11th January, 2019

အင်တာဗျူးမှာ ပြုလုပ်မိလေ့ရှိတဲ့ ကိုယ်ဟန်နေထားအမှားများ

အလုပ်အင်တာဗျူးဆိုတာဟာ အလုပ်ခန့်မယ့်သူတွေ ကိုယ့်ကိုမြင်မြင်ချင်းသဘောကျလက်ခံသွားအောင် စွဲဆောင်နိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အင်တာဗျူးမေးမယ့်သူတွေ ကိုယ့်ကိုသဘောကျသွားအောင် စွဲဆောင်မယ်ဆိုရင်တော့ အင်တာဗျူးမေးခွန်းတိုင်းကို သဘောကျစိတ်ဝင်စားလာအောင်ဖြေဆိုနိုင်ဖို့အပြင် ကိုယ်အမူအရာတွေကလည်း အရမ်းကိုအရေးကြီးပါတယ်။ လူတွေရဲ့ထုံးစံအရ တစ်ယောက်ယောက်ကိုစစတွေ့တွေ့ချင်း စကားစမပြောမီမှာ အဲဒီလူရဲ့ကိုယ်နေဟန်ပန်နဲ့ အပြင်ပန်းပုံစံကိုကြည့်ပြီး အနည်းနဲ့အများဆုံးဖြတ်တတ် ကြပါတယ်။

အဲဒါကြောင့် အလုပ်အင်တာဗျူးမှာ မထင်မှတ်ဘဲပြုလုပ်မိတဲ့ ကိုယ်ဟန်အနေအထားအမှားတွေက ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းကြီးတစ်ခုလုံး ဆုံးရှုံးသွားနိုင်တာကြောင့် အဲဒီအမှားတွေကို ဘယ်လိုမျိုးပြုပြင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

နှုတ်ဆက်ပုံမှားယွင်းတဲ့အခါ

အင်တာဗျူးဖြေမယ့်သူနဲ့ စစချင်းတွေ့တဲ့အချိန်မှာ အ၀တ်အစားကိုပြင်နေတာတွေ၊ လက်ထဲမှာ ဦးထုပ်၊ ကုတ်အင်္ကျီ၊ ဖိုင်၊ အိတ်စတဲ့ပစ္စည်းတွေအများကြီး မနိုင်မနင်းကိုင်ထားပြီး လက်ဆွဲနှုတ်ဆက်လို့ မရလောက်အောင်ကို ရှုပ်ယှက်ခပ်နေတာမျိုးတွေ မဖြစ်ပါစေနဲ့။ ဒါဟာ အလုပ်အင်တာဗျူးကို အိုးနင်းခွက်နင်းနဲ့ရောက်လာတဲ့ပုံစံမျိုး ဖြစ်နေစေပါတယ်။

တကယ်လို့ အိတ်တွေ ဖိုင်တွေ စတဲ့ပစ္စည်းတွေကိုကိုင်လာခဲ့ရင်လည်း တစ်ဖက်ထဲမှာကိုင်ထားပြီး ညာဘက်လက်ကိုတော့ လက်ဆွဲနှုတ်ဆက်နိုင်အောင် လုပ်ထားပါ။ နှုတ်ဆက်တဲ့အခါမှာလည်း အခြေခံကျတဲ့အချက် ၃ ချက်ကိုမှတ်ထားပါ။ အဲဒီအချက် ၃ ချက်ကတော့ လက်ဆွဲနှုတ်ဆက်ပါ။ မျက်လုံးချင်းဆုံအောင် ကြိုးစားပါ။ နောက်ဆုံးတစ်ချက်ကတော့ ပြုံးပါ။

လက်ဆွဲနှုတ်ဆက်ခြင်းဟာ လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းလို့ရလောက်အောင်ကို အရမ်းကိုအရေးပါပါတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ လျော့တိလျော့ရဲ့နဲ့လက်ဆွဲနှုတ်ဆက်ရင်တော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတဲ့သူနဲ့ သိမ်ငယ်စိတ်ရှိတဲ့သူလို့ ထင်စေပြီး၊ အတင်းအကြပ်ဆုပ်ကိုင်ပြီး လက်ဆွဲနှုတ်ဆက်ရင်တော့ သူတစ်ပါးကို အလေးအနက်မထားတဲ့သူလို့ ထင်မြင်စေပါတယ်။ ဖြစ်စေပါတယ်။ အဲဒါကြောင့် လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ အရမ်းကြီးမတင်းလွန်း မလျော့လွန်းဘဲနဲ့ ပုံမှန်လေးပဲကိုင်ပြီး လက်ဆွဲနှုတ်ဆက်ပါ။

 

ထိုင်နေတဲ့ပုံစံ စနစ်မကျတဲ့အခါ

ထိုင်ခုံမှာထိုင်တဲ့အခါမှာလည်း နောက်ကိုမှီပြီး လျော့တိလျော့ရဲထိုင်တဲ့ပုံစံဟာ အင်တာဗျူးမေးနေတဲ့သူတွေပြောနေတာကို စိတ်မ၀င်စားတဲ့ပုံစံဖြစ်စေပြီး၊ ခန္ဓာကိုယ်ကိုအရှေ့ကိုင်းပြီး ထိုင်နေရင်တော့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိတဲ့သူလို့ ထင်မြင်စေပါတယ်။ လက်ပိုက်ပြီးထိုင်နေရင်တော့ မဖော်ရွေတဲ့သူ ကိုယ့်ကိုကိုယ်အရမ်းကာကွယ်လွန်းတဲ့သူလို့ ထင်မြင်စေပါတယ်။ အနောက်ကိုမှီပြီး ခြေထောက်ချိတ်ထိုင်တဲ့ပုံစံကတော့ မာနကြီးလွန်းတဲ့ပုံလို့ ထင်မြင်စေပါတယ်။

အဲဒါကြောင့် အင်တာဗျူးမေးမယ့်သူက ထိုင်ပါလို့ပြောတဲ့အချိန် ထိုင်ခုံမှာထိုင်တဲ့အခါမှာ ထိုင်ခုံအလယ်တည့်တည့်မှာ ခါးမတ်မတ်ထိုင်ပါ။ ခြေထောက်နှစ်ချောင်းကို ချိတ်ထိုင်တာထက် ခြေချင်းဝတ်နှစ်ခုကိုချိတ်ထိုင်တာက ဒါမှမဟုတ် ဒီအတိုင်းချပြီးထိုင်တာကပိုကောင်းပါတယ်။ လက်ကိုတော့ အရှေ့မှာစားပွဲရှိရင် စားပွဲပေါ်ကိုတင်ထားတာ ဒါမှမဟုတ် ပေါင်ပေါ်တင်ထားလိုက်ပါ။

နောက်ထပ် အင်တာဗျူးဖြေတဲ့သူတွေရဲ့ စိတ်ရှုပ်စရာကောင်းတဲ့အမူအရာတွေကတော့ လက်နဲ့ဆံပင်ကိုကိုင်နေတာတွေ၊ လက်သည်းတွေကို ကုတ်ဖဲ့နေတာတွေ၊ ခြေထောက်လှုပ်ပြီးထိုင်နေတာတွေနဲ့ ဆုံလည်ကုလားထိုင်မှာ ထိုင်နေတာဆိုရင်လည်း ကုလားထိုင်ကိုလှည့်ပြီးထိုင်နေတာတွေပဲ ဖြစ်ပါတယ်။

 

အင်တာဗျူးဖြေနေချိန်မှာ စိတ်ဝင်စားမှုရှိပါစေ

အင်တာဗျူးမေးတဲ့သူနဲ့ စကားပြောဆိုချိန်မှာလည်း အောက်ကိုငုံကြည့်တာတို့၊ အပြင်ပြတင်းပေါက်ကိုကြည့်တာတို့၊ နံရံတွေကိုလျှောက်ကြည့်တာတို့ကို မလုပ်မိပါစေနဲ့။ အဲဒါကလည်း အင်တာဗျူးဖြေဆိုတာကို စိတ်မ၀င်စားတဲ့ပုံစံဖြစ်စေပါတယ်။ စကားပြောနေတဲ့အချိန်မှာ မျက်လုံးချင်းဆုံနိုင်အောင်လည်း ကြိုးစားပါ။

နောက်တစ်ချက်ကတော့ ပြီးပြီလို့မပြောမချင်း မပြီးသေးပါဘူး။ အဲဒါကြောင့် အင်တာဗျူးမေးတဲ့သူက နှုတ်ဆက်စကားမပြောမချင်း ကိုယ့်ဘက်ကအရင်စပြီး နှုတ်ဆက်စကားမပြောပါနဲ့။ သူတို့ပြီးပြီဆိုမှ ပြန်ဖို့ပြင်ဆင်ပါ။ နောက်ဆုံးတစ်ချက်ကတော့ ပြန်ပြီဆိုရင်လည်း ချက်ချင်းထပြန်ဖို့ မကြိုးစားပါနဲ့။ နှုတ်ဆက်စကားပြောပြီး လက်ဆွဲနှုတ်ဆက်ခဲ့ဖို့ မမေ့ပါနဲ့။

အလုပ်အင်တာဗျူးမှာ ဘယ်လိုမျိုးစမတ်ကျကျဝတ်စားပြီး အင်တာဗျူးမေးမယ့်သူတွေကို သဘောကျအောင်ပြုလုပ်မလဲဆိုတာကို သိချင်ရင်တော့ ဒီနေရာမှာလည်း ဆက်လက်ဖတ်ရှုနိုင်ပါတယ်။