလိုက်လုပ်ငန်းစဉ်အတိုင်း ပြုလုပ်ပါ။ တကယ်လို့မြန်း ကိုယ်လုပ်ရမယ့်အလုပ်တစ်ခုက ဘယ်တော့အပြီးပေးရမလဲဆိုတာကိုမသိလျှင် ကိုယ့်ရဲ့မန်နေဂျာကိုမေးပါ။ လကုန်ရင်တောင်မှ အပြီးပေးစရာမလိုတဲ့အလုပ်ကို တစ်ရက်တည်းနဲ့အပြီးပြီးအောင်လုပ်တာမျိုးကို ရှောင်ပါ။ ဗဟုသုတဆိုတာ စွမ်းအားပါပဲ။ ကိုယ်လုပ်ရမယ့်အလုပ်နဲ့ပတ်သက်ပြီး ဗဟုသုတများများရှိလေလေ အဲဒါကိုပြီးစီးအောင်ဆောင်ရွက်ဖို့ ကိုယ့်ရဲ့အချိန်တွေကို ကောင်းကောင်းစီမံခန့်ခွဲတတ်လေပါပဲ။

ကိုယ့်ရဲ့ရုံးချိန်တစ်နေ့တာမှာ အလုပ်တာဝန်တွေကိုပြီးစီးအောင်ဆောင်ရွက်တဲ့အခါမှာ ပြင်ပကအနှောက်အယှက်တွေအပြင် ကိုယ်ကိုယ်တိုင်ကပြုလုပ်နေတဲ့အနှောက်အယှက်တွေလည်း ရှိပါသေးတယ်။ ဥပမာ - Facebook, Instagram အစရှိတဲ့လူမှုကွန်ယက်စာမျက်နှာတွေကို အသုံးပြုတာတွေနဲ့ ဝန်ထမ်းတစ်ယောက်ရဲ့အလုပ်ပြီးမြောက်နိုင်စွမ်းတွေကို လျော့ကျစေတဲ့အဓိကလက်သည်တရားခံဖြစ်တဲ့အပြင် အလုပ်မှာအာရုံမစူးစိုက်အောင်ဖြစ်စေနိုင်တဲ့ အခြားအရေးမပါတဲ့အနှောက်အယှက်တွေကိုလည်း ရှောင်ရှားပါ။ အဲဒါကြောင့် ရုံးချိန်အတွင်းမှာ အဲဒါတွေကို အလုပ်ကိစ္စကလွဲရင် အခြားကိုယ်ရေးကိုယ်တာကိစ္စအရအသုံးပြုတာတွေကို သတိထားလိုက်ပါ။ ဥပမာ - နေ့လည်ထမင်းစားချိန်လောက်မှာ ခဏပဲသုံးတာမျိုးပေါ့။ ရုံးချိန်အတွင်းမှာ ကိုယ့်ရဲ့အလုပ်တွေကို ထိထိရောက်ရောက်ပြီးစီးအောင် စီမံခန့်ခွဲတတ်ခြင်းအားဖြင့် ရုံးအလုပ်တွေကို အိမ်ကိုသယ်စရာမလိုတော့သလို ကောင်းမွန်တဲ့အလုပ်နဲ့ကိုယ်ရေးကိုယ်တာဘဝကို ညီမျှအောင်စီမံခန့်ခွဲတတ်လာပါလိမ့်မယ်။

အခုဖော်ပြပေးလိုက်တဲ့ အချက်အလက်တွေဟာ လုပ်ငန်းခွင်မှာကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီထက်ပိုပြီး အလုပ်အကိုင်လမ်းကြောင်း တိုးတက်ရေးနဲ့ပတ်သက်တဲ့အကြံအဉာဏ်ကောင်းတွေ၊ အလုပ်အကိုင်ရှာဖွေရာမှာ သိမှတ်ဖို့လိုအပ်တဲ့ CV ရေးနည်းတွေနဲ့ အင်တာဗျူးဖြေဆိုပုံတွေအပြင် အလုပ်အကိုင်ဈေးကွက်မှာလစဉ်ပြောင်းလဲနေတဲ့ အလုပ်အကိုင်တွေအကြောင်းတွေကို လစဉ်သိချင်တယ်ဆိုရင် JobNet.com.mm မှပေးပို့ပေးနေတဲ့ Newsletter ကို ဒီနေရာမှာ စာရင်းပေးသွင်းပြီး အခမဲ့ရယူလိုက်ပါ။