21st February, 2019

အလုပ်မှာ ဘယ်သူတွေနဲ့မိတ်ဆွေဖွဲ့သင့်သလဲ

တစ်ပတ်ကို နာရီ ၄၀ အနည်းဆုံးအလုပ်လုပ်ရတဲ့သူတစ်ယောက်ဟာ သူ့ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူရှိတဲ့အချိန်ထက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူရှိတဲ့အချိန်က ပိုများပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးဟာ အရမ်းကို အရေးကြီးပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုမှာဆိုရင် လုပ်ငန်းခွင်မှာမိတ်ဆွေအပေါင်းအသင်းရှိကြတဲ့သူတွေက သူတို့ရဲ့ကုမ္ပဏီမှာအလုပ်လုပ်ရတာကို ပျော်တယ်လို့ဖြေကြားတာဟာ အခြားသူတွေထက် သုံးဆပိုများပါတယ်။

အဲဒါကြောင့် စနစ်တကျတည်ဆောက်ထားတဲ့ လုပ်ငန်းခွင်လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးဟာ စီးပွားရေးဆန်တယ်လို့ထင်ရပေမဲ့ အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးအတွက်တော့ အရေးပါပါတယ်။ ဒါဆိုရင် အလုပ်ထဲမှာ ဘယ်လိုလူမျိုးတွေကို ဦးစားပေးအနေနဲ့မိတ်ဆွေဖွဲ့မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အထက်လူကြီး

ကိုယ့်ရဲ့အထက်လူကြီးနဲ့မိတ်ဆွေဖြစ်အောင်လုပ်ဖို့ဆိုရင် သူ့အကြောင်းတွေကို သိအောင်လုပ်ထားသင့်ပါတယ်။ သူ့အကြောင်းသိအောင်လုပ်ထားရမယ်ဆိုတာ ညနေက ၅ နာရီကျမှ အမြန်လိုချင်တဲ့အလုပ်တွေပေးတဲ့သူမျိုးလား၊ မနက် ၉ နာရီဒေါင်ဆိုတာနဲ့ သူ့ရဲ့အလုပ်စားပွဲမှာ ရောက်နေတတ်တဲ့သူမျိုးလား၊ “ဤ၊ သည်” မရွေ့အရမ်းကို တိကျတဲ့သူမျိုးလားဆိုတာ သိအောင်လုပ်ထားရပါမယ်။

အရင်ဆုံး ကိုယ့်အထက်လူကြီးရဲ့အလုပ်အကိုင်နဲ့ပတ်သက်တဲ့ရည်မှန်းချုက်တွေနဲ့ သဘောထားအမြင်တွေကို သိအောင်လုပ်ပါ။ သူနဲ့တွေ့တဲ့အခါမှာ သူလက်ရှိလုပ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး စကားစမြည်စပြောပါ။ ပြီးတော့ ကုမ္ပဏီရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုပြပါ။ ကိုယ့်ရဲ့အကြောင်းကိုပြောခိုင်းတာမဟုတ်ဘူးနော်။ ဒါဆိုရင် ကိုယ်ဟာရည်မှန်းချက်ကြီးမားပြီး စူးစမ်းလေ့လာတတ်တဲ့သူလို့ ထင်မြင်လာစေပြီး သဘောကျလာစေပါတယ်။ သူ့နဲ့စကားပြောရင်းနဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့အကြံဉာဏ်တွေတောင် ရလာတတ်ပါတယ်။

ရာထူးတိုးတဲ့အခါမှာဖြစ်စေ လစာတိုးတဲ့အခါမှာဖြစ်စေ အထက်လူကြီးရဲ့မှတ်ချက်ဟာ အရမ်းကိုအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကကိုယ့်နဲ့အနီးဆုံးအလုပ်အတူတူလုပ်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့်ပါ။ အဲဒါကြောင့် အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို သူသိဖို့နဲ့အသိအမှတ်ပြုဖို့အရေးအကြီးပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ရဲ့အပေါ်ကအထက်လူကြီးက ရာထူးတိုးသွားတာပဲဖြစ်ဖြစ် အလုပ်ထွက်သွားတာပဲဖြစ်ဖြစ် သူရဲ့အထက်လူကြီးနဲ့ကိုယ်က တိုက်ရိုက်ပတ်သက်ရတော့မှာပါ။ အဲဒါကြောင့် ကိုယ့်အထက်လူကြီးရဲ့ လူကြီးကိုလည်း ရင်းနှီးဖော်ရွေအောင်လုပ်ထားဖို့လိုပါတယ်။

