12th April, 2019

ဘယ်လိုအဝတ်အစားက အလုပ်အင်တာဗျူးအတွက် အသင့်တော်ဆုံးလဲ

အလုပ်အင်တာဗျူးသွားတဲ့အခါမှာ ဘယ်အဝတ်အစားဝတ်သွားရင်ကောင်းမလဲဆိုပြီးတော့ အမြဲစဉ်းစားရတယ် မဟုတ်လား။ ဘယ်လိုဝတ်စားဆင်ယင်မှုမျိုးက အကောင်းဆုံးဖြစ်မလဲ။ ဘယ်လိုအဝတ်အစားက အကောင်းဆုံးဖြစ်မလဲဆိုတာကလည်း အင်တာဗျူးသွားမယ့်အလုပ်နဲ့ ကုမ္ပဏီအပေါ်မှာမူတည်ပြီးတော့ ရွေးချယ်မှုတွေကပြောင်းလဲနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်အင်တာဗျူးမှာ အလုပ်ရှင်ရဲ့သဘောကျနှစ်သက်မှုကို အမြဲလိုချင်ကြပါတယ်။

အဲဒါကြောင့် အလုပ်အင်တာဗျူးသွားတဲ့အခါမှာ အလုပ်ရှင်ရဲ့အထင်ကြီးလေးစားမှုကိုရအောင် ကိုယ်ရဲ့အလုပ်နဲ့ကိုက်ညီမယ့် ဘယ်လိုအဝတ်အစားကို ရွေးချယ်ဝတ်ဆင်သင့်တယ်၊ ဘယ်လိုတွေကိုတော့ မပြုလုပ်သင့်ဘူးဆိုတဲ့ အောင်မြင်မှုအတွက် ဝတ်စားဆင်ယင်မှုအကြံအဉာဏ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အလုပ်နဲ့ကိုက်ညီမယ့် အဝတ်အစားကိုရွေးချယ်ပါ

အများစုတွေးကြတဲ့အရာကတော့ အင်တာဗျူးဆိုရင်မြန်မာအကျပဲဝတ်တာကောင်းတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ အရင်ဆုံးလုပ်ရမှာက ကိုယ်လျှောက်တဲ့အလုပ်၊ ကုမ္ပဏီအဖွဲ့အစည်းနဲ့ကိုက်ညီသင့်တော်မယ့် အဝတ်အစားကိုစဉ်းစားသင့်ပါတယ်။

တကယ်တော့ အလုပ်ခေါ်ယူနေတဲ့သူတွေဟာ အလုပ်လျှောက်တဲ့သူတွေရဲ့ အရည်အချင်းတွေနဲ့ အတွေ့အကြုံတွေကို သူတို့ရဲ့ CV ကိုဖတ်ပြီးကတည်းက သိထားပြီးသားပါ။ ဒါပေမဲ့ သူတို့ကို ဘာဖြစ်လို့ အင်တာဗျူးခေါ်တာလဲဆိုတာက ဒီကုမ္ပဏီနဲ့ပတ်သက်ပြီး ဒါမှမဟုတ် ဒီအင်တာဗျူးနဲ့ပတ်သက်ပြီး သူတို့ဘယ်လောက်တောင် အလေးထားပြီး ပြင်ဆင်ထားသလဲဆိုတာကို အမြင်နဲ့ဆုံးဖြတ်ချင်လို့ပါ။ တစ်ခါတလေမှာ သူတို့ရဲ့ဝတ်စားဆင်ယင်မှုက ဒီအလုပ်နဲ့ပတ်သက်ပြီး ဘယ်လောက်ပြင်ဆင်ထားတယ်ဆိုတာကို ထင်ဟပ်နေစေတယ်။ ဥပမာပြောရမယ်ဆိုရင် နည်းပညာကုမ္ပဏီတစ်ခုမှာ Sales အပိုင်း ဒါမှမဟုတ် Business Development အပိုင်းနဲ့ အင်တာဗျူးသွားမယ်ဆိုရင် Professional ဆန်ပြီး ခေတ်မီတဲ့ပုံစံကိုဖြစ်စေတဲ့ဝတ်စုံကို ဝတ်ထားတဲ့သူကို ပိုသဘောကျကောင်းကျပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပညာကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့် ခေတ်မီပြီး ဖျတ်လတ်တက်ကြွနေတဲ့ပုံစံကို ပိုပြီးနှစ်သက်တတ်ပါတယ်။ နောက်ပြီး Sales တို့ Business Development တို့ဆိုတာ ကုမ္ပဏီကိုကိုယ်စားပြုပြီး ဖောက်သည်တွေနဲ့တွေ့ဆုံရတဲ့အတွက် Professional ကျကျ ဝတ်စားဆင်ယင်တတ်မှုကိုလည်း ကြည့်တတ်ပါတယ်။

