ဘ၀ရှင်သန်ဖို့အတွက်ကျွန်တော်တို့မဖြစ်မနေအလုပ်လုပ်ကြရတယ်။ အဲဒီတော့နေ့စဉ်လုပ်နေရတဲ့အလုပ်တွေကို ငြီးငွေ့မှုမရှိအောင် ပြီးတော့မြန်ဆန်ထိရောက်အောင်ဘယ်လိုပုံစံနဲ့လုပ်ကြမလဲ။ အထိရောက်ဆုံးနည်းလမ်းကတော့ အလုပ်တွေကိုပင်ပင်ပန်းပန်းမလုပ်ဘဲစမတ်ကျကျလုပ်တတ်ဖို့ပါပဲ။ စမတ်ကျကျလုပ်နိုင်ဖို့ဆိုတာကတော့ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကိုပဲအသုံးပြုပြီး ကိုယ်လိုချင်တဲ့ရလဒ်ကိုရအောင်လုပ်ဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဘယ်အချက်တွေကသင့်ကိုအထောက်အကူပြုမလဲဆိုတာကြည့်လိုက်ကြရအောင်။
အလုပ်တွေမလုပ်ခင်အရင်ဆုံးအစီစဉ်ဆွဲပါ
ကိုယ်လုပ်ရမယ့်အလုပ်တွေကိုတစ်ခုချင်းစီချရေးပြီး ဘယ်အလုပ်ကိုဦးစားပေးလုပ်သင့်လဲဆိုတာကြည့်ပါ။ ဦးစားပေးလုပ်ရမယ့်အလုပ်တွေကို ထိပ်ဆုံးမှာထားပြီးတစ်ခုချင်းစီအတွက်အချိန်ဘယ်လောက်ပေးရမလဲ၊ ဘယ်နေ့မှာပြီးရမယ်ဆိုပြီးအလုပ်စမလုပ်ခင် စနစ်တကျအစီစဉ်ဆွဲကြည့်ပါ။
ရလဒ်ကိုကြည့်ပါ
အလုပ်တစ်ခုကိုအချိန်ဘယ်လောက်ကြာကြာလုပ်တယ်ဆိုတာထက် အကျိုးရှိအောင်လုပ်နိုင်ရဲ့လားဆိုတာက ပိုအရေးကြီးပါတယ်။ အချိန်တွေအများကြီးပေးပြီးလုပ်နေပေမယ့်လိုချင်တဲ့ရလဒ်တွေမရတာ၊ ထိထိရောက်ရောက်မလုပ်နိုင်တာတွေဖြစ်တက်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်တိုင်းကိုအချိန်တစ်ခုအတွင်းမှာ ရလဒ်ကောင်းတစ်ခုရအောင်လုပ်နိုင်ဖို့အရမ်းကိုအရေးကြီးပါတယ်။
အလုပ်တွေကိုတစ်နေ့ထဲနဲ့အများကြီးပြီးအောင်လုပ်သင့်တယ်လို့မထင်လိုက်ပါနဲ့
အလုပ်တွေအားလုံးတစ်နေ့ထဲနဲ့အများကြီးလုပ်တဲ့အခါရလဒ်ကောင်းတွေရဖို့မသေချာပါဘူး။ တစ်ခုချင်းဆီကို သေချာအာရုံမစိုက်နိုင်ဘဲအမှားအယွင်းတွေရှိလာနိုင်ပါတယ်။ တကယ်ဦးစားပေးပြီးလုပ်ရမယ့်အလုပ်ကိုအရင် သေချာအောင်လုပ်ပြီးမှတခြားသောကျန်ရှိနေတဲ့အလုပ်တွေကိုဆက်လက်လုပ်ဆောင်တာက အလုပ်ကို ပိုမိုသေချာစေပြီးရလဒ်ကောင်းရနိုင်ပါတယ်။
ကိုယ့်ရဲ့လုပ်နိုင်စွမ်းကိုသိပါစေ
အရင်ဆုံးကိုယ်ဘယ်လောက်လုပ်နိုင်လဲဆိုတာကိုကြည့်ပါ။ အလုပ်တွေကိုမနိုင်မနင်းနဲ့လက်ခံပြီးလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ အဲ့လိုတွေးနေတဲ့စိတ်ကူးကိုပြောင်းလိုက်ပါ။ ဘာလို့လဲဆိုတော့ သင်အမှန်တကယ်မပြီးနိုင်တဲ့အခါအလုပ်တွေမပြီးတဲ့အတွက် စိတ်ဖိစီးမှုတွေစိတ်ညစ်မှုတွေရရှိလာနိုင်ပါတယ်။ ဒါ့အပြင် အလုပ်တစ်ခုချင်းဆီကိုသေချာအာရုံမစိုက်တဲ့အတွက် ရလဒ်ကောင်းတွေလည်းရရှိနိုင်မှာမဟုတ်ပါဘူး။