ထက်မြတ်တဲ့သူတွေ

အလုပ်ထဲမှာ တန်းတူအချင်းချင်းကို ပြိုင်ဘက်တွေလို့မြင်မယ့်အစား တစ်ဖွဲ့တည်းသား လုပ်ဖော်ကိုင်ဖက်တွေလို့မြင်တာဟာ ကိုယ့်ရဲ့အလုပ်ကို ပိုပြီးကောင်းကောင်းမွန်မွန်နဲ့ မြန်မြန်ဆန်ဆန်ပြီးစီးအောင် ကူညီပေးပါလိမ့်မယ်။ ကိုယ်နဲ့အလုပ်အတူတူတွဲလုပ်တဲ့သူက ကိုယ့်ထက်ပိုပြီးလုပ်ရည်ကိုင်ရည်ရှိတဲ့သူတစ်ယောက်နဲ့ အလုပ်အတူတူတွဲလုပ်ရတဲ့အခါမှာ သူ့ကိုမနာလိုတဲ့စိတ်နဲ့ အရမ်းမဲ့ယှဉ်ပြိုင်တာတွေ မပြုလုပ်မိပါစေနဲ့။ ဒီလိုစိတ်ထားဟာ ကိုယ့်ရဲ့အလုပ်မှာ အကောင်းဆုံးရလဒ်တွေကို ဖြစ်လာစေမှာမဟုတ်ပါဘူး။ တကယ်တော့ အလုပ်မှာ အဲဒီလိုထက်မြတ်တဲ့သူတွေ လုပ်ရည်ကိုင်ရည်ရှိသူတွေနဲ့ မိတ်ဆွေအပေါင်းအသင်းဖြစ်ရတာဟာ ကိုယ့်ရဲ့လုပ်ငန်းခွင်တိုးတက်ရေးအတွက် အတွေ့အကြုံအများကြီးရစေပါတယ်။

အလုပ်မှာဒီလိုစွမ်းဆောင်ရည်တွေထက်မြတ်အောင် ဘယ်လိုလေ့လာမှုတွေပြုလုပ်လဲ၊ ဘယ်လိုတွေပြုမှုကြလည်းဆိုတာကို သူတို့ဆီကနေလေ့လာနိုင်ပါတယ်။ အဲဒါကြောင့် သူတို့နဲ့အလုပ်အတူတူလုပ်ရမယ်ဆိုရင် စောဒကတွေတက်မယ့်အစား မိတ်ဆွေဖွဲ့ပါ။ သူတို့ဆီက သေချာနားထောင်ပြီး လေ့လာသင်ယူပါ။ အမြင်တွေဖလှယ်ပြီး ယုံကြည်မှုတွေကို တည်ဆောက်ပါ။

ရုံးတွင်းရော့ခ်စတား

ရုံးတိုင်းရုံးတိုင်းမှာ လူအများကြားရေပန်းစားပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်းကိုတောင်လွှမ်းမိုးနိုင်တဲ့ ရော့ခ်စတားတွေ ရှိစမြဲပါပဲ။ ကိုယ့်ရဲ့ရုံးမှာလည်း လူတိုင်းကသူ့ရဲ့စကားဆိုနားထောင်ပြီး အများကိုလွှမ်းမိုးနိုင်တဲ့သူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီလူနဲ့အပေါင်းအသင်းဖြစ်အောင်လုပ်ပါ။