ဒါပေမဲ့ ဘဏ်လုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ အစရှိတဲ့နေရာတွေမှာ အင်တာဗျူးသွားရင်တော့ မြန်မာအင်္ကျီကသင့်တော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက  ဘဏ်လုပ်ငန်းတွေနဲ့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းအများစုမှာ မြန်မာဝတ်စုံကိုယူနီဖောင်းအဖြစ် သတ်မှတ်ထားကြပါတယ်။ အဓိကကတော့ အင်တာဗျူးသွားတဲ့အခါမှာ ကိုယ်လျှောက်ထားတဲ့အလုပ်၊ ကုမ္ပဏီနဲ့ သင့်တော်လိုက်ဖက်မယ့်အဝတ်အစားကို သပ်သပ်ရပ်ရပ်စမတ်ကျကျနဲ့ ဝတ်စားသင့်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ အရောင်အရမ်းတောက်တောက်ပြောင်ပြောင်ကြီးတွေကို ဝတ်တာလည်း ရှောင်သင့်ပါတယ်။ ဒီထက်ပိုပြီး အင်တာဗျူးမှာ ဘယ်လိုစမတ်ကျကျ ဝတ်သင့်သလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်

မျက်နှာကိုဘယ်လိုပြင်ဆင်ခြယ်သသင့်သလဲ

ဒါကတော့ မိန်းကလေးတွေအတွက် အရေးကြီးပါတယ်။ အင်တာဗျူးသွားတဲ့အခါမှာ ကြည့်ကောင်းအောင်တော့ပြင်ဆင်ရမှာပါ။ ဒါပေမဲ့ မိတ်ကပ်တွေအများကြီးတော့ မလိမ်းပါနဲ့။ ကိုယ့်ရဲ့အသားရောင်နဲ့တသားတည်းကျမယ့် မိတ်ကပ်အရောင်ကိုရွေးချယ်ပြီး သင့်တော်ရုံလောက်ပဲ ပြင်ဆင်ပါ။ မျက်တောင်အတုတွေ ဒါမှမဟုတ် မျက်တောင်ကော့ဆေးတွေအများကြီးသုံးပြီး မျက်လုံးကိုလည်း အရမ်းအရောင်တောက်တောက်တွေမခြယ်တာာတွေ မပြုလုပ်ပါနဲ့။ နှုတ်ခမ်းနီရောင်ကိုလည်း သဘာဝအတိုင်းထွက်စေတဲ့ အရောင်ငြိမ်ငြိမ်တွေကို သုံးသင့်ပါတယ်။ ဒါပေမဲ့ ကိုယ်က မိတ်ကပ်ပညာရှင်၊ လေယာဉ်မယ် ဒါမှမဟုတ် ရုပ်ရှင်အနုပညာနဲ့ပတ်သက်တဲ့ အလုပ်တစ်ခုခုအတွက် အင်တာဗျူးသွားရမယ်ဆိုရင်တော့ လိုအပ်ရင် ပြုလုပ်ရပါမယ်။

ပြောရမယ်ဆိုရင်တော့ အလုပ်အင်တာဗျူးဆိုတာဟာ အလုပ်ခေါ်ယူသူနဲ့တိုက်ရိုက်တွေ့ဆုံပြီး ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို သူသဘောကျအောင်ပြုလုပ်ရမယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် အလုပ်အင်တာဗျူးတစ်ခုကို သွားတော့မယ်ဆိုရင် ကိုယ်ဟာဒီအင်တာဗျူးအတွက် သေချာပြင်ဆင်လာကြောင်းနဲ့ ဒီအလုပ်ကိုအလေးထားတဲ့ပုံပေါ်အောင် သေချာပြင်ဆင်သွားပါ။ အဓိကတော့ သပ်သပ်ရပ်ရပ် စမတ်ကျကျနဲ့ Professional ဖြစ်တဲ့ပုံစံဖြစ်အောင် ပြင်ဆင်ဖို့ပါပဲ။ ဒီထက်ပိုပြီး အလုပ်အင်တာဗျူးမှာ ဘာတွေပြုလုပ်သင့်တယ် မပြုလုပ်သင့်ဘူးဆိုတဲ့ အကြောင်းတွေကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်