စိတ်ဖိစီးမှုတွေလျော့ချနိုင်အောင်လုပ်ပါ
အလုပ်လုပ်နေတဲ့အချိန်မှာအနည်းနဲ့အများတော့စိတ်ဖိစီးမှုတွေရှိလာနိုင်ပါတယ်။ အလုပ်ပြီးရမယ့်ရက်က တဖြည်းဖြည်းနီးကပ်လာတဲ့အခါ၊ အလုပ်မှာတစ်ခုခုအဆင်မပြေတဲ့အခါစိုးရိမ်စိတ်တွေနဲ့ စိတ်ဖိစီးမှုတွေရရှိလာနိုင်ပါတယ်။ ဒါဆိုဒီလိုတွေမဖြစ်အောင်အလုပ်တွေကိုသူ့ရက်နဲ့သူအချိန်ဇယားဆွဲထားပြီး စီမံခန့်ခွဲပါ။ ကိုယ်တကယ်ပြီးနိုင်လောက်တဲ့အတိုင်းအတာကိုပဲ ထိထိရောက်ရောက်နဲ့ပြီးစီးအောင်လုပ်ဆောင်ပါ။ တခါတလေအဆင်မပြေတာတွေရှိတဲ့အခါစိတ်ကိုလျော့ပြီး အနားပေးတာတွေပြုလုပ်လိုက်ပါ။
အလုပ်တာဝန်တွေကိုခွဲဝေမှုပြုလုပ်လိုက်ပါ
အလုပ်တာဝန်တွေကိုခွဲဝေမှုပြုလုပ်တာကလည်းသင့်အလုပ်တွေကိုပြီးမြောက်စေတဲ့အပြင် စိတ်ပင်ပန်း၊ လူပင်ပန်းမှုတွေကိုလျော့ကျစေပါတယ်။ ဒီလိုခွဲဝေလိုက်တာကြောင့် ကိုယ့်ရဲ့လက်အောက်ငယ်သားဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက အလုပ်ရဲ့အကြောင်းကိုပိုမိုသိလာနိုင်စေနိုင်သလို အဖွဲ့အစည်းတိုးတက်အောင်မြင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေအထောက်အကူပြုရာရောက်ပါတယ်။ ကိုယ့်အတွက်လည်း ဒီထက်ပိုအရေးကြီးတဲ့အလုပ်တွေကိုအာရုံစိုက်လာနိုင်မှာဖြစ်ပါတယ်။
ခေတ္တခဏအနားယူမှုတွေပြုလုပ်ပါ
အလုပ်တွေကိုစနစ်တကျလုပ်ချင်တယ်၊ ထိထိရောက်ရောက်နဲ့လုပ်ချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်တစ်ခါတစ်လေမှာအနားပေးလိုက်ပါ။ အနားယူချိန်မရှိဘဲ အလုပ်တွေကိုဆက်တိုက်လုပ်နေမယ်ဆိုရင်တော့ ကိုယ်ရဲ့ထုတ်လုပ်နိုင်မှုစွမ်းအား၊ ဉာဏ်ကွန့်မြူးနိုင်မှုတွေကျဆင်းလာမှာအမှန်ပါပဲ။ ဒါကြောင့်ကိုယ့်ရဲ့စိတ်နဲ့ခန္ဓ္ဓာကိုယ်ကို အနားပေးသင့်တဲ့အချိန် အနားပေးပြီးအလုပ်တွေကို အကောင်းမွန်ဆုံးဖြစ်အောင်လုပ်လိုက်တာဟာကိုယ့်ကိုယ်လည်း သက်သာစေသလို အလုပ်အတွက်လည်းအကျိုးရှိစေပါတယ်။
ဒီအချက်တွေကိုလေ့လာကြည့်ပြီး ကိုယ့်ရဲ့အချိန်တွေကို အကောင်းဆုံးစီမံခန့်ခွဲရင်း အလုပ်တွေကိုစတိုင်ကျကျ၊ ကျွမ်းကျင်ပါးနပ်စွာနဲ့လုပ်လိုက်ကြရအောင်။