အဲဒီလို ရုံးတွင်းရောခ့်စတားတွေနဲ့ မိတ်ဆွေဖွဲ့တော့မယ်ဆိုရင် ပထမအဆင့်အနေနဲ့ ကိုယ်နဲ့အကျင့်စရိုက်ချင်းလည်းကိုက်ညီမယ့်သူ၊ နောက်ပြီး အလုပ်အကိုင်နဲ့ပတ်သက်ပြီး သင်ယူနိုင်လောက်မယ့်သူကို အရင်ဆုံးရှာဖွေပါ။ အလုပ်နဲ့ပတ်သက်ပြီး သူဘာတွေလုပ်ရလဲဆိုတာ လေ့လာပါ။  ပြီးရင်တော့ ကုမ္ပဏီ ဒါမှမဟုတ် ဌာနရဲ့ပွဲတွေမှာ သူနဲ့မိတ်ဆွေဖွဲ့ပါ။ မိတ်ဆွေတွေဖြစ်သွားပြီဆိုရင်တော့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးတာအကောင်းဆုံးပါပဲ။ ဒါဆိုရင် အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ဘယ်နေရာမှာကျွမ်းကျင်လဲဆိုတာ သူသိသွားနိုင်ပြီး စီမံချက်အသစ်တွေ၊ ထုတ်ကုန်အသစ်တွေစတဲ့အခါမှာ ကိုယ်ပါဝင်နိုင်ဖို့ အထက်လူကြီးတွေသိအောင် အဲဒီရောခ့်စတားကပဲ ထောက်ခံပေးနိုင်ပါလိမ့်မယ်။

အကြံဉာဏ်ကောင်းပေးနိုင်သူ

လုပ်ငန်းနယ်ပယ်မှာကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးနိုင်တဲ့သူဆိုတာ ကိုယ့်ရုံးကမဟုတ်ဘဲ လုပ်ငန်းနယ်ပယ်တူအချင်းချင်းလည်းဖြစ်နိုင်သလို ကိုယ့်ရဲ့ဆရာသမား ဒါမှမဟုတ် မိသားစုဝင်ထဲကသူတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့တစ်ရုံးတည်းအတူတူလုပ်တဲ့သူတွေထဲမှာ အတွေ့အကြုံလည်းများပြီး ဘယ်သူ့ကိုမဆို အကြံဉာဏ်ကောင်းပေးနိုင်တဲ့သူ ရှိတယ်ဆိုရင်တော့ အဲဒီလူကိုမိတ်ဆွေဖွဲ့ထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကအလုပ်နဲ့ပတ်သက်ပြီးလည်း အတွေ့အကြုံလည်းများတယ် နောက်ပြီးရုံးမှာရှိတဲ့လူတွေရဲ့အကြောင်းကို နှောကြေနေတဲ့သူဖြစ်နေလို့ပါပဲ။

ကိုယ့်ရဲ့အဖွဲ့သားတွေ

ကိုယ်က အဖွဲ့တစ်ခုကိုဦးဆောင်နေရတဲ့သူဆိုရင် အဲဒီအဖွဲ့ထဲမှာပါဝင်နေတဲ့ ကိုယ့်ရဲ့အဖွဲ့သားတွေကိုလည်း မိတ်ဆွေဖွဲ့ထားဖို့လိုပါတယ်။ ကိုယ့်ရဲ့အဖွဲ့ထဲမှာပါဝင်တဲ့သူတွေဟာ ကိုယ့်ကိုလည်းလေးစားမယ် ကိုယ့်ရဲ့စီမံခန့်ခွဲမှုနဲ့အလုပ်လုပ်ပုံကိုလည်း ကြိုက်နှစ်သက်မယ်ဆိုရင်တော့ သူတို့ဟာအလုပ်ကိုပိုကြိုးစားပြီး လုပ်ကြပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ်ဟာသူတို့နဲ့အတူတူအလုပ်လုပ်တဲ့အခါမှာ အထက်လူကြီးလိုမျိုးဆက်ဆံမယ့်အစား သူတို့နဲ့ရင်းနှီးဖော်ရွေစွာဆက်ဆံပြီး ကိုယ့်အဖွဲ့အတွက်အားကိုးထိုက်တဲ့သူ တိုးတက်အောင်လုပ်ပေးနိုင်တဲ့သူ ဖြစ်အောင်ပြုလုပ်သင့်ပါတယ်။