24th July, 2018

ကုမ္ပဏီတွေအတွက် အသက်တမျှ အရေးပါတဲ့ Branding

Branding ဆိုတာ ကုန်ပစ္စည်းတစ်ခုရဲ့ ဒီဇိုင်း၊ လိုဂို သို့မဟုတ် ခေါင်းစည်းစာတမ်းထက် ပိုပြီးအဓိပ္ပာယ် လေး နက်ပါတယ်။ ( Branding - နာမည်ကောင်းတည်ဆောက်ခြင်းလို့ ဆိုရင် ခပ်ထောင့်ထောင့် ဖြစ်နေတာကြောင့် Branding လို့ပဲ ဆက်လက်သုံးစွဲပါမယ်။)

အမှတ်တံဆိပ်တစ်ခု တည်ဆောက်ကရာမှာ သုံးစွဲသူတွေရဲ့ အတွေ့အကြုံ၊ ကုမ္ပဏီရဲ့ အာမခံချက်၊ ကုမ္ပဏီဘက်က ကျင့်သုံးတဲ့မူဝါဒ အတွေးအမြင်တွေ အားလုံး ပါဝင်ပါတယ်။

ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ကိုယ်စားပြုတဲ့ အမှတ်တံဆိပ်တစ်ခုတည်ဆောက်ပြီး အဲဒီ အမှတ်တံဆိပ်ကို လူတွေသိရှိလာအောင် လုပ်ဆောင်ရတဲ့အရာကို Branding လို့ ပြောနိုင်ပါတယ်။

Branding ဟာ ဈေးကွက်တည်ဆောက်ခြင်း - Marketing ကဏ္ဍရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာနဲ့အညီ မည်သည့်စီးပွားရေးလုပ်င န်းအတွက်မဆို အသက်တမျှ အရေးကြီးတဲ့  အစိတ်အပိုင်း တစ်ခုပါပဲ။

ကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို လူတွေ သတိထားမိပြီး အသုံးပြုသူတွေ ပိုများလာအောင်၊ အသုံးပြုနေသူတွေအနေနဲ့လည်း ကိုယ့်ရဲ့အမှတ်တံဆိပ်ကိုပဲ သဘောကျစွဲလမ်းပြီး ဆက်လက်အသုံးပြုလာအောင် (Brand Loyalty) ရလာအောင် Branding ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်မှန်သမျှဟာ Branding ကို သက်ရောက်မှု ဖြစ်စေတဲ့အတွက် ကုမ္ပဏီရဲ့ ပေါ်လစီ၊ ထုတ်လုပ်မှု၊ ဖောက်သည် တွေနဲ့ ဆက်ဆံမှုတွေဟာ နာမည်ကောင်းရဖို့ အခွင့်အရေးပါပဲ။

Branding - အမှတ်တံဆိပ် နာမည်ကို ခိုင်ခိုင်မာမာ တည်ဆောက်ခြင်းကြောင့်

(၁) ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ ကုမ္ပဏီကို လူတွေက ကွဲကွဲပြားပြားသိနိုင်တယ်

ကိုယ့်ရဲ့ အမှတ်တံဆိပ်နဲ့ ဆင်တူရိုးမှားတွေ ရှိနေရင်တောင် ကိုယ့်ရဲ့အမှတ်တံဆိပ်ကို လူတွေစိတ်ထဲမှာ မှတ်မိ နေအောင်၊ သဘောကျစွဲလမ်းနေအောင် ပြုလုပ်ထားတဲ့အတွက် အသာရပါတယ်။ ဥပမာပြောရရင် Apple အမှတ်တံဆိပ်ဟာ iPhone ကို အမာခံသုံးစွဲသူတွေ ရှိနေတဲ့အတွက် နောက်ကလိုက်လံတုပတာတွေ ဘယ်လောက်များလာပါစေ Apple ရဲ့ ဝင်ငွေက လျော့မသွားပါဘူး။ ပိုပိုပြီးပဲ တိုးလာပါတယ်။ ဒါက Brand Loyalty ရထားလို့ ဖြစ်ပါတယ်။ အဲ့ဒီလိုရလာတာကလည်း Branding လုပ်ဆောင်မှုကောင်းလို့သာ ရရှိခဲ့တာပါ။

(၂) ပြိုင်ဘက်တွေထက် အသာရစေတယ်

အောင်မြင်လာတဲ့ အမှတ်တံဆိပ်တစ်ခုမှာ ပြိုင်ဘက်တွေလည်း ပေါ်ထွက်လာစမြဲပါ။ ကုန်ပစ္စည်းရဲ့ အရည်အသွေးကို ဖြစ်ဖြစ်၊ ဝန်ဆောင်မှုကိုဖြစ်ဖြစ် ယှဉ်ပြိုင်လာတဲ့အခါ သုံးစွဲသူ (customer) တွေက နာမည် ကြီးပြီးသားကို ဦးစားပေးသုံးလေ့ရှိတာမို့ Branding တည်ဆောက်နိုင်ခြင်းဟာ အားသာချက်တစ်ခုပါ။

 

(၃) ဖောက်သည်တွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်တယ်

ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခု၊ ဝန်ဆောင်မှုတစ်ခုဟာ စမ်းသပ်အသုံးပြုလိုသူနဲ့ အသုံးပြုသူတွေကြားမှာ ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်ဖို့အတွက် Branding ကလည်း လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။

(၄) ရှယ်ယာရှင်တွေကလည်း ကုမ္ပဏီကိုပိုယုံကြည်လာတယ်

ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ရှယ်ယာရှင်တွေကလည်း ကုမ္ပဏီရဲ့အမှတ်တံဆိပ်ကို customer တွေနည်းတူ သတိထားမိလာပါတယ်။ အဲ့ဒီအတွက် ကုမ္ပဏီကို ပိုမိုယုံကြည်လာပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာကြဦးမှာပါ။

(၅) ကုမ္ပဏီရဲ့ အကျိုးစီးပွားကို တိုးပွားလာစေတယ်

Brand တစ်ခု ပေါက်သွားပြီဆိုရင် ရောင်းအားတွေတက်လာမှာ ဖြစ်တဲ့အတွက် ကုမ္ပဏီရဲ့ အကျိုးစီးပွားလည်း တိုးလာပါတော့တယ်။ အသုံးပြုလိုသူတွေများလာပြီး Brand အပေါ် ယုံကြည်စိတ်ချသွားသူတွေက ဒါကိုပဲ စွဲစွဲမြဲမြဲ သုံးတော့မှာပါ။ Brand ကို အသုံးပြုမယ့် အမာခံလူတွေ ရှိနေခြင်းဟာ အောင်မြင်တဲ့ Brand တစ်ခု ဖြစ်ခြင်းရဲ့ အကောင်းဆုံး ဥပမာပါပဲ။

လူတွေဟာ Coca Cola အမှတ်တံဆိပ်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလာခဲ့တာ ရာစုနှစ် နှစ်ခုေ ကျာ်လွန်ခဲ့ပါပြီ။ Coca Cola ဟာ သူ့ရဲ့ အမှတ်တံဆိပ်မှာအသုံးပြုထားတဲ့ စာလုံးဖောင့် (font) ကို ၁၉ ရာစုမှ သည် ယခုလက်ရှိ ၂၁ ရာစုအထိ အပြောင်းအလဲ မလုပ်ခဲ့ပါဘူး။ ပိုပြီး တိကျသပ်ရပ်သွားဖို့အတွက်သာ မသိသာလောက်တဲ့ ပြင်ဆင်မှုလေးတွေ ပြုလုပ်ထားခဲ့ပါတယ်။ အဲ့ဒီလို အပြောင်းအလဲမရှိခြင်းဟာလည်း Coca Cola အမှတ်တံဆိပ်ကို စားသုံးသူတွေအနေနဲ့ စိတ်ထဲမှာ စွဲမြဲမှတ်သွားတာကြောင့် Brand Loyalty လည်း ရရှိခဲ့ပါတယ်။

JobNet.com ဟာလည်း ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံကို ဝင်ရောက်လာကတည်းက အောင်မြင်တဲ့ အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက် တစ်ခုအဖြစ် ရပ်တည်နိုင်ဖို့အတွက် Branding ကို အားတိုက်အင်တိုက် ပြုလုပ်ခဲ့ပါတယ်။

လက်ချိုးရေလို့ရတဲ့ ကာလတိုလေးအတွင်းမှာပဲ JobNet.com.mm ဟာ လစဉ်ဝင်ရောက်ကြည့်ရှုသူပေါင်း ခုနစ်သိန်းကျော်၊ လစဉ် အလုပ်လျှောက်လွှာပေါင်း ၁၀၀၀၀၀ ကျော်ကို လက်ခံနေရပါတယ်။  လစဉ်အလုပ်အကိုင်ပြပွဲတွေ၊ ဆွေးနွေးဟောပြောပွဲတွေ ပြုလုပ်ပြီး မိတ်ဖက် ကုမ္ပဏီတွေရဲ့ အမှတ်တံဆိပ် နာမည်ကောင်းတည်ဆောက်ရာမှာလည်း ကူညီပံ့ပိုးပေးနေပါတယ်။

အနှစ်ချုပ်အနေနဲ့ ဆိုရရင် အောင်အောင်မြင်မြင် တည်ဆောက်ထားနိုင်တဲ့ အမှတ်တံဆိပ်တစ်ခုကြောင့် သင့်စီးပွားရေးမှာ အကျိုးရလဒ်ကောင်းတွေလည်း ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ Branding ကို ကောင်းမွန်စွာ တည်ဆောက်ထားခြင်းအားဖြင့် မိမိကုမ္ပဏီက ရေရှည်ရပ်တည်လာနိုင်ဖို့ အပြန်အလှန် ပြောဆိုဆက်သွယ်ခြင်းတွေမှာ ဆက်လက်အောင်မြင်သွားပါတယ်။

ဈေးနှုန်းကိုလည်း ကုမ္ပဏီအတွက် အမြတ်များများကျန်နိုင်မယ့် ဈေးနှုန်းတစ်ခု သတ်မှတ်လို့ရသွားပါတယ်။ အောင်မြင်နေတဲ့ အမှတ်တံဆိပ်ကို စပွန်ဆာပေးလိုသူတွေ၊ ပူးပေါင်းလုပ်ဆောင်လိုသူတွေလည်း များပြားလာတာက Branding ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။  ဒါကြောင့်မို့လို့ စီးပွားရေးလုပ်ငန်းတိုင်းမှာ Branding ဟာ အသက်တမျှ အရေးပါတာမို့ ကုမ္ပဏီလုပ်ငန်းကြီးတွေ သာမက SME လုပ်ငန်းလေးတွေအထိပါ Branding ကို နည်းဗျူဟာတွေ ချမှတ်ပြီး အရေးစိုက်လုပ်ဆောင်သင့် ပါတယ